Mandalay Free Press - MFP သည် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းဌာနဖြစ်သည်။မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းက သတင်းများကို အထူးပြုတင်ဆက်သည်။ နေ့စဉ်သတင်း၊ သတင်းဆောင်းပါးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသခံများ၏ လူမှုဘဝများကို ဖော်ပြသည်။
Mandalay Free Press - MFP
သပိတ်ကျင်း ၉မိုင်ရွာအနီး တိုက်ပွဲ အပြင်းအထန် ဖြစ်နေ၊ စစ်အုပ်စုက မန္တလေး - မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ ကြိုးစားနေပြီး ဒေသခံတွေ ထွက်ပြေးနေရ၊ ထင်လင်း/MFP၊ အောက်တိုဘာ - ၈ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၉မိုင်ကျေးရွာ အနီးမှာ ယခုရက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေပြီး စစ်အုပ်စုက မန္တလေး - မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ စစ်ရှုံးပြီးနောက် ၇ မိုင်ရွာနဲ့ တွင်းငယ်ရွာအနီး လက်ကျန် စစ်စခန်းတွေထဲ နှစ်နဲ့ချီကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ပြန်လည် ဖောက်ထွက် ထိုးစစ်ဆင်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ ဆက်လက် နယ်မြေချဲ့ထွင်နိုင်ဖို့ စစ်ကြောင်းထိုးနေပြီး အဓိကအားဖြင့် မန္တလေး - မိုးကုတ် ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ ကြိုးစားနေကာ တဖြည်းဖြည်း ရှေ့တိုးလာနေပြီး စက်တင်ဘာ လကုန်ပိုင်းမှာ ကားလမ်းမကြီးနဲ့ မီတာ ၂၀၀၀ ခန့်အကွာ လမ်းလယ်ကျစ် ကျေးရွာကို သိမ်းယူနိုင်ခဲ့ပါတယ်။ ယခု အောက်တိုဘာ လဆန်းပိုင်းမှာ ၇မိုင်ကျေးရွာအနီးက တော်လှန်ရေးအင်အားစုတွေရဲ့ ရှေ့တန်း အထိုင်နေရာတွေကို သိမ်းယူပြီး ၉မိုင်ကျေးရွာအနီးထိ တိုးကပ်လာကာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “လမ်းလယ်ကျစ်က ခွေးထိုင်နေပြီ၊ ၇မိုင်ပွိုင့်တွေ ပေးလိုက်ရပြီ၊ ၉မိုင်နားလေး ဝန်းကျင်ရောက်နေပြီ စကစ က” လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အဆိုပါ ဒေသတဝိုက်ရှိ ကျေးရွာတွေက ပြည်သူ ထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စု သိမ်းယူထားတဲ့ သပိတ်ကျင်းမြို့ပေါ် အပါအဝင် မြို့နယ်ရဲ့ အလယ်ကြောမှာ ရှိတဲ့ ပေသောင်၊ ဂွေးပင်မှော်၊ ကဘဲ့ကြီး၊ အိုင်ယား၊ သင်ပေါင်းချောင်း၊ ခလမ်းဂျစ်၊ ညောင်ချိုအိုက်၊ မြိုင်သာယာ၊ ၄မိုင်၊ ၅မိုင်၊ ၆မိုင်၊ ၇မိုင်၊ ၉မိုင်၊ ရွှေမွှေးချောင်း၊ ဒူးဆစ်ချောင်း၊ ရေပူလယ်တီ၊ ဖိုကုန်း တောတိုက်၊ လမ်းလယ်ကျစ်၊ ဓာတ်ကိုက်၊ ဇရပ်ကွင်းနဲ့ ဝါးဖြူတောင် စတဲ့ ကျေးရွာတွေက ဒေသခံ အတော်များများ ဘေးလွတ်မယ်ထင်တဲ့နေရာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို တော်လှန်ရေး အင်အားစုတွေက ဦးဆောင်ကာ ဆေးဝါးနဲ့ အရေးပေါ် ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ သပိတ်ကျင်းနယ် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ အောက်တိုဘာ ၄ရက်က သပိတ်ကျင်းနယ် ၉ မိုင်ရွာ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အလောင်း နှစ်လောင်းနဲ့ Type-81 သေနတ် နှစ်လက် သိမ်းဆည်းရမိပြီး စစ်အုပ်စုဘက်က သုံးယောက် ဒဏ်ရာရတယ်လို့ စစ်ဘော်လီတွေက ဆိုပါတယ်။ သပိတ်ကျင်းမြို့နဲ့ မန္တလေး - မိုးကုတ် လမ်း အပါအဝင် သပိတ်ကျင်းနယ် စစ်စခန်း အများအပြားကို ၂၀၂၄ နှစ်လယ်ပိုင်း ကတည်းက တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ စစ်ရှုံးထားတဲ့ မြို့ရွာတွေ ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သပိတ်ကျင်းနယ်က စစ်ဘေးရှောင် ပြည်သူတွေ/Photo - ထင်လင်း/MFP MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #မန္တလေး #သပိတ်ကျင်း #၇မိုင်ရွာ
