ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် video တွေကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားပါ။


Dr. Ye

-နေရောင်ခြည်ကောင်းကောင်းရရဲ့သားနဲ့ Vitamin D ဘာကြောင့် ချို့တဲ့နေရတာလဲ?

- ဗီတာမင် D( vitamin D) ချို့တဲ့ခြင်းဆိုတာ မြန်မာနိုင်ငံလို နေရောင်ခြည်ကောင်းကောင်း ရရှိတဲ့နိုင်ငံမှာ ဖြစ်ခဲလှတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
- ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဗီတာမင် D ချို့တဲ့တဲ့လူနာတွေ တွေ့လာရပါတယ်။ Facebook ပေါ်မှာလည်း ဗီတာမင်D ချို့တဲ့ခြင်းဝေဒနာ ခံစားနေရသူတွေ post တွေရေးတင်နေကြတာ တွေ့လာရပါတယ်။
- ဒါဆို နေ့စဉ်ပုံမှန် နေရောင်ခြည် ကောင်းကောင်းရနေတဲ့မြန်မာနိုင်ငံမှာတောင် Vitamin D ချို့တဲ့သူတွေ တဖြည်းဖြည်း များလာတာ ဘာကြောင့်လဲ???
- ဘာကြောင့် ဒီလိုဖြစ်ရတာလဲ???

- ဒီနေ့တော့ ဗီတာမင် D အကြောင်း၊ ဘာကြောင့်အရေးကြီးလဲ၊ ဘာကြောင့် ချို့တဲ့နေရလဲ၊ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ရိုးရှင်းလွယ်ကူစွာ ရှင်းပြပေးပါမယ်။

-Vitamin D ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ?

- ဗီတာမင် D ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့
* အရိုးတွေ သန်မာဖို့အတွက် Calcium နဲ့ Phosphorus စုပ်ယူရာမှာ မရှိမဖြစ်လိုအပ်တယ်။
* ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းညှိပေးတယ်။
* စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

* Vitamin D ကို "နေရောင်ခြည် ဗီတာမင်" လို့လည်း ခေါ်ပါတယ်။ အဓိကအားဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကနေ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိပါတယ်( ပုံမှန်ဆိုရင် လူအများစုက အသားမဲမှာ၊ညိုမှာကြောက်ပြီး နေရောင်ခြည်ထဲ သိပ်ပြီးထွက်လေ့မရှိကြပါဘူး)။ ကျွန်တော်တို့ နေ့စဉ်ပုံမှန်စားနေတဲ့ အစားအသောက်တွေကနေလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။

- ဒါဆိုရင်နေရောင်ခြည်က လုံလောက်ရဲ့သားနဲ့ Vitamin D ဘာကြောင့် ချို့တဲ့နေရတာလဲ?
- အဓိကအချက် (၃)ချက်ရှိပါတယ်။
1. လူနေမှုပုံစံပြောင်းလဲလာခြင်း: အရင်လို နေရောင်ခြည်ထဲမှာ သွားလာရှုပ်ရှားမှုတွေ နည်းပါးလာပြီး အဲယားကွန်းခန်းတွေ၊ ရုံးခန်းတွေထဲမှာ အလုပ်လုပ်ရတဲ့သူ များလာပါတယ်။ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း၊မနက်ကနေညနေအထိ ရုံးခန်းထဲမှာပဲ အလုပ်လုပ်ရတယ် စတဲ့အကြောင်းတွေကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု အလွန်နည်းသွားတယ်။
2. နေရောင်ခြည်ကို ရှောင်ခြင်း: အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် နေလောင်ခံကာကွယ်ဆေး (sunscreen) တွေ လိမ်းတာ၊ နေပူထဲ မထွက်အောင် ရှောင်တာ၊ နေပူထဲထွက်တဲ့အခါ အဝတ်အစားကို ထူထူထဲထဲနဲ့ လုံခြုံနေအောင် ဝတ်ထားတာ ( hoodie နဲ့ ဘောင်းဘီရှည်၊ စကပ်ရှည်တွေ ရွေးဝတ်ကြတာ) စတာတွေဟာ ဗီတာမင် D ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချစေပါတယ်။
3. အာဟာရ မပြည့်ဝခြင်း: ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာ (ဥပမာ- ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကြက်ဥ ဘဲဥအနှစ်၊ နို့အမျိုးမျိုး၊ ဖျော်ရည်များ) တွေကို ပုံမှန်စားသုံးမှု နည်းပါးခြင်း။ စတဲ့အချက်တွေကြောင့် ဗီတာမင် D ချို့တဲ့နေရခြင်း ဖြစ်ပါတယ်။

- Vitamin D ချို့တဲ့နေပြီဆိုရင် ဘယ်လို လက္ခဏာတွေ ပြတတ်လဲ?
အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင် သင့်ရဲ့ Vitamin D ပမာဏကို ဆန်းစစ်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။
* မကြာခဏ မောပန်းနွမ်းနယ်နေတာ
* အရိုးနဲ့ ကြွက်သားတွေ နာကျင်နေတာ
* ဆံပင်ကျွတ်တာ (အကြောင်းရင်းမရှိဘဲ)
* စိတ်ခံစားမှု မတည်ငြိမ်တာ၊ စိတ်ဓာတ်ကျလွယ်တာ
* ရောဂါပိုးဝင်လွယ်ပြီး ဖျားနာလွယ်တာ

- ဘယ်လိုကာကွယ်ရမလဲ?
1. နေရောင်ခြည်နှင့် ထိတွေ့ခြင်း: အရေပြားကျန်းမာရေးအတွက် Sunscreen တွေလိမ်းတာ၊ နေရောင်ကာကွယ်ပေးမယ့် အဝတ်အစားတွေပုံမှန်ဝတ်သင့်တာ မှန်ပေမယ့် နေရောင်ခြည်နဲ့လည်း ထိတွေ့ပေးဖို့လိုအပ်ပါတယ်။ မနက် (၈-၁၀) နာရီ သို့မဟုတ် ညနေ (၄-၅) နာရီကြားမှာ ၁၅-၃၀ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
2. Vitamin D ကြွယ်ဝသော အစားအစာများ စားသုံးခြင်း: ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းကဲ့သို့သော အဆီများတဲ့ ငါးများ၊ ကြက်ဥ ဘဲဥအနှစ်၊ မှို၊ ဗီတာမင် D အားဖြည့်ထားတဲ့ နို့နှင့် ဖျော်ရည်များ စားသုံးပါ။
3. ဆေးမှီဝဲခြင်း (ဖြည့်စွက်ဆေး): ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက Vitamin D ဖြည့်စွက်ဆေးများ မှီဝဲပါ။

- ဗီတာမင် D ချို့တဲ့တယ်ဆိုတာ တချို့တွေအတွက် ရယ်စရာဟာသ ဖြစ်နေနိုင်ပေမယ့် တကယ်ခံစားရတဲ့သူတွေမှာတော့ မလွယ်ကူလှပါဘူး။ ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက် ဗီတာမင် D ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အထက်ပါ အချက်တွေကို လိုက်နာပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

- ဒီအကြောင်းအရာဟာ ကျန်းမာရေးဗဟုသုအတွက်သာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက ဆရာဝန်နဲ့ တိုက်ရိုက်တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုလိုပါတယ်။

- ဒီပို့စ်လေးက အသုံးဝင်တယ်ဆိုရင် like & share လုပ်ပြီး သူငယ်ချင်းတွေကိုပါ မျှဝေပေးဖို့ မမေ့နဲ့နော်။ ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေအတွက် ကျွန်တော့်ရဲ့ Facebook Page ကို Follow လုပ်ထားဖို့ပြောချင်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#DrYe #ဒေါက်တာရဲ #ကျန်းမာရေးဗဟုသုတ #VitaminD #ဗီတာမင်D #ကျန်းမာရေး #နေရောင်ခြည်ဗီတာမင် #VitaminDချို့တဲ့ခြင်း #MyanmarHealth

1 month ago | [YT] | 86

Dr. Ye

#သင်နေ့စဉ်စားသုံးနေတဲ့ ဒီအစားအစာတွေက အသည်းကိုပျက်စီးစေနိုင်တယ်ဆိုတာ သိပြီးပြီလား?

