Dr. Ye

-ငါးပိ၊ငါးခြောက် ကြိုက်သူများအတွက် မဖိတ်ခေါ်ဘဲ ရောက်လာမယ့် အန္တရာယ်

#ငါးပိရည်နဲ့ တို့စရာရှိရင်_ထမင်းစားလို့ရပြီ-ဟင်းမလိုဘူး။
#ငါးပိရည်လေးနဲ့ထမင်းနဲ့_နယ်စားလိုက်ရရင်တော့ဖြင့်…..

- ငါးပိ၊ ငါးခြောက်ဆိုတာ ကျွန်တော်တို့ မြန်မာတွေ တော်တော်များများ ကြိုက်ကြတဲ့ အစားအစာဖြစ်ပါတယ်။
ဒီနေ့ မှာတော့ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ်၊ အသည်းစွဲဖြစ်နေတဲ့ "ငါးပိ" နဲ့ "ငါးခြောက်" အကြောင်း ဆေးပညာရှုထောင့်ကနေ နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ စားလိုက်ရင် ထမင်းမြိန်စေပေမယ့် သူ့နောက်ကွယ်မှာ ဘာကျန်းမာရေးအန္တရာယ်တွေ ရှိနေနိုင်လဲဆိုတာ သိထားဖို့ အရမ်းအရေးကြီးပါတယ်။

- [x] ငါးပိ၊ ငါးခြောက် ဘာကြောင့် အန္တရာယ်ရှိနိုင်တာလဲ?
- ငါးပိ၊ ငါးခြောက်ကို ပြုလုပ်တဲ့အခါမှာ ကြာရှည်ခံအောင် "ဆား" ပမာဏ အများကြီးသုံးရပါတယ်။ ဒီဆားဓာတ် (ဆိုဒီယမ်) လွန်ကဲမှုကပဲ အဓိက ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
၁။ သွေးတိုးရောဂါ
လေ့လာမှုတွေအရ ဆိုဒီယမ် (ဆား) အများကြီး စားသုံးခြင်းဟာ သွေးတိုးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် (၂၅)နှစ်အထက် လူ (၄) ယောက်မှာ တစ်ယောက်က သွေးတိုးရောဂါရှိနေတယ်ဆိုတဲ့ စစ်တမ်းတွေရှိနေပါတယ်။ သွေးတိုးရောဂါဟာ "အသံတိတ် လူသတ်သမား" လို့တင်စားရလောက်အောင် လက္ခဏာသိပ်ပြလေ့မရှိဘဲ လေဖြတ်ခြင်း၊ နှလုံးပျက်စီးခြင်း (Heart Failure) ၊ ကျောက်ကပ်ပျက်စီးခြင်းတွေကို ဖြစ်စေတတ်ကာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ ငါးပိ၊ ငါးခြောက်တွေ စားသုံးခြင်းက သွေးတိုးရောဂါ ဖြစ်လာစေနိုင်လို့ သတိနဲ့စားစေချင်ပါတယ်။

၂။ ကျောက်ကပ်ရောဂါများ
ကျောက်ကပ်ရဲ့အဓိကတာဝန်က ခန္ဓာကိုယ်ကမလိုအပ်တဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့နဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်ဓာတ်တွေကို ညီမျှနေအောင် ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ငါးပိ၊ ငါးခြောက်တွေအလွန်အကျွံစားတဲ့အခါ ခန္ဓာကိုယ်ထဲကို ဆိုဒီယမ်ဓာတ် (ဆားဓာတ်)တွေ အများကြီး ရောက်ရှိလာပါတယ်။ ဒီအခါမှာ ကျောက်ကပ်က အလုပ်ပိုလုပ်ရပြီး ရေရှည်မှာ ကျောက်ကပ်ရဲ့ စစ်ထုတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကျောက်ကပ်အားနည်းတာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ စတဲ့အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။

၃။ နှလုံးရောဂါ၊ လေဖြတ်၊ လေငန်း ရောဂါ
ငါးပိ၊ ငါးခြောက်တွေ အစားများပြီး သွေးတိုးတာ ကြာလာတဲ့အခါမှာ နှလုံးက အလုပ်ပိုလုပ်ရပြီး နှလုံးကြွက်သားတွေထူလာမယ်( နှလုံးကြီးလာမယ်) ၊ ပင်ပန်းလာမယ်၊ နောက်ဆုံးမှာ Heart Failure (နှလုံး ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခြေအနေ ) အထိဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်၊ လေငန်း အန္တရာယ်တွေကိုပါ ကြုံတွေ့ခံစားလာရပါလိမ့်မယ်။