1 hour ago | [YT] | 35
View 13 replies
မုံရွာ ချောင်းဦးနယ် သီတင်းကျွတ် ဆီးမီးသပိတ် ဗုံးကြဲခံရကာ လူ ၄၀ ကျော် သေဆုံး၊ MN/MFP ၊ အောက်တိုဘာ - ၇ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင် ဆန့်ရှင်ရေး သပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လသားအရွယ် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲ မုံရွာ - အမြင့်လမ်း သပိတ် ဦးဆောင်ကော်တီဝင် လူငယ်တွေ၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ပါတယ်။ ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့် ည ၈နာရီ ဝန်းကျင် စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ် ပြုလုပ်နေချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ တက်လာတဲ့ စက်တပ်လေထီး - ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသရေး လုပ်ငန်းတွေ မလုပ်ဝံ့ဘဲ အခက်အခဲဖြစ်စေဖို့အတွက် ချောင်းဦးနယ်ထဲ လှည့်ပတ်ကာ ပါရာမိုတာ နှစ်စီးနဲ့ မရပ်မနား ဗုံးကြဲခဲ့သလို မုံရွာမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #ချောင်းဦး #သီတင်းကျွတ်ဆီမီးသပိတ်
21 hours ago | [YT] | 306
View 31 replies
ချင်းတွင်းမြစ်အတွင်း ရွှေ မတူးဖို့ မင်းကင်းဒေသခံတွေ နှစ်ကြိမ်ဆက် ဆန္ဒပြ၊ ကိုသူ /MFP၊ အောက်တိုဘာ - ၅ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လောင်းပြည့် ကျေးရွာအနီးက ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ရာချီတဲ့ ဒေသခံတွေက အောက်တိုဘာ ၂ရက်နဲ့ ၅ရက်တွေမှာ နှစ်ကြိမ်ဆက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းမှာ ရွှေတူးဖော်ဖို့ မင်းကင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ခံနဲ့ ပြည့်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တာဝန်ခံတို့က စီစဉ်နေတာဖြစ်ပြီး ရွှေတူးဖော်ပါက လယ်ဧက တစ်သောင်းကျော် ပျက်စီးသွားနိုင်တာကြောင့် ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ သပိတ်ဦးဆောင်သူ တစ်ဦးက MFP ကို ပြောပါတယ်။ "ဒီတူးမယ့်နေရာက မြေနုကျွန်းတွေ ပျက်စီးသွားနိုင်တယ်။ အိမ်ထောင်စု နှစ်ထောင်ကျော် စားဝတ်နေရေး အသက်သွေးကြော ဖြစ်ပါတယ်။ ဒီ ကျွန်းပေါ်မှာ မှီတင်း နေကြရတာ၊ ဒီနေရာမှာ ရွှေမျော လုပ်ကိုင်ကြမယ်ဆို ကမ်းပါးပြိုတာ၊ ရေတိုက်စားတာတွေ စိုးရိမ်ရပါတယ်" ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မှု ကန့်ကွက်ကြောင်း နှစ်ကြိမ်ဆက် ဆန္ဒပြမှုကို ဘင်၊ အုန္နဲဘုတ်၊ ဇင်ကလဲ၊ ညောင်ပင်သာ၊ လောင်းပြည့်၊ သင်တော၊ အနောက်တော၊ ကျောက်ခဲတက် စတဲ့ မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးတလျှောက် ကျေးရွာတွေက ဒေသခံပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမအကြိမ် တောင်းဆိုမှု မရတာကြောင့် အခုလို နှစ်ကြိမ်ဆက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ သပိတ်မှာ လိုက်ပါသူတစ်ဦးကလည်း ပြောပါတယ်။ "တောင်းဆိုတာက မရသေးဘူး၊ ဒါကြောင့် ဆက်ပြကြတာ၊ မြေနု၊မြေရင့် ဧကပေါင်း တစ်သောင်းကျော် ရှိတယ် ပျက်စီးနိုင်တာက" ဒီလို