-မင်္ဂလာပါခင်ဗျာ။ ကျွန်တော် ဒေါက်တာရဲ ပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ အသည်းကို တိတ်တဆိတ် ထိခိုက်ပျက်စီးစေနိုင်တဲ့၊ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေအကြောင်း မျှဝေပေးချင်ပါတယ်။ အသည်းကို ထိခိုက်စေတဲ့အစားအစာတွေအကြောင်းမပြောခင်၊ အသည်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ အရင်ဆုံး ရှင်းပြချင်ပါတယ်။

-အသည်းကို ခန္ဓာကိုယ်ရဲ့ "စူပါကွန်ပျူတာ" ဒါမှမဟုတ် "အကြီးဆုံး ဓာတ်ခွဲခန်း" လို့ တင်စားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသည်းက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာပေါင်း (၅၀၀) ကျော်ကို နေ့စဉ်မရပ်မနား လုပ်ဆောင်ပေးနေလို့ပဲဖြစ်ပါတယ်။ အဓိက လုပ်ငန်းဆောင်တာတွေကတော့ -
* အဆိပ်အတောက်စစ်ထုတ်ခြင်း : ကျွန်တော်တို့ သောက်လိုက်တဲ့ ဆေးဝါးတွေ၊ အရက်ဘီယာတွေနဲ့ အစားအသောက်တွေထဲက အဆိပ်အတောက်တွေကို သွေးထဲကနေ စစ်ထုတ်ပြီး ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးပါတယ်။

* အာဟာရဓာတ်ချေဖျက်ခြင်း : စားလိုက်တဲ့ အစားအစာတွေကနေရရှိတဲ့ ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ပရိုတင်းဓာတ်တွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။

* သည်းခြေရည်ထုတ်လုပ်ခြင်း : ကျွန်တော်တို့စားလိုက်တဲ့ အစားအစာထဲက အဆီတွေကို ချေဖျက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ "သည်းခြေရည်" ကို ထုတ်လုပ်ပေးပါတယ်။
* ပရိုတင်းဓာတ်များထုတ်လုပ်ခြင်း : သွေးခဲစေတဲ့ ပရိုတင်းဓာတ်တွေ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါကာကွယ်ဖို့အတွက် လိုအပ်တဲ့ ပရိုတင်းအမျိုးမျိုးကို ထုတ်လုပ်ပေးပါတယ်။
* သိုလှောင်ခြင်း : သံဓာတ်၊ ဗီတာမင် A, D, E, K နဲ့ B12 လို အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်ဖို့အတွက် သိုလှောင်ပေးထားပါတယ်။
ဒီလိုအရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ရဲ့`အသည်း’ ကျန်းမာနေဖို့ သိပ်အရေးကြီးပါတယ်။
လူတော်တော်များများက အရက်တစ်ခုတည်းကသာ အသည်းကိုပျက်စီးစေတယ်လို့ ထင်နေကြပေမယ့်၊ တကယ်တမ်းမှာတော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ တခြားအစားအစာတွေကလည်း အသည်းကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေနိုင်ပါတယ်။

## ဒါဆို ဘယ်လိုအစားအစာတွေက အသည်းကို ထိခိုက်စေတာလဲ?
၁။ အချိုလွန်ကဲတဲ့ အစားအစာနဲ့ အချိုရည်များ -သကြားလုံး၊ ကိတ်မုန့်၊ ဘီစကစ်၊ အချိုရည်ဗူးတွေနဲ့ ဆိုဒါပါတဲ့အဖျော်ယမကာတွေဟာ အသည်းရဲ့ နံပါတ်တစ် ရန်သူတော်ပါပဲ။
-ကျွန်တော်တို့ စားလိုက်တဲ့ သကြားဓာတ်(glucose)တွေကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုပါတယ်။ အသုံးပြုပြီး ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အသည်းက အဆီအဖြစ်ပြောင်းလဲ သိုလှောင်ပေးထားရပါတယ်။ အချိုတွေ အများကြီးစားတဲ့အခါ အသည်းမှာ အဆီတွေစုပုံလာပြီး "အသည်းအဆီဖုံးရောဂါ (Non-alcoholic fatty liver disease)" ကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကြာလာရင် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။

၂။ အဆီများတဲ့ အကြော်အလှော်များနဲ့ Fast Food များ -အာလူးကြော်၊ ကြက်ကြော်၊ ဟမ်ဘာဂါလို Fast Food တွေမှာ ပြည့်ဝဆီ (Saturated Fat) နဲ့ Trans Fat တွေ အများကြီးပါဝင်ပါတယ်။ ဒီအဆီတွေက အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ဝန်ပိစေပြီး အသည်းရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်၊ အသည်းမှာ အဆီတွေ စုပုံလာစေတတ်ပါတယ်။

၃။ ပြုပြင်ထားတဲ့ အသားများ (Processed Meats) -ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဘေကွန်၊ အသားပြားတွေဟာ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့အတွက် ဆားဓာတ်နဲ့ တာရှည်ခံဓာတုပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ဒီအရာတွေက အသည်းရဲ့ အဆိပ်အတောက်စစ်ထုတ်တဲ့ လုပ်ငန်းကို ပိုမိုခက်ခဲစေပြီး အသည်းကို ပျက်စီးစေပါတယ်။

၄။ ဆား (ဆိုဒီယမ်) များတဲ့ အစားအစာများ -အသင့်စားခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ အာလူးကြော်ထုတ်တွေလို ဆားပါဝင်မှုများတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ ရေဓာတ်ကို ပိုမိုစုပုံလာစေပြီး သွေးတိုးစေနိုင်ပါတယ်။ ဒါဟာ အသည်းကို သွယ်ဝိုက်သောနည်းလမ်းနဲ့ ပျက်စီးစေနိုင်ပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

၅။ အရက် ၊ ဘီယာ - ဒါကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ အရက်ဟာ အသည်းဆဲလ်တွေကို တိုက်ရိုက်ဖျက်ဆီးနိုင်တဲ့ အဓိကတရားခံပါ။ ပမာဏများများနဲ့ ရေရှည်သောက်သုံးခြင်းက အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းကနေ အသည်းခြောက်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

၆။ Refined Carbohydrates- ပေါင်မုန့်အဖြူ၊ ထမင်းဖြူ၊ ခေါက်ဆွဲဖြူတွေဟာ အမျှင်ဓာတ်နည်းပါးပြီး သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြင့်တက်နိုင်တာကြောင့် အသည်းမှာ အဆီပိုတွေ စုပုံလာဖို့ တွန်းအားပေးပါတယ်။ ဒါကြောင့် ဆန်လုံးညို၊ ပေါင်မုန့်ညိုလို အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ပြောင်းလဲစားသုံးသင့်ပါတယ်။

### နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ရဲ့ အသည်းဟာ အသံတိတ်လုပ်သားတစ်ယောက်လိုပါပဲ။ မပျက်စီးမချင်း ရောဂါလက္ခဏာ သိပ်မပြတတ်ပါဘူး။
- ဒါကြောင့် ကျွန်တော်တို့ရဲ့အသည်း ကျန်းမာနေစေဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သလောက်လျှော့ချပြီး၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ဦးစားပေးစားသုံးခြင်းဖြင့် ကျန်းမာတဲ့အသည်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သိလိုတဲ့မေးခွန်းများရှိရင် Comment မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဒီစာလေးက အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေကို Share လုပ်ပေးဖို့ မမေ့နဲ့နော်။ ❤️

အားလုံးပဲ ကျန်းမာကြပါစေခင်ဗျာ
ဒေါက်တာရဲ။

#DrYeHealthEducation
#LiverHealth
#LiverFunction
#HealthyEating
#FoodsToAvoid
#FattyLiver
#အသည်းကျန်းမာရေး
#အသည်းကိုထိခိုက်ပျက်စီးစေတဲ့
#ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

1 month ago | [YT] | 75

Dr. Ye

-ငါးပိ၊ငါးခြောက် ကြိုက်သူများအတွက် မဖိတ်ခေါ်ဘဲ ရောက်လာမယ့် အန္တရာယ်

#ငါးပိရည်နဲ့ တို့စရာရှိရင်_ထမင်းစားလို့ရပြီ-ဟင်းမလိုဘူး။
#ငါးပိရည်လေးနဲ့ထမင်းနဲ့_နယ်စားလိုက်ရရင်တော့ဖြင့်…..

- ငါးပိ၊ ငါးခြောက်ဆိုတာ ကျွန်တော်တို့ မြန်မာတွေ တော်တော်များများ ကြိုက်ကြတဲ့ အစားအစာဖြစ်ပါတယ်။
ဒီနေ့ မှာတော့ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ်၊ အသည်းစွဲဖြစ်နေတဲ့ "ငါးပိ" နဲ့ "ငါးခြောက်" အကြောင်း ဆေးပညာရှုထောင့်ကနေ နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ စားလိုက်ရင် ထမင်းမြိန်စေပေမယ့် သူ့နောက်ကွယ်မှာ ဘာကျန်းမာရေးအန္တရာယ်တွေ ရှိနေနိုင်လဲဆိုတာ သိထားဖို့ အရမ်းအရေးကြီးပါတယ်။

- [x] ငါးပိ၊ ငါးခြောက် ဘာကြောင့် အန္တရာယ်ရှိနိုင်တာလဲ?
- ငါးပိ၊ ငါးခြောက်ကို ပြုလုပ်တဲ့အခါမှာ ကြာရှည်ခံအောင် "ဆား" ပမာဏ အများကြီးသုံးရပါတယ်။ ဒီဆားဓာတ် (ဆိုဒီယမ်) လွန်ကဲမှုကပဲ အဓိက ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
၁။ သွေးတိုးရောဂါ
လေ့လာမှုတွေအရ ဆိုဒီယမ် (ဆား) အများကြီး စားသုံးခြင်းဟာ သွေးတိုးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် (၂၅)နှစ်အထက် လူ (၄) ယောက်မှာ တစ်ယောက်က သွေးတိုးရောဂါရှိနေတယ်ဆိုတဲ့ စစ်တမ်းတွေရှိနေပါတယ်။ သွေးတိုးရောဂါဟာ "အသံတိတ် လူသတ်သမား" လို့တင်စားရလောက်အောင် လက္ခဏာသိပ်ပြလေ့မရှိဘဲ လေဖြတ်ခြင်း၊ နှလုံးပျက်စီးခြင်း (Heart Failure) ၊ ကျောက်ကပ်ပျက်စီးခြင်းတွေကို ဖြစ်စေတတ်ကာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ငါးပိ၊ ငါးခြောက်တွေ စားသုံးခြင်းက သွေးတိုးရောဂါ ဖြစ်လာစေနိုင်လို့ သတိနဲ့စားစေချင်ပါတယ်။

၂။ ကျောက်ကပ်ရောဂါများ
ကျောက်ကပ်ရဲ့အဓိကတာဝန်က ခန္ဓာကိုယ်ကမလိုအပ်တဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့နဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်ဓာတ်တွေကို ညီမျှနေအောင် ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ငါးပိ၊ ငါးခြောက်တွေအလွန်အကျွံစားတဲ့အခါ ခန္ဓာကိုယ်ထဲကို ဆိုဒီယမ်ဓာတ် (ဆားဓာတ်)တွေ အများကြီး ရောက်ရှိလာပါတယ်။ ဒီအခါမှာ ကျောက်ကပ်က အလုပ်ပိုလုပ်ရပြီး ရေရှည်မှာ ကျောက်ကပ်ရဲ့ စစ်ထုတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကျောက်ကပ်အားနည်းတာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ စတဲ့အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။

၃။ နှလုံးရောဂါ၊ လေဖြတ်၊ လေငန်း ရောဂါ
ငါးပိ၊ ငါးခြောက်တွေ အစားများပြီး သွေးတိုးတာ ကြာလာတဲ့အခါမှာ နှလုံးက အလုပ်ပိုလုပ်ရပြီး နှလုံးကြွက်သားတွေထူလာမယ်( နှလုံးကြီးလာမယ်) ၊ ပင်ပန်းလာမယ်၊ နောက်ဆုံးမှာ Heart Failure (နှလုံး ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခြေအနေ ) အထိဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်၊ လေငန်း အန္တရာယ်တွေကိုပါ ကြုံတွေ့ခံစားလာရပါလိမ့်မယ်။

၄။ ငါးပိ၊ ငါးခြောက်တွေဟာ ပြုလုပ်ရောင်းချတဲ့နေရာမှာ သန့်ရှင်းမှု အားနည်းတဲ့အခါ အစာအဆိပ်သင့်တာ(ဝမ်းလျှော၊ ဝမ်းပျက်၊ အော့အန်ခြင်း) တွေ ဖြစ်လာနိုင်ပါတယ်။
တချို့မသမာတဲ့ စီးပွါးရေးသမားတွေက ငါးပိ၊ငါးခြောက်တွေကို တာရှည်ခံအောင် ဓာတုပစ္စည်း( chemicals) တွေ့ထည့်သွင်းအသုံးပြုကြတဲ့အခါ ဓာတုပစ္စည်းတွေကြောင့်လည်း ရောဂါတွေဖြစ်လာနိုင်ပါသေးတယ်။

