Dr. Ye

-ခွေးရူးပြန်ရောဂါ (Rabies)-

👨‍⚕️- ခွေးရူးပြန်ရောဂါဆိုတာနဲ့ ခွေးကိုက်ခံရလို့ ရောဂါဖြစ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တခြားတိရစ္ဆာန်တွေကလည်း ခွေးရူးပြန်ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ တောတွင်းမှာနေထိုင်တဲ့ မြေခွေး၊ရှဉ့်၊လင်းနို့ တို့လိုသတ္တဝါတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ကြောင် တွေဟာဆိုရင် ခွေးရူးပြန်ရောဂါပိုးကို သယ်ဆောင်ထားနိုင်ကြပါတယ်။ဒီလိုတိရစ္ဆာန်တွေ ကုတ်ဖဲ့၊ကိုက်ခဲခြင်းခံလိုက်ရပြီဆိုရင်တော့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

👨‍⚕️-ရောဂါပိုး ကူးစက်ပုံ

👉ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန် တစ်ကောင် ကောင်ရဲ့ ကိုက်ခဲ၊ ကုတ်ဖဲ့ခံရခြင်းကြောင့် ကူးစက်နိုင်ပါတယ်၊
👉မိမိခန္ဓာကိုယ်ရဲ့အရေပြားပေါက်ပြဲ၊ပွန်းပဲ့နေသောနေရာများနှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို ရောဂါပိုးရှိနေသောတိရစ္ဆာန်ရဲ့ တံတွေးနဲ့ထိမိခြင်း(ဥပမာ-လျှာဖြင့်လျက်ခံရခြင်း) တို့မှလည်း ကူးစက်ခံရနိုင်ပါတယ်။


👨‍⚕️-ရောဂါလက္ခဏာများ

👉ခွေးရူးပြန်ရောဂါဟာဆိုရင် ဒီနေ့ကိုက်၊ ဒီနေ့ကူး၊ဒီနေ့ လက္ခဏာပြတာ မဟုတ်ပါဘူး။‌အကိုက်ခံရတဲ့နေရာ၊ ခွေးရူးရောဂါပိုးအမျိုးအစားနဲ့ မိမိရဲ့ကိုယ်ခံအား‌ကောင်းမွန်မှုအပါ်မူတည်ပြီး ရောဂါပျိုးချိန် (incubation period)က ရက်သတ္တပါတ်ကနေ လပေါင်းများစွာကြာနိုင်ပါတယ်။ တချို့မှာဆိုရင် ခွေးကိုက်ခံရပြီး နှစ်ပေါင်းများစွာကြာမြင့်မှ ခွေးရူးပြန်ရောဂါ လက္ခဏာ ခံစားရတာမျိုးလည်း ရှိပါတယ်။
👉ခွေးရူးပြန်ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကတော့ သာမာန်အအေးမိတုပ်ကွေးလက္ခဏာနဲ့ဆင်တူတတ်ပါတယ်။ အပူငွေ့ငွေ့ဖျားခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတွေ ခံစားရတတ်ပါတယ်။ အကိုက်ခံရတဲ့ဒဏ်ရာနေရာမှာ ယားယံတာ၊ထုံကျင်တာ၊တစစ်စစ်နဲ့နာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။တဖြည်းဖြည်းနဲ့ လူက စိတ်ဂဏာမငြိမ်ဖြစ်တာ၊ဒေါသထွက်လွယ်တာ၊ရေသောက်လို့မရတာ(ရေကြောက်ခြင်း-hydrophobia)၊အကြောသေတာတွေ ခံစားလာရမှာဖြစ်ပါတယ်။


👨‍⚕️- ရောဂါကုသခြင်း

👉ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ ကုသဖို့ရာ ဆေးမရှိသေးပါဘူး။ခံစားနေရတဲ့ရောဂါ လက္ခဏာတွေ သက်သာအောင် supportive care ပဲ လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနှုန်းက ၁၀၀% နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းကပဲ အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။

👨‍⚕️-ကြိုတင်ကာကွယ်ခြင်း

👉ခွေး၊ကြောင် အကိုက်ခံ၊အကုတ်ခံရသော ဒဏ်ရာကို ရေ၊ဆပ်ပြာဖြင့် သေချာဆေးပါ။ ပြီးလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။ကာကွယ်‌ဆေးကို ရက်ပြည့်အောင်သေချာထိုးဖို့ လိုအပ်ပါတယ်။ တချို့ ဒဏ်ရာ အကြီးအသေးပေါ်မူတည်ပြီးတော့ immunoglobulin လို့ခေါ်တဲ့ဆေးပါထိုးဖို့လိုအပ်နိုင်ပါသည်။
👉မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးပေးထားဖို့လိုပါတယ်။
👉လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေသင့်ပါတယ်။ ကာကွယ်ဆေးမထိုးထားသော တိရစ္ဆာန်များဖြစ်သည့်အတွက် အကိုက်ခံရလျှင် ရောဂါကူးစက်ခံရမည်ဖြစ်သည်။
👉နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့လည်း ရပါတယ်။သို့သာ်လည်း ခွေးကိုက်ခံရလျှင်တော့ ကာကွယ်ဆေးကို ၂ ကြိမ် ထပ်မံထိုးနှံပေးရမှာဖြစ်ပါတယ်။
👉ကာကွယ်ဆေးထိုးထားသော အိမ်မွေးတိရစ္ဆာန်များ ကိုက်ခံ၊ကုတ်ခံရလျှင်လည်း ပိုမိုစိတ်ချသေချာရအောင် ကာကွယ်ဆေးထပ်မံထိုးပေးဖို့ လိုအပ်ပါတယ်။
👉ကာကွယ်ဆေးတွေက ဈေးအနည်းငယ်များတဲ့အတွက် ခွေးကိုက်၊ကြောင်ကိုက်ခံရတဲ့လူ တော်တော်များများက ကာကွယ်ဆေးထိုးဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ဒါပေမယ့်လည်း ကုရာနတ္ထိဖြစ်နေဆဲ ရောဂါဖြစ်တာကြောင့် ကာကွယ်ဆေးထိုးမှသာ မိမိအသက်ကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ခုလိုကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတာဖြစ်တာကြောင့် ကျနော့်ရဲ့ Dr.Ye Page ကို like နဲ့ Follow လုပ်ထားပေးကြပါ။

အားလုံးကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ခွေးရူးပြန်ရောဂါ
#Rabies
#Dr.Ye

1 year ago | [YT] | 86