ဆန္ဒပြခံရတာနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူထံကို MFP က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်သူ သုံးထောင်ကျော် ရှိပြီး အဲ့ဒီ ရွှေမျောတွေကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုတွေ ရှိကာ ပြီးခဲ့တဲ့ လပိုင်းကလည်း ရွှေတူးဖော်မှုတွေ မလုပ်ဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။ လယ်ယာမြေတွေ ပျက်စီးနိုင်တာမို့ ရွှေမတူးဖို့ အောက်တိုဘာ ၂ရက်နဲ့ ၅ရက်က နှစ်ကြိမ်ဆက် ဆန္ဒပြခဲ့တဲ့ မင်းကင်းနယ် ကျေးရွာတွေဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာတွေကို တစ်ကြိမ်ထက်မက ခံခဲ့ရတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။ မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးမှာ ရွှေတူးဖော်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒေသခံတွေ ဆန္ဒပြနေစဉ်/Photo - ပေးပို့ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #မင်းကင်း #ချင်းတွင်းမြစ်ရွှေတူး
2 days ago | [YT] | 291
View 33 replies
ပခုက္ကူမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ မီးရှို့လို့ ဒေသခံပြည်သူတွေ နှစ်ထပ်ကွမ်း စစ်ရှောင်နေရ၊ အီသာရမ်/MFP၊ အောက်တိုဘာ-၃ မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲ စစ်အုပ်စုက အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ မီးရှို့နေလို့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ရှောင်စခန်းပါ ထပ်မံ မီးရှို့ခံရကာ နှစ်ထပ်ကွမ်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။ စက်တင်ဘာ တတိယပတ်က စတင်ပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ပခုက္ကူ- ရေစကြိုနယ်အစပ် ကျေးရွာတွေနဲ့ ပခုက္ကူ အနောက်ခြမ်း ကမ္မမြို့အနီးက ကျေးရွာတွေကို အဖွဲ့တွေ ခွဲကာ စစ်ကြောင်းထိုး မီးရှို့နေတာ ဖြစ်ပြီး စစ်ရှောင်စခန်းနဲ့ စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။ “သူတို့ကတော့ အင်အားပေါတာရော၊ အတွေ့အကြုံလိုချင်တာရော၊ ပြီးတော့ သူတို့ပြန်ပေးလိုက်ရတဲ့ စိုးမိုး နယ်မြေတွေကို လမ်းပိုင်းတွေကို ပြန်လိုချင်တာရော၊ ၂၀၂၅ ကုန်လောက်ထိ ထိုးမယ် ခန့်မှန်းပါတယ်။ အခုလက်ရှိကတော့ ကမ္မမှာ တစ်ကြောင်းရှိမယ်၊ ရေစကြိုနဲ့ ပခုက္ကူ - မြိုင် အစပ် ကျောက်ဖူးရွာမှာ တစ်ကြောင်းရှိမယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၂၂ ရက်က ပခုက္ကူနဲ့ ရေစကြိုနယ်အစပ်ရှိ ဘုန်းကံကျေးရွာနဲ့ ကွမ်းသီးကန်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ တဲတွေမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ အနီးအနား ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံခဲ့ရပြီး အောက်တိုဘာ ၁ ရက် ညပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းတွေ ထပ်ရောက်လာလို့ စစ်ရှောင်တွေရော ဒေသခံပြည်သူတွေပါ ညသန်းခေါင်အချိန် မိုးထဲရေထဲ ထပ်မံ ထွက်ပြေးရတယ်လို့ ဆိုပါတယ်။ ပခုက္ကူနယ် ကမ္မမြို့ အနီးမှာလည်း စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၃၀၀၀ ခန့် ထွက်ပြေး နေရပြီး အကူအညီ လိုအပ်နေတယ်လို့ ပခုက္ကူမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။ “အခုလောလောဆယ် စစ်ကြောင်းတွေအရ (စစ်ဘေးရှောင်ပြည်သူ) သုံးထောင်ကျော်လို့ ခန့်မှန်းထားတယ်ပေါ့နော်၊ ပြီးတော့ ဒါတွေကိုလည်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ တတ်နိုင်သလောက် ကူညီပေးနေတာ ရှိပါတယ်၊ ဒါပေမယ့် လိုအပ်ချက်တွေတော့ ရှိနေဆဲပဲ” ပခုက္ကူမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေဟာ နီးစပ်ရာ တောတိုက်တွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာ၊ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေသလို စားနပ်ရိက္ခာလည်း မလုံလောက်ဘဲ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုက နိုင်ငံတဝန်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ သင်တန်းပေးထားတဲ့ စစ်မှုထမ်း အပတ်စဉ် ၁၁၊ ၁၂နဲ့၁၃ က ထောင်ချီတဲ့ စစ်သားသစ်တွေကို ပခုက္ကူတပ်မ ၁၀၁ ထဲ လူသုထားပြီး နယ်ခံပျူစောထီးတွေနဲ့ ပေါင်းကာ အခုလို ပခုက္ကူနယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံတွေက ပြောပါတယ်။ ပခုက္ကူနယ် စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ နှစ်ထပ်ကွမ်း စစ်ရှောင်နေရတဲ့ ပြည်သူတွေ/Photo – CJ #Mandalay_Free_Press_MFP #အညာ #မကွေး #ပခုက္ကူ #စစ်ရှောင်စခန်းနှစ်ထပ်ကွမ်းစစ်ရှောင်
4 days ago | [YT] | 317
View 59 replies
အာဏာသိမ်း လေးနှစ်အတွင်း တန့်ဆည်နယ်က ကျေးရွာ ၁၀၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၅၀၀၀ ကျော် ပြာကျ၊ ထက်ဖြိုး/MFP ၊ အောက်တိုဘာ - ၂ အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တစ်နယ်ထဲမှာကိုပဲ စစ်အုပ်စုက ကျေးရွာပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၅၃၀၀ ကျော် ပြာကျပျက်စီးတယ်လို့ တန့်ဆည်နယ်ထဲ စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ ဒေသခံ တော်လှန်ရေး အင်အားစု Taze News အဖွဲ့က ထုတ်ပြန်ပါတယ်။ တန့်ဆည်မြို့နယ်ဟာ မြို့ပေါ် ရပ်ကွက် လေးရပ်ကွက်နဲ့ ကျေးရွာ ၂၇၁ ရွာရှိပြီး စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကနေ ယခု ၂၀၂၅ အောက်တိုဘာ လဆန်းအထိ ကျေးရွာ ၁၀၁ ရွာ မီးရှို့ဖျက်ဆီးခံရကာ စုစုပေါင်း မီးရှို့ခံရတဲ့ အကြိမ်ရေ ၁၅၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆင်ငယ်ကျေးရွာဟာ ငါးကြိမ်အထိ စီးနင်းမီးရှို့ခံရပြီး ရွာရှည်(မြောက်)ရွာနဲ့ ထန်းပင်ဆိပ်ရွာက လေးကြိမ်စီ၊ တချို့ရွာတွေက သုံးကြိမ်၊ နှစ်ကြိမ်၊ တစ်ကြိမ် စသဖြင့် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။ စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ အိုးအိမ်ပျက်စီးမှု အများဆုံး ကျေးရွာတွေဟာ ငတန်းရွာမှာ အိမ်ခြေ ၃၈၂ လုံး၊ ချောင်းရိုးရွာမှာ အိမ်ခြေ ၂၄၃ လုံးနဲ့ ရွှေလှံရွာမှာ နေအိမ် ၂၂၀ လုံး ဖြစ်တယ်လို့ Taze News ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာလည်း စစ်အုပ်စုက တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ မီးရှို့နေပြီး တန်ပဆည်နယ်ထဲ ၁၀၁ ရွာမြောက် မီးရှို့မှုအဖြစ် အောက်တိုဘာ ၁ရက်က တနယ်ရွာကို စီးနင်းကာ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ တော်လှန်ရေး တော်လှန်ရေး ရဲဘော်တစ်ဦးက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။ “မနေ့က ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်လိုက်သေးတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတော့ လေယာဉ်နဲ့ပါ လာကြဲသေးတယ်။ ဒီနေ့လည်း တနယ်ရွာထဲမှာပဲ။ သူတို့ မထွက်နိုင်သေးဘူး။ မနေ့က တနယ်ရွာကိုမီးရှို့တယ်။ ဒီနေ့တော့ ငြိမ်နေကြတယ်။ မီးရှို့တာမတွေ့ရဘူး” စစ်အုပ်စုဟာ တန့်ဆည်နယ်ထဲ စစ်ကြောင်းထိုပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၆ ရက်ကလည်း တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် သေဆုံးသူ ၁၂ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိခဲ့ပါတယ်။ ၂၀၂၁ ကနေ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ စစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ အရပ်သားနေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး တန့်ဆည်နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် ၂၀၂၃ နစ်ကုန်ပိုင်းကနေ ၂၀၂၅ နှစ်ဆန်းအထိ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ အညာမှာ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မလုပ်နိုင်ဘဲ ယာယီ ရပ်နားခဲ့ပေမယ့် ငလျင်ကြောင့် ၁၀၂၇ စစ်ဆင်ရေးတွေ ရပ်နားသွားချိန် ယခု နှစ်လယ်ပိုင်းကစလို့ စစ်အုပ်စုက အညာဒေသတွင်း တကျော့ပြန် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း တန့်ဆည်နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – CJ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #တန့်ဆည် #စစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှု
4 days ago | [YT] | 313
View 77 replies
အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အယုံကြည်မရှိကြောင်း ဆားလင်းကြီးမှာ ဆိုင်ကယ်သပိတ်မှောက်၊ဘဦး/MFP၊ စက်တင်ဘာ - ၂၁အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က သပိတ်အင်အားစုတွေ စုပေါင်းပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့မှာ ယင်းမာပင်နယ်ထဲ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ဘဲထောင်ချောက်သာ ဖြစ်တဲ့အတွက် မြို့နယ်တွင်းက ကျေးရွာတွေကို သတင်းစကားပါး အသိပေးဖို့ ဆိုင်ကယ်သပိတ် ပြုလုပ်ရတာလို့ သပိတ်မှာ ပါဝင်တဲ့ ယင်းမာပင်နယ် သပိတ်အင်အားစု အဖွဲ့ဝင်တွေက MFP ကို ပြောပါတယ်။"ကျနော်တို့ ပြောချင်တာကို ပြည်သူတွေ ကောာင်းကောင်းသိတယ်၊ စကစရဲ့ ရွေးကောက်ပွဲက မင်းအောင်လှိုင်နဲ့ လူတစုရဲ့ထွက်ပေါက်ဖြစ်နေတယ် ဆိုတာကိုလည်း ကျနော်တို့က သိစေချင်လို့ ခုလို ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့တာဖြစ်တယ်"လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။ဆားလင်းကြီးမြို့နယ်ထဲ စစ်အုပ်စုက လုံခြုံရေးတင်းကျပ်တဲ့ကြားက ဆိုင်ကယ်သပိတ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆိုင်ကယ်စီးသပိတ်ကို စက်တင်ဘာ ၂၀ရက် ဒီကနေ့ မွန်းတည့် ၁၂ နားရီအချိန်မှာ စတင်ခဲ့ပြီး ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ လက်ပံတောင်းတောင်ဒေသ ဒေါင်းတို့အားမာန်သပိတ်အင်အားစု၊ ယင်းမာပင်မောက်ခြမ်း သပိတ်အင်အားစု၊ ၅/လက်ပံတောင်းသပိတ်အင်အားစု၊ ၅/ဆလက သပိတ်အင်အားစု၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် အင်အားစု၊ အညာပစ်တိုင်းထောင်လေးများသပိတိအင်အားစု နှင့် ဒဂုံတကသများ သပိတ်အင်အားစုတို့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။Photo - ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုMFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။#Mandalay_Free_Press_MFP #MFP #စစ်ကိုင်း #ရွေးကောက်ပွဲသပိတ်