- ဒါဆို ငါးပိ၊ငါးခြောက် လုံးဝမစားရတော့ဘူးလား?
လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ `တန်ဆေး၊ လွန်ဘေး’ ဆိုတဲ့အတိုင်းပဲ တော်သင့်ရုံ၊ သင့်တင့်ရုံ စားသုံးသင့်ပါတယ်။
- ဘေးကင်းအောင် ဘယ်လိုစားသုံးမလဲ?
* ပမာဏလျှော့ပါ: နေ့တိုင်းစားသုံးတာ၊ အလွန်အကျွံစားသုံးတာမျိုးကို ရှောင်ပါ။ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ချင့်ချိန်စားသုံးပါ။
* သေချာကျက်အောင်ချက်ပါ: ငါးပိ၊ ငါးခြောက်မှာ ပါလာနိုင်တဲ့ သံကောင်တွေ၊ ဘက်တီးရီးယားတွေကို သေစေဖို့ အပူချိန်ပြင်းပြင်းနဲ့ သေချာကျက်အောင် ချက်ပြုတ်ပါ။ ငါးပိ၊ငါးခြောက်အစိမ်းစားခြင်းကို လုံးဝရှောင်ပါ။
*ငါးပိ၊ ငါးခြောက်ဝယ်တဲ့အခါ စိတ်ချယုံကြည်ရတဲ့၊ သန့်ရှင်းသပ်ရပ်တဲ့နေရာက ဝယ်ပါ။ ယင်အုံနေတာ၊ သန့်ရှင်းမှုအားနည်းတဲ့ နေရာတွေက မဝယ်မိပါစေနဲ့။
* ဟင်းသီးဟင်းရွက်များများနဲ့ တွဲစားပါ: ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ပိုတက်စီယမ် (Potassium) ဓာတ်က ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ဆိုဒီယမ်(sodium) တွေကို ကူညီစွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ Antioxidants တွေကလည်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ဒါကြောင့် အသီးအရွက် တို့စရာ များများနဲ့ စားပေးပါ။

-နိဂုံးချုပ်အနေနဲ့ အစားအသောက်ဆိုတာ အရသာရှိဖို့အပြင် ကျန်းမာရေးနဲ့ညီညွတ်ဖို့က ပိုအရေးကြီးပါတယ်။ အထူးသဖြင့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ငါးပိ၊ ငါးခြောက်ကို အထူးသတိထား ရှောင်သင့်/လျှော့သင့်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ်စားသုံးမှုပုံစံကို ပြန်လည် သုံးသပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ခြင်းဖြင့် ရောဂါဘယတွေကနေ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိလိုသည်များရှိပါက comment မှာ မေးမြန်းနိုင်ပါတယ်။ဒီစာလေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် Share လုပ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကျန်းမာရေးအသိ မျှဝေလိုက်ပါဦး။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#DrYeHealthTips #ငါးပိ #ငါးခြောက် #ကျန်းမာရေးဗဟုသုတ #သွေးတိုး #ကျောက်ကပ် #အစားအသောက်နဲ့ကျန်းမာရေး #SaltAwareness #HealthyEatingMyanmar

1 month ago | [YT] | 66

Dr. Ye

#ဖျားတိုင်း Amoxicillin သောက်နေသလား? ဒါဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

"ဆရာရေ့... ကျွန်မသားလေးကိုယ်ပူနေလို့ Amoxicillin လေးတစ်လုံးလောက် တိုက်ထားလိုက်တယ်"
"ဖျားချင်သလိုလိုဖြစ်နေလို့ Amoxicillin ကြိုသောက်ထားတယ်ဆရာ"
ဒီလိုစကားတွေကို ကျွန်တော့်ရဲ့ ဆေးခန်းကိုလာပြတဲ့ လူနာတွေဆီကနေ နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အလွန်အဖြစ်များပြီး အလွန်အန္တရာယ်ရှိတဲ့ ကျန်းမာရေးအလွဲတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဖျားနာတဲ့အခါတိုင်း Amoxicillin သောက်နေကြတဲ့ (လွဲမှားစွာ မှတ်ယူနေကြတဲ့) အကြောင်းကို သေချာလေး ရှင်းပြပေးချင်ပါတယ်။

🤔 Amoxicillin ဆိုတာ အဖျားကျဆေးလား?
လုံးဝမဟုတ်ပါဘူး။ ❌
Amoxicillin ဆိုတာ "ပဋိဇီဝဆေး" (Antibiotic) တစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Infection) ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့အတွက်ပဲ အသုံးပြုရတာပါ။
ဥပမာ -
• ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း
• နားပြည်ယိုခြင်း
• နမိုးနီးယား (ဘက်တီးရီးယားကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ)
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း စတဲ့ရောဂါတွေမှာ ဆရာဝန်ရဲ့ညွှန်ကြားမှုနဲ့ သောက်သုံးရတဲ့ ပဋိဇီဝဆေး တစ်မျိုးဖြစ်ပါတယ်။
🤒 ဒါဆိုရင် ဘာလို့ Amoxicillin ကို ဖျားတဲ့အခါတိုင်း မသောက်ရတာလဲ?
ကိုယ်ပူခြင်း၊ ဖျားခြင်းဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ ရောဂါလက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ ဖျားတာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။
၁။ ဗိုင်းရပ်စ်ပိုးဝင်ခြင်း (Viral Infection) - သာမန်တုပ်ကွေး၊ ကိုဗစ်-၁၉၊ သွေးလွန်တုပ်ကွေးလို ရောဂါတွေက ဗိုင်းရပ်စ်ပိုးကြောင့် ဖျားနာရခြင်းဖြစ်ပါတယ်။ Amoxicillin က ဗိုင်းရပ်စ်တွေကို လုံးဝမသတ်နိုင်ပါဘူး။
၂။ဘက်တီးရီးယားပိုးဝင်ခြင်း (Bacterial Infection)ကြောင့်ဖျားခြင်း။
၃။အခြားအကြောင်းအရာများ - ကာကွယ်ဆေးထိုးပြီး ကိုယ်ပူခြင်း၊ အပူရှပ်ခြင်း စတာတွေလည်းရှိပါတယ်။
အဖျားအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် Amoxicillin သောက်လိုက်လို့ အဖျားမကျတဲ့အပြင် အောက်မှာပြောပြမယ့် ဆိုးကျိုးတွေပဲ ရလာနိုင်ပါတယ်။

🚨 Amoxicillin ကို အလွဲသုံးရင် ဘာအန္တရာယ်တွေရှိနိုင်လဲ?
1. ဆေးယဉ်ပါးမှု (Antibiotic Resistance) ဖြစ်လာမယ်။ ဒါက အရေးကြီးဆုံးနဲ့ အန္တရာယ်အကြီးဆုံးပါပဲ။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေသောက်တဲ့အခါ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေက ဆေးကိုယဉ်ပါးသွားပြီး နောက်တစ်ခါ တကယ် ဘက်တီးရီးယားပိုးဝင်လို့ Amoxicillin နဲ့ ကုသရမယ့်အချိန်မှာ ဆေးကလုံးဝအာနိသင်မရှိတော့ပါဘူး။ ဒီအခါမှာ ပိုပြင်းတဲ့၊ ပိုဈေးကြီးတဲ့ဆေးတွေကို အသုံးပြုရပါလိမ့်မယ်။
2. ဘေးထွက်ဆိုးကျိုးတွေ ခံစားရမယ်။ Amoxicillin က မလိုအပ်ဘဲသောက်ရင် ဝမ်းသွားခြင်း၊ ပျို့အန်ခြင်း၊ အရေပြားမှာ အင်ပျဉ်ထခြင်း၊ ပြင်းထန်တဲ့ဓာတ်မတည့်မှု (Allergy) ဖြစ်ခြင်း၊ ဓာတ်မတည့်မှုကြောင့် အသက်သေဆုံးရခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါတယ်။
3. ရောဂါအဖြေရှာရ ခက်ခဲစေတယ်။ ကိုယ်သဘောနဲ့ကိုယ် ဆေးသောက်လိုက်တဲ့အခါ ဆရာဝန်ဆီရောက်လာတဲ့အချိန်မှာ ရောဂါလက္ခဏာတွေက တစ်မျိုးပြောင်းသွားပြီး ရောဂါကို အတိအကျရှာဖွေဖို့ ခက်ခဲစေပါတယ်။