၄။ ငါးပိ၊ ငါးခြောက်တွေဟာ ပြုလုပ်ရောင်းချတဲ့နေရာမှာ သန့်ရှင်းမှု အားနည်းတဲ့အခါ အစာအဆိပ်သင့်တာ(ဝမ်းလျှော၊ ဝမ်းပျက်၊ အော့အန်ခြင်း) တွေ ဖြစ်လာနိုင်ပါတယ်။
တချို့မသမာတဲ့ စီးပွါးရေးသမားတွေက ငါးပိ၊ငါးခြောက်တွေကို တာရှည်ခံအောင် ဓာတုပစ္စည်း( chemicals) တွေ့ထည့်သွင်းအသုံးပြုကြတဲ့အခါ ဓာတုပစ္စည်းတွေကြောင့်လည်း ရောဂါတွေဖြစ်လာနိုင်ပါသေးတယ်။

- ဒါဆို ငါးပိ၊ငါးခြောက် လုံးဝမစားရတော့ဘူးလား?
လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ `တန်ဆေး၊ လွန်ဘေး’ ဆိုတဲ့အတိုင်းပဲ တော်သင့်ရုံ၊ သင့်တင့်ရုံ စားသုံးသင့်ပါတယ်။
- ဘေးကင်းအောင် ဘယ်လိုစားသုံးမလဲ?
* ပမာဏလျှော့ပါ: နေ့တိုင်းစားသုံးတာ၊ အလွန်အကျွံစားသုံးတာမျိုးကို ရှောင်ပါ။ တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ချင့်ချိန်စားသုံးပါ။
* သေချာကျက်အောင်ချက်ပါ: ငါးပိ၊ ငါးခြောက်မှာ ပါလာနိုင်တဲ့ သံကောင်တွေ၊ ဘက်တီးရီးယားတွေကို သေစေဖို့ အပူချိန်ပြင်းပြင်းနဲ့ သေချာကျက်အောင် ချက်ပြုတ်ပါ။ ငါးပိ၊ငါးခြောက်အစိမ်းစားခြင်းကို လုံးဝရှောင်ပါ။
*ငါးပိ၊ ငါးခြောက်ဝယ်တဲ့အခါ စိတ်ချယုံကြည်ရတဲ့၊ သန့်ရှင်းသပ်ရပ်တဲ့နေရာက ဝယ်ပါ။ ယင်အုံနေတာ၊ သန့်ရှင်းမှုအားနည်းတဲ့ နေရာတွေက မဝယ်မိပါစေနဲ့။
* ဟင်းသီးဟင်းရွက်များများနဲ့ တွဲစားပါ: ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ပိုတက်စီယမ် (Potassium) ဓာတ်က ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ဆိုဒီယမ်(sodium) တွေကို ကူညီစွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ Antioxidants တွေကလည်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ဒါကြောင့် အသီးအရွက် တို့စရာ များများနဲ့ စားပေးပါ။

-နိဂုံးချုပ်အနေနဲ့ အစားအသောက်ဆိုတာ အရသာရှိဖို့အပြင် ကျန်းမာရေးနဲ့ညီညွတ်ဖို့က ပိုအရေးကြီးပါတယ်။ အထူးသဖြင့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ငါးပိ၊ ငါးခြောက်ကို အထူးသတိထား ရှောင်သင့်/လျှော့သင့်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ်စားသုံးမှုပုံစံကို ပြန်လည် သုံးသပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ခြင်းဖြင့် ရောဂါဘယတွေကနေ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိလိုသည်များရှိပါက comment မှာ မေးမြန်းနိုင်ပါတယ်။ဒီစာလေးက သင့်အတွက် အကျိုးရှိတယ်ဆိုရင် Share လုပ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကျန်းမာရေးအသိ မျှဝေလိုက်ပါဦး။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#DrYeHealthTips #ငါးပိ #ငါးခြောက် #ကျန်းမာရေးဗဟုသုတ #သွေးတိုး #ကျောက်ကပ် #အစားအသောက်နဲ့ကျန်းမာရေး #SaltAwareness #HealthyEatingMyanmar

1 month ago | [YT] | 66