2 weeks ago | [YT] | 745
View 56 replies
သပိတ်ကျင်းမှာ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်လို့ ပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရ၊ဒေါ်လာ/MFP၊ စက်တင်ဘာ - ၂၁မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာက နေအိမ်တွေကို အဓိက ပစ်မှတ်ထားပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ရွာခံ အရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။စက်တင်ဘာ ၂၁ ရက် မွန်းလွဲ၂ နာရီဝန်းကျင်အချိန် သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာက ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဗုံးထိမှန်လို့ ဒေသခံအရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ကျောက်ဖြာကျေးရွာ အပါအဝင် သပိတ်ကျင်းနယ် မြို့၊ရွာ အများအပြားကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းက စတင်ကာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုက မန္တလေး - မိုးကုတ် ကားလမ်း အပါအဝင် သပိတ်ကျင်းနယ်ထဲက စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်လည် သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး နေ့စဉ်ရက်ဆက် မြို့၊ရွာတွေ၊ ပြည်သူတွေကို လေကြောင်းဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။စက်တင်ဘာ ၂၁ ရက် ဒီကနေ့ မွန်းလွဲ ၁နာရီမှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင်ပေါ်ကို စစ်အုပ်စုက နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦး ဒဏ်ရာရတယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။စစ်အုပ်စုဟာ သပိတ်ကျင်းနယ်က ပြည်သူတွေကို ပစ်မှတ်ထားကာ မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်ကလည်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ငါးဦး အသက်ဆုံးရှုံးခဲ့ရကာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။သပိတ်ကျင်းမြိနယ် ကျောက်ဖြာ ကျေးရွာကို စက်တင်ဘာ ၂၁ရက်နဲ့ ၁၃ရက်မှာ တစ်ကြိမ်စီ၊ ညောင်ပင်သာရွာကို စက်တင်ဘာ ၁၃ရက်မှ တစ်ကြိမ် အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo - MDY-PDFMFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။#Mandalay_Free_Press_MFP #MFP #စစ်ကိုင်း #သပိတ်ကျင်း #မန္တလေး
2 weeks ago | [YT] | 318
View 40 replies
ဗန်းမောက်မြို့ပတ်လည်က ကာကင်းတွေ သိမ်းပိုက်ပြီးနောက် မြို့ထဲကို စတင်ထိုးဖောက်နေ၊ ထက်ဖြိုး/MFP ၊ စက်တင်ဘာ - ၁၈ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့ပတ်လည်က SNA - ရှမ်းနီလက်နက်ကိုင်နဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့တွေရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေး တပ်တွေက မြို့အတွင်းပိုင်းကို စတင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က စလို့ ကသာခရိုင်ကွပ်ကဲရေးက ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ဒီကနေ့အထိ လေးရက်မြောက် ရှိလာချိန်အထိ တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “ရှေ့တန်း အနေအထားတော့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ အခြေအနေ ကောင်းတယ် ဆိုတာလေးပဲ ရသေးတာ။ မြို့အထဲကြီးတော့ မရောက်သေးဘူး။ မြို့အဝင်ဝထိတော့ တိုးကပ်သွားတာပေါ့” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ SNAနဲ့ စစ်အုပ်စု ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်မြို့ပတ်လည်က ကျေးရွာတချို့နဲ့ တောင်ကုန်းတချို့ပေါ်မှာ ကာကင်းစခန်းတွေ အဖြစ် နေရာချထားပြီး မြို့အရှေ့ဘက်မှာ ကျွဲကောကုန်း၊ အနောက်ဘက်မှာ စက်တောကုန်း၊ တောင်ဘက်မှာ မြစ်သေးချင်း စတဲ့ ရွာတွေနဲ့ တောင်ကုန်းတချို့မှာ နေရာချထားတာ ဖြစ်ပါတယ်။ ဗန်းမောက်မြို့ကို စတင် ထိုးစစ်ဆင်ချိန်ကစလို့ တော်လှန်ရေး အင်အားစုတွေက အဲဒီ ကာကင်းစခန်းတွေကို သိမ်းပိုက်ပြီး မြို့ထဲကို ထိုးဖောက်ထိုးစစ်ဆင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ငါးလကျော် ဧပြီလ ၇ ရက်က အင်းတော်မြို့ကို တော်လှန်ရေး အင်အားစုတွေက အပြီးသပ် သိပ်ပိုက်ပြီးနောက် ဗန်းမောက်မြို့က စစ်အုပ်စု အင်အားအများအပြာကို ရဟတ်ယာဉ်နဲ့ ကသာမြို့ ခံစစ်အတွက် ပို့ဆောင်ခဲ့ပါတယ်။ အင်းတော်မြို့နဲ့ ၁၀ ကျော်သာ ကွာဝေးတဲ့ ကသာမြို့ကို စစ်အုပ်စု အင်အားတွေ ပို့လိုက်တာကြောင့် ဗန်းမောက်မြို့မှာ SNA အင်အားအများစုနဲ့ ထိန်းချုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဗန်းမောက်မြို့ဟာ တော်လှန်ရေးအင်အားစုတွေ မြို့နယ်တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေနဲ့ နယ်မြေချင်း တစ်ဆက်တည်းရှိနေပြီး မြေပြင်ကနေ ဗန်းမောက်ကို စစ်အင်အား ပို့ဖို့ လွယ်ကူတဲ့နေရာ မဟုတ်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ မြို့နယ် လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်း ပါဝင်ပြီး တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။ ကချင်ပြည်အစပ်မှာ တည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဗန်းမောက်မြို့တွင်းက ပြည်သူတွေကို SNA နဲ့ စစ်အုပ်စုက မြို့အပြင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းထွက်နေသလို စစ်အုပ်စုက ဗန်းမောက်မြို့တွင်း လေကြောင်းဗုံးကြဲလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိတယ်လို့ သတင်းထွက်နေပြီး MFP အနေနဲ့ ဗန်းမောက်မြို့တွင်း အခြေအနေတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #စစ်ကိုင်း #မန္တလေး #အညာမြေသတင်း #ဗန်းမောက်မြို့
2 weeks ago | [YT] | 740
View 85 replies
မတ္တရာမှာ စစ်အုပ်စုက သင်္ဘောနှစ်စီးနဲ့ မြစ်ရိုး ရွာတွေကို စိတ်ထင်တိုင်း ပစ်သတ်နေ၊ ဒေသခံတွေ စစ်ဘေး၊ ငလျင်ဘေး သာမက ရေဘေးပါ ကြုံနေရ၊ ထင်လင်း/MFP၊ စက်တင်ဘာ - ၁၆ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း ဧရာဝတီမြစ်အတွင်းက ကျွန်းရွာတွေ အပါအဝင် မြစ်ရိုးတလျှောက် ရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေသလို သင်္ဘောနှစ်စီးနဲ့ပတ်ကာ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒေသခံပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ ရန်ပြုသတ်ဖြတ်၊ မီးရှို့တာ ခံရပြီး စစ်ဘေးရှောင် ထွက်ပြေးနေရသလို ငလျင်ဘေးကြောင့်လည်း အိုးအိမ်ပျက်စီး၊ ထိခိုက်သေဆုံးတာတွေ ကြုံခဲ့ရပြီး လက်ရှိမှာတော့ မြစ်ရေတက်လို့ ရေဘေးပါ ကြုံနေရတယ်လို့ ဆိုပါတယ်။ မတ္တရာနယ် အနောက်ခြမ်းရှိ မြေစွန်း၊ မြစ်တဘက်၊ မိုးကြိုး၊ စုပေါင်းကျွန်း၊ သဲကျွန်း၊ ဥဒိန်၊ မြွေထိန်ပင်စောက်၊ ရှင်လှ၊ ပိုဝ စတဲ့ ကျေးရွာတွေ အပါအဝင် မြစ်ရိုးတလျောက်ရှိ ကျေးရွာတွေက ပြည်သူတွေဟာ ရေဘေး၊ ငလျင်ဘေးနဲ့ စစ်ဘေးကို တပြိုင်တည်း ကြုံနေရပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းလည်း ထိုး၊ ရေလည်းတိုးလို့လေ၊ စစ်ကြောင်းထိုးတဲ့ခါကျတော့၊ ရေလည်း တိုးတဲ့ အခါကျတော့ နေစရာ မရှိကြတော့ဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ အဆိုပါ ကျေးရွာတွေက ထွက်ပြေးလာသူတွေထဲက အနည်းဆုံး အိမ်ထောင်စု ၄၀၀ ကျော်ဟာ မြစ်ကမ်းနံဘေး သောင်ခုံတွေမှာ လှေကို အိမ်သဖွယ်အသုံးချပြီး ဖြစ်သလို နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ မတ္တရာမြို့နယ် အနောက်ခြမ်းကို ဇူလိုင်လကတည်းက စစ်အုပ်စု တကျော့ပြန် စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူတွေ အနေနဲ့ စစ်ကိုင်း၊ ဝက်လက် မြို့နယ်တွေဘက် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အဲ့ဒီ စစ်ရှောင်ရာနေရာတွေကို စစ်အုပ်စုက လေကြောင်းကနေ အပြင်းအထန် ဗုံးလိုက်ကြဲကာ သတ်ဖြတ်လို့ မတ္တရာမြို့နယ်ထဲကို ပြန်ပြေး လာခဲ့ကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ဧရာဝတီမြစ်ရေလည်း တိုးနေကာ မြေပြင်စစ်ကြောင်းကပါ ထိုးလာတာကြောင့် အခက်အခဲ ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ “အဲ့ဒီရွာတွေပေါ့နော်၊ အဲ့ဒါတွေ အကုန်လုံးက မြစ်ရေလည်း တက်တဲ့ခါကျတော့ ကျွန်းတွေပေါ်ကို ရွှေ့တယ်၊ ရွှေ့တဲ့ကျွန်းတွေဘက်ကို စစ်ကြောင်းက ထိုးတဲ့ခါကျတော့ ထပ်ရွှေ့ရတယ်” စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းက စဉ့်ကိုင်ကျေးရွာကို ဇူလိုင်လထဲက စစ်ကြောင်းဝင်ကာ တပ်စွဲ ထားပြီးနောက် မတ္တရာအနောက်ခြမ်း ကျေးရွာတွေကို ဩဂုတ်လကစကာ စစ်ကြောင်း ထိုးနေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ မိုးကြိုးကျေးရွာကို စစ်အုပ်စုက ယခု စက်တင်ဘာလအတွင်း မီးနှစ်ကြိမ်ရှို့တာကြောင့် အိမ်ခြေ ၁၃လုံး ပျက်စီးခဲ့ပြီး ကျေးရွာတွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ သယ်ထုတ်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ “ပြည်သူပိုင်ပစ္စည်းကတော့ နွားတွေပါမချန် ဆိုင်ကယ်တွေ အကုန်လုံးကို မိုးကြိုးက ယူသွားတယ်၊ ရွာတန်းရှည်ကလည်း ပြည်သူပိုင် ပစ္စည်းတွေ ယူတယ်၊ သဲကျွန်းကလည်း ပြည်သူပိုင်ပစ္စည်းတွေကို ယူတယ်ဗျ၊ သဲကျွန်းကတော့ လေးယောက်သေတယ်လို့ ကြားတယ်ဗျ” တချိန်တည်းမှာပဲ မတ္တရာနယ်အနောက်ခြမ်း ဧရာဝတီမြစ်အတွင်း စစ်အုပ်စုက စစ်သင်္ဘော သံခွန်နှစ်စီးနဲ့ လှည့်ကာ မြစ်ရိုးက ရွာတွေကို စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၅ရက် မနေ့က မတ္တရာနယ် အနောက်ခြမ်း ပိုဝရွာကနေ အောက်ကို စုန်ဆင်းလာတဲ့ အဲ့းီ စစ်သင်္ဘောနှစ်စင်းဟာ သဖန်းဒေါင့်ရွာအနောက်ဘက် ရေလယ်မှာ ကျောက်ဆူးချ ရပ်ထားပြီး မြစ်ရိုးက ရွာတွေကို ရမ်းကားပစ်ခတ်နေတာလို့ ဆိုပါတယ်။ မတ္တရာနယ် အနောက်ခြမ်းမှာ စစ်အုပ်စုက ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့၊ စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုနေသလို မတ္တရာနယ် အရှေ့ခြမ်းမှာလည်း စစ်အုပ်စုက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဘေး၊ ငလျင်ဘေးနဲ့ ရေဘေးကို တပြိုင်တည်း ရင်ဆိုင်နေရတဲ့ မတ္တရာနယ် အနောက်ခြမ်း ကျေးရွာတွေက ပြည်သူတွေ/Photo - ပေးပို့ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #စစ်ကိုင်း #မန္တလေး #မတ္တရာနယ်စစ်ဘေးရှောင်ပြည်သူ
3 weeks ago | [YT] | 417
View