✅ ဒါဆို ဖျားရင် ဘယ်လိုလုပ်ရမလဲ?
ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ဖျားနာတဲ့အခါ အောက်ပါနည်းလမ်းတွေကို အရင်ဆုံးလုပ်ဆောင်ပါ။
• ရေများများသောက်ပါ - ရေ၊ ဓာတ်ဆားရည်၊ ကြက်စွပ်ပြုတ် စတာတွေ သောက်ပေးပါ။
• အနားယူပါ - ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ထုတ်ဖို့ အားလိုပါတယ်။ ဒါကြောင့် အနားယူပေးပါ။
• ကိုယ်ပူကျအောင်လုပ်ပါ - ရေပတ်တိုက်ပေးပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ။
• အဖျားကျဆေးသောက်ပါ - Paracetamol (ပါရာစီတမော) လို အဖျားကျဆေးကို ဆေးညွှန်းအတိုင်း မှန်ကန်စွာသောက်သုံးနိုင်ပါတယ်။
• ဆရာဝန်နဲ့ပြသပါ - အဖျားက (၂) ရက်၊ (၃) ရက်ထက်ပိုကြာလာလျှင်၊ အဖျားအရမ်းကြီးလျှင်၊ တခြားစိုးရိမ်ရတဲ့ လက္ခဏာတွေ (အသက်ရှူမြန်တာ၊ အစားလုံးဝမဝင်တာ၊ ပျို့အန်တာ၊ မှိန်းနေတာ) ရှိလာလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့ လိုပါတယ်။

အချုပ်အနေနဲ့ပြောရရင် Amoxicillin ဟာ အဖျားကျဆေးမဟုတ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် လုံးဝမသောက်သုံးသင့်ပါဘူး။ ဆရာဝန်က ဘက်တီးရီးယားပိုးဝင်နေကြောင်း သေချာစမ်းသပ်စစ်ဆေးပြီး ညွှန်ကြားမှသာ သတ်မှတ်ထားတဲ့ ရက်အပြည့် သောက်သုံးရမှာဖြစ်ပါတယ်။

ဒီအသိပညာပေး Post လေးက လူအများအတွက် အကျိုးရှိမယ်ထင်ရင် Share ပေးခြင်းဖြင့် ကျန်းမာရေးအသိကို မျှဝေကူညီပေးကြပါခင်ဗျာ။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ
ဒေါက်တာရဲ။

#DrYe #DoctorYe #ကျန်းမာရေး #Amoxicillin #အဖျား #ကိုယ်ပူခြင်း #ပဋိဇီဝဆေး #ဆေးယဉ်ပါးမှု #AntibioticResistance #ကျန်းမာရေးဗဟုသုတ #မှန်ကန်သောဆေးဝါးသုံးစွဲမှု

2 months ago | [YT] | 74

Dr. Ye

-ခွေးရူးပြန်ရောဂါ (Rabies)-

မင်္ဂလာပါခင်ဗျာ။ ကျွန်တော် Dr. Ye ပါ။ ဒီနေ့တော့ လူ့အသက်ကို ရန်ရှာနိုင်တဲ့ "ခွေးရူးပြန်ရောဂါ" (Rabies) အကြောင်း ပြည့်ပြည့်စုံစုံ ပြောပြချင်ပါတယ်။ ဒီရောဂါဟာ ဖြစ်လာရင် သေဆုံးနှုန်း ၁၀၀% နီးပါးရှိလို့ အရမ်းကြောက်စရာကောင်းပေမယ့်၊ အကိုက်ခံရပြီးပြီးချင်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရင်တော့ ၁၀၀% ကာကွယ်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

👨‍⚕️- ခွေးရူးပြန်ရောဂါဆိုတာနဲ့ ခွေးကိုက်ခံရလို့ ရောဂါဖြစ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တခြားတိရစ္ဆာန်တွေကလည်း ခွေးရူးပြန်ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ တောတွင်းမှာနေထိုင်တဲ့ မြေခွေး၊ရှဉ့်၊လင်းနို့ တို့လိုသတ္တဝါတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ကြောင် တွေဟာဆိုရင် ခွေးရူးပြန်ရောဂါပိုးကို သယ်ဆောင်ထားနိုင်ကြပါတယ်။ဒီလိုတိရစ္ဆာန်တွေ ကုတ်ဖဲ့၊ကိုက်ခဲခြင်းခံလိုက်ရပြီဆိုရင်တော့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

👨‍⚕️-ရောဂါပိုး ကူးစက်ပုံ

👉ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန် တစ်ကောင် ကောင်ရဲ့ ကိုက်ခဲ၊ ကုတ်ဖဲ့ခံရခြင်းကြောင့် ကူးစက်နိုင်ပါတယ်၊
👉မိမိခန္ဓာကိုယ်ရဲ့အရေပြားပေါက်ပြဲ၊ပွန်းပဲ့နေသောနေရာများနှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို ရောဂါပိုးရှိနေသောတိရစ္ဆာန်ရဲ့ တံတွေးနဲ့ထိမိခြင်း(ဥပမာ-လျှာဖြင့်လျက်ခံရခြင်း) တို့မှလည်း ကူးစက်ခံရနိုင်ပါတယ်။

🆘 ခွေးကိုက် (သို့) တိရစ္ဆာန်အကုတ်/အကိုက် ခံရရင် ချက်ချင်းလုပ်ရမယ့် အရေးကြီးဆုံး (၃) ဆင့် 🆘
ဒီအဆင့်တွေကို လုံးဝ မမေ့ပါနဲ့။ အချိန်ဆွဲလေ အသက်အန္တရာယ် နီးလေပါပဲ။
1️⃣ ဒဏ်ရာကို ချက်ချင်းဆေးကြောပါ (Wash 🧼)
* ကိုက်ခံရတဲ့ ဒဏ်ရာကို ရေနဲ့ ဆပ်ပြာသုံးပြီး အနည်းဆုံး (၁၅) မိနစ်ကြာအောင် သေချာဆေးကြောပါ။
* ဆေးကြောပြီးရင် အိုင်အိုဒင်းဆေးရည် (Betadine) ဒါမှမဟုတ် အရက်ပျံ လိမ်းပေးပါ။
* ဒဏ်ရာကို လေလုံအောင် ပတ်တီးစည်းတာ၊ ချုပ်တာတွေ ဆရာဝန်မခိုင်းဘဲ ကိုယ့်သဘောနဲ့ကိုယ် လုံးဝမလုပ်ပါနဲ့။
2️⃣ ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားပါ (Go to Hospital 🏥)
* ဒဏ်ရာကို ဆေးပြီးတာနဲ့ တစ်မိနစ်မှ အချိန်မဆွဲဘဲ အနီးဆုံးမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပါ။
* "ခွေးကို ၁၀ ရက်စောင့်ကြည့်မယ်" ဆိုပြီး အချိန်မဖြုန်းပါနဲ့။ "ဆေးမြီးတိုတွေ၊ သဘာဝကုထုံးတွေ" ကို လုံးဝ အားမကိုးပါနဲ့။ အချိန်ဟာ အသက်ပါပဲ။
3️⃣ ကာကွယ်ဆေး မပျက်မကွက်ထိုးပါ (Vaccinate 💉)
* ဆရာဝန်က ဒဏ်ရာအခြေအနေကိုကြည့်ပြီး လိုအပ်တဲ့ ခွေးရူးပြန်ကာကွယ်ဆေး (Anti-Rabies Vaccine - ARV) ကို အကြိမ်ပြည့်ထိုးဖို့ ညွှန်ကြားပါလိမ့်မယ်။
* ဒဏ်ရာပြင်းထန်ရင် ကာကွယ်ဆေးအပြင် (Rabies Immunoglobulin - RIG) ကိုပါ ထိုးဖို့ လိုအပ်နိုင်ပါတယ်။
* ဆရာဝန်ညွှန်ကြားတဲ့ ကာကွယ်ဆေးအစီအစဉ်အတိုင်း ရက်မပျက်၊ အကြိမ်မလပ် ထိုးနှံဖို့ အလွန်အရေးကြီးပါတယ်။

👉ခွေးရူးပြန်ရောဂါဟာဆိုရင် ဒီနေ့ကိုက်၊ ဒီနေ့ကူး၊ဒီနေ့ လက္ခဏာပြတာ မဟုတ်ပါဘူး။အကိုက်ခံရတဲ့နေရာ၊ ခွေးရူးရောဂါပိုးအမျိုးအစားနဲ့ မိမိရဲ့ကိုယ်ခံအား‌ကောင်းမွန်မှုအပါ်မူတည်ပြီး ရောဂါပျိုးချိန် (incubation period)က ရက်သတ္တပါတ်ကနေ လပေါင်းများစွာကြာနိုင်ပါတယ်။ တချို့မှာဆိုရင် ခွေးကိုက်ခံရပြီး နှစ်ပေါင်းများစွာကြာမြင့်မှ ခွေးရူးပြန်ရောဂါ လက္ခဏာ ခံစားရတာမျိုးလည်း ရှိပါတယ်။

‼️ သတိပြုဖွယ်ရာ - လူတွင်ဖြစ်သော ခွေးရူးပြန်ရောဂါ လက္ခဏာများ ‼️
အရေးကြီးဆုံး သတိပေးချက် - အောက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ လူတစ်ယောက်မှာ စတင်ပေါ်ပေါက်လာပြီဆိုရင် အသက်ကယ်ဖို့ ကုသနိုင်တဲ့နည်းလမ်း မရှိတော့ဘဲ အလွန်အမင်း နောက်ကျသွားပါပြီ။ ဒါကြောင့် ဒီလက္ခဏာတွေမပေါ်ခင် ကာကွယ်ဆေးထိုးခြင်းကသာ တစ်ခုတည်းသော အသက်ကယ်နည်းလမ်း ဖြစ်ပါတယ်။
၁။ ကနဦး လက္ခဏာများ (ရောဂါစဝင်စ အချိန်)
* ဖျားခြင်း၊ ခေါင်းကိုက်ခြင်း 🌡️
* အားနည်းခြင်း၊ နုံးချိခြင်း၊ မအီမသာဖြစ်ခြင်း
* အကိုက်ခံထားရသော ဒဏ်ရာနေရာတွင် ကျဉ်ခြင်း၊ ယားယံခြင်း၊ ထုံခြင်း
၂။ ရောဂါရင့်လာသောအခါ ပြတတ်သော လက္ခဏာများ (ဦးနှောက်နှင့် အာရုံကြောများသို့ ပိုးရောက်ချိန်)
* ရေကြောက်ခြင်း (Hydrophobia) 💧 - ရေကိုမြင်ရုံ၊ ရေသောက်ရန် ကြိုးစားရုံဖြင့် လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်း ကြွက်သားများ အပြင်းအထန် နာကျင်စွာ ကြုံ့တက်ခြင်း။
* လေကြောက်ခြင်း (Aerophobia) 💨 - လေတိုက်ခံရလျှင် သို့မဟုတ် လေပြေလေညှင်းကိုပင် ကြောက်လန့်တကြားဖြစ်ခြင်း။
* အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရန်လိုခြင်း 🧠
* ထင်ယောင်ထင်မှားများ မြင်ခြင်း၊ ကြားခြင်း
* မျိုချရခက်ခဲပြီး တံတွေးများ အလွန်အကျွံ ထွက်ခြင်း
* တက်ခြင်း
* နောက်ဆုံးတွင် သွက်ချာပါဒဖြစ်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်ပွားပါတယ်။

👨‍⚕️- ရောဂါကုသခြင်း

👉ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ ကုသဖို့ရာ ဆေးမရှိသေးပါဘူး။ခံစားနေရတဲ့ရောဂါ လက္ခဏာတွေ သက်သာအောင် supportive care ပဲ လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနှုန်းက ၁၀၀% နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းကပဲ အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။

👨‍⚕️-ကြိုတင်ကာကွယ်ခြင်း

👉ခွေး၊ကြောင် အကိုက်ခံ၊အကုတ်ခံရသော ဒဏ်ရာကို ရေ၊ဆပ်ပြာဖြင့် သေချာဆေးပါ။ ပြီးလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။ကာကွယ်‌ဆေးကို ရက်ပြည့်အောင်သေချာထိုးဖို့ လိုအပ်ပါတယ်။ တချို့ ဒဏ်ရာ အကြီးအသေးပေါ်မူတည်ပြီးတော့ immunoglobulin လို့ခေါ်တဲ့ဆေးပါထိုးဖို့လိုအပ်နိုင်ပါသည်။
👉မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးပေးထားဖို့လိုပါတယ်။
👉လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေသင့်ပါတယ်။ ကာကွယ်ဆေးမထိုးထားသော တိရစ္ဆာန်များဖြစ်သည့်အတွက် အကိုက်ခံရလျှင် ရောဂါကူးစက်ခံရမည်ဖြစ်သည်။
👉နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့လည်း ရပါတယ်။သို့သာ်လည်း ခွေးကိုက်ခံရလျှင်တော့ ကာကွယ်ဆေးကို ၂ ကြိမ် ထပ်မံထိုးနှံပေးရမှာဖြစ်ပါတယ်။
👉ကာကွယ်ဆေးထိုးထားသော အိမ်မွေးတိရစ္ဆာန်များ ကိုက်ခံ၊ကုတ်ခံရလျှင်လည်း ပိုမိုစိတ်ချသေချာရအောင် ကာကွယ်ဆေးထပ်မံထိုးပေးဖို့ လိုအပ်ပါတယ်။
👉ကာကွယ်ဆေးတွေက ဈေးအနည်းငယ်များတဲ့အတွက် ခွေးကိုက်၊ကြောင်ကိုက်ခံရတဲ့လူ တော်တော်များများက ကာကွယ်ဆေးထိုးဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ဒါပေမယ့်လည်း ကုရာနတ္ထိဖြစ်နေဆဲ ရောဂါဖြစ်တာကြောင့် ကာကွယ်ဆေးထိုးမှသာ မိမိအသက်ကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုလိုကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတာဖြစ်တာကြောင့် ကျနော့်ရဲ့ Dr.Ye Page ကို like နဲ့ Follow လုပ်ထားပေးကြပါ။

အားလုံးကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ခွေးရူးပြန်ရောဂါ
#Rabies
#Dr.Ye
#DrYeHealthInfo #Rabies #ခွေးရူးပြန်ရောဂါ #ခွေးကိုက် #ကျန်းမာရေးဗဟုသုတ #ကာကွယ်ခြင်းသည်ကုသခြင်းထက်ထိရောက်သည် #RabiesSymptoms #RabiesPrevention #HealthTipsMyanmar

2 months ago | [YT] | 70

Dr. Ye

#အသက်ငယ်ငယ်နဲ့လည်းကင်ဆာဖြစ်နိုင်တယ်

ပြီးခဲ့တဲ့လက လူနာတစ်ယောက်ဆေးခန်းလာပြတယ်။

အသက် ၂၉ နှစ်၊ အမျိုးသမီးလူနာ။

ဝမ်းချုပ်၊ ဝမ်းသွားရခက်တာ (၁)လ ရှိနေပြီ။

အိမ်မှာ ဝမ်းနှုတ်၊ ဝမ်းချူတယ်၊ အဆင်မပြေဘူး၊ အဲ့လိုနဲ့ ဆေးခန်းလာပြတယ်။

လူနာကို ရောဂါရာဇဝင်မေးမြန်း စမ်းသပ်ကြည့်တော့ ဗိုက်ထဲမှာလည်း အလုံးအကျိတ်မစမ်းမိဘူး။ ဒါပေမယ့် ဝမ်းသွားတဲ့လမ်းကြောင်းမှာ တစ်ခုခုရှိနေလို့ ဝမ်းချုပ်နေတာ ဖြစ်နိုင်တယ်၊ စအိုကိုစမ်းကြည့်ဖို့လိုတယ်ဆိုတော့ လူနာက လက်ခံတယ်။

Digital Rectal Exam (စအိုကိုစမ်းသပ်စစ်ဆေးခြင်း) လုပ်ကြည့်တဲ့အခါ စအိုထဲမှာ အလုံးအကျိတ်လိုမျိုးစမ်းမိတယ်။

စအိုထဲမှာ အလုံးအကျိတ်စမ်းမိတယ်၊ ကင်ဆာဖြစ်နိုင်တယ်၊ ဒါကြောင့်သင့်တော်တဲ့ ကုသမှုခံယူနိုင်ဖို့ ခွဲစိတ်ဆရာဝန်နဲ့ပြသဖို့လိုတယ်လို့ လူနာကိုရှင်းပြပြီး ခွဲစိတ်ဆရာဝန်ဆီ လွှဲပေးလိုက်တယ်။

ခွဲစိတ်ဆရာဝန်က စမ်းသပ်ပြီးတော့ ultrasound ရိုက်ကြည့်တဲ့အခါ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်တယ်ဆိုပြီး အဖြေထွက်လာတယ်။

ဒါကြောင့်ခွဲစိတ်ဆရာဝန်က လူနာကို ခွဲစိတ်ပြီး အသားစစစ်ဆေးအဖြေရှာ၊ ဆက်လက်ကုသဖို့တွေရှင်းပြပြီး ဆေးရုံတက်ခိုင်းလိုက်တယ်။

ဒါပေမယ့် လူနာက ဆေးရုံမတက်ဘဲ ဘိန်းတောနဲ့ပဲကုတော့မယ်ဆိုပြီး ရွာပြန်သွားတယ်လို့ ပြန်ကြားရတယ်။

အသက်ငယ်ငယ် ၂၉ နှစ်ပဲရှိသေးတယ်။ ဘဝမှာ ရှေ့ဆက်ဖို့တွေအများကြီးရှိသေးတယ်။ သေချာကုသမှုခံယူမယ်ဆိုရင် အသက်ရှည်ရှည်နေရဦးမယ့် အခြေအနေပါ။ ဒါပေမယ့် ရွာပြန်ပြီး ဘိန်းတောနဲ့ကုနေတော့ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ပါ။ လူကြုံရှိတိုင်းတော့ ဆေးခန်းပြန်လာဖို့ ခွဲစိတ်ဆရာဝန်နဲ့ပြန်ပြပြီး သေချာကုသမှုခံယူဖို့ သတင်းပါးနေဆဲပါပဲ။

အားလုံးပဲကျန်းမာကြပါစေ
ဒေါက်တာရဲ။

အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာရဲ့ ကြိုတင်လက္ခဏာတွေက ဘာတွေလဲဆိုတာ သိချင်ရင် ဒီ link ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ 👇👇
https://youtu.be/MRuCqlN9qpw?si=LGPhR...

ကျန်းမာရေး ဗဟုသုတများ တိုးပွါးလာစေဖို့ ကျနော့်ရဲ့ Dr. Ye YouTube Channel ကို Subscribe လုပ်ထားစေချင်ပါတယ်။

1 year ago (edited) | [YT] | 64

Dr. Ye

-ခွေးရူးပြန်ရောဂါ (Rabies)-

👨‍⚕️- ခွေးရူးပြန်ရောဂါဆိုတာနဲ့ ခွေးကိုက်ခံရလို့ ရောဂါဖြစ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တခြားတိရစ္ဆာန်တွေကလည်း ခွေးရူးပြန်ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ တောတွင်းမှာနေထိုင်တဲ့ မြေခွေး၊ရှဉ့်၊လင်းနို့ တို့လိုသတ္တဝါတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ကြောင် တွေဟာဆိုရင် ခွေးရူးပြန်ရောဂါပိုးကို သယ်ဆောင်ထားနိုင်ကြပါတယ်။ဒီလိုတိရစ္ဆာန်တွေ ကုတ်ဖဲ့၊ကိုက်ခဲခြင်းခံလိုက်ရပြီဆိုရင်တော့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

👨‍⚕️-ရောဂါပိုး ကူးစက်ပုံ

👉ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန် တစ်ကောင် ကောင်ရဲ့ ကိုက်ခဲ၊ ကုတ်ဖဲ့ခံရခြင်းကြောင့် ကူးစက်နိုင်ပါတယ်၊
👉မိမိခန္ဓာကိုယ်ရဲ့အရေပြားပေါက်ပြဲ၊ပွန်းပဲ့နေသောနေရာများနှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို ရောဂါပိုးရှိနေသောတိရစ္ဆာန်ရဲ့ တံတွေးနဲ့ထိမိခြင်း(ဥပမာ-လျှာဖြင့်လျက်ခံရခြင်း) တို့မှလည်း ကူးစက်ခံရနိုင်ပါတယ်။


👨‍⚕️-ရောဂါလက္ခဏာများ

👉ခွေးရူးပြန်ရောဂါဟာဆိုရင် ဒီနေ့ကိုက်၊ ဒီနေ့ကူး၊ဒီနေ့ လက္ခဏာပြတာ မဟုတ်ပါဘူး။‌အကိုက်ခံရတဲ့နေရာ၊ ခွေးရူးရောဂါပိုးအမျိုးအစားနဲ့ မိမိရဲ့ကိုယ်ခံအား‌ကောင်းမွန်မှုအပါ်မူတည်ပြီး ရောဂါပျိုးချိန် (incubation period)က ရက်သတ္တပါတ်ကနေ လပေါင်းများစွာကြာနိုင်ပါတယ်။ တချို့မှာဆိုရင် ခွေးကိုက်ခံရပြီး နှစ်ပေါင်းများစွာကြာမြင့်မှ ခွေးရူးပြန်ရောဂါ လက္ခဏာ ခံစားရတာမျိုးလည်း ရှိပါတယ်။
👉ခွေးရူးပြန်ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကတော့ သာမာန်အအေးမိတုပ်ကွေးလက္ခဏာနဲ့ဆင်တူတတ်ပါတယ်။ အပူငွေ့ငွေ့ဖျားခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရတတ်ပါတယ်။ အကိုက်ခံရတဲ့ဒဏ်ရာနေရာမှာ ယားယံတာ၊ထုံကျင်တာ၊တစစ်စစ်နဲ့နာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။တဖြည်းဖြည်းနဲ့ လူက စိတ်ဂဏာမငြိမ်ဖြစ်တာ၊ဒေါသထွက်လွယ်တာ၊ရေသောက်လို့မရတာ(ရေကြောက်ခြင်း-hydrophobia)၊အကြောသေတာတွေ ခံစားလာရမှာဖြစ်ပါတယ်။


👨‍⚕️- ရောဂါကုသခြင်း

👉ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ ကုသဖို့ရာ ဆေးမရှိသေးပါဘူး။ခံစားနေရတဲ့ရောဂါ လက္ခဏာတွေ သက်သာအောင် supportive care ပဲ လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနှုန်းက ၁၀၀% နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းကပဲ အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။

👨‍⚕️-ကြိုတင်ကာကွယ်ခြင်း

👉ခွေး၊ကြောင် အကိုက်ခံ၊အကုတ်ခံရသော ဒဏ်ရာကို ရေ၊ဆပ်ပြာဖြင့် သေချာဆေးပါ။ ပြီးလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။ကာကွယ်‌ဆေးကို ရက်ပြည့်အောင်သေချာထိုးဖို့ လိုအပ်ပါတယ်။ တချို့ ဒဏ်ရာ အကြီးအသေးပေါ်မူတည်ပြီးတော့ immunoglobulin လို့ခေါ်တဲ့ဆေးပါထိုးဖို့လိုအပ်နိုင်ပါသည်။
👉မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးပေးထားဖို့လိုပါတယ်။
👉လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေသင့်ပါတယ်။ ကာကွယ်ဆေးမထိုးထားသော တိရစ္ဆာန်များဖြစ်သည့်အတွက် အကိုက်ခံရလျှင် ရောဂါကူးစက်ခံရမည်ဖြစ်သည်။
👉နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့လည်း ရပါတယ်။သို့သာ်လည်း ခွေးကိုက်ခံရလျှင်တော့ ကာကွယ်ဆေးကို ၂ ကြိမ် ထပ်မံထိုးနှံပေးရမှာဖြစ်ပါတယ်။
👉ကာကွယ်ဆေးထိုးထားသော အိမ်မွေးတိရစ္ဆာန်များ ကိုက်ခံ၊ကုတ်ခံရလျှင်လည်း ပိုမိုစိတ်ချသေချာရအောင် ကာကွယ်ဆေးထပ်မံထိုးပေးဖို့ လိုအပ်ပါတယ်။
👉ကာကွယ်ဆေးတွေက ဈေးအနည်းငယ်များတဲ့အတွက် ခွေးကိုက်၊ကြောင်ကိုက်ခံရတဲ့လူ တော်တော်များများက ကာကွယ်ဆေးထိုးဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ဒါပေမယ့်လည်း ကုရာနတ္ထိဖြစ်နေဆဲ ရောဂါဖြစ်တာကြောင့် ကာကွယ်ဆေးထိုးမှသာ မိမိအသက်ကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုလိုကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတာဖြစ်တာကြောင့် ကျနော့်ရဲ့ Dr.Ye Page ကို like နဲ့ Follow လုပ်ထားပေးကြပါ။

အားလုံးကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ခွေးရူးပြန်ရောဂါ
#Rabies
#Dr.Ye

1 year ago | [YT] | 86

Dr. Ye

အားလုံးပဲ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ။
ဘေးဘယာတွေ ကင်းဝေးကြပါစေ။

1 year ago | [YT] | 182

Dr. Ye

- ဒီနေ့မနက် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဆေးခန်းလာပြပါတယ်။
- ရေငတ်တယ်၊ ရေခဏခဏသောက်နေရတယ်၊ အာခေါင်ခြောက်တယ်၊ ဆီးခဏခဏသွားတယ်၊ ညဘက်တွေအိပ်မပျော်ဘူး၊ နုံးချိနေတယ်၊ ဒီလိုခံစားနေရတာ ၁ ပါတ်ကျော်ပြီဖြစ်လို့ လုံးဝနေရတာအဆင်မပြေတော့လို့ ဆေးခန်းလာပြတာပါ ဆရာတဲ့။
- ဆီးချိုစစ်ကြည့်လိုက်တော့ Hi ဆိုပြီးပေါ်တယ်၊ ဂဏန်းနံပါတ်တောင် မပေါ်တော့ဘူး။ ဆီးချိုတွေ ၆၀၀ ကျော်နေပြီဖြစ်လို့ ဂဏန်းမပေါ်တော့ဘဲ Hi ဆိုပြီးပေါ်နေတာပါ။ အရင်က တစ်ခါမှ ဆီးချိုမစစ်ဖူးပါဘူးတဲ့။ မိခင်မှာတော့ ဆီးချိုမျိုးရိုးရှိပါတယ်တဲ့။
- ဒီလို ဆီးချိုတွေအရမ်းများနေတာကို မသိတဲ့အခြေအနေဟာ တော်တော်လေး ကြောက်စရာကောင်းပါတယ်။ အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဆီးချိုသံသယ လက္ခ ဏာတွေရှိနေရင် မပေါ့ဆပါနဲ့၊ စောစောစီးစီးစစ်ဆေးကုသမှုခံယူကြပါ။
- ဆီးချိုသတိပေးလက္ခဏာတွေကို မသိသေးဘူးဆိုရင်တော့ ဒီအောက်က link ကိုနှိပ်ပြီး ကြည့်ရှုလို့ပါတယ်။
fb.watch/odpd0-vXHt/?mibextid=g4x1v7

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။
#ဆီးချို
#ဆီးချိုလက္ခဏာများ
#ဒေါက်တာရဲ

1 year ago | [YT] | 159

Dr. Ye

- မနက် မိုးလင်းကနေ ညအထိ လှုပ်ရှားရုန်းကန်နေရတဲ့ ကျနော်တို့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အိပ်စက်ခြင်းဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။

- အိပ်ရေးဝဝ အိပ်စက်နိုင်ခြင်းမရှိဘူး၊ ခဏခဏ အိပ်ရေးပျက်နေမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခံစားလာရနိုင်ပါတယ်။

- အိပ်ရေးမဝရင်၊ ခဏခဏ အိပ်ရေးပျက်နေမယ်ဆိုရင် ကြုံတွေ့ခံစားလာရမယ့် ကျန်းမာရေးပြဿနာတွေကို နောက်နေ့မှာ video နဲ့ သေချာရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

- ကျနော့်ရဲ့ မိတ်ဆွေတွေအနေနဲ့လည်း အိပ်ရေးမဝရင် နေ့စဉ်ဘဝမှာ ဘယ်လိုကျန်းမာရေး ပြဿနာတွေကြုံတွေ့ခံစားနေရလဲဆိုတာ comment မန့်ပေးခဲ့ကြပါဦးဗျ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

1 year ago | [YT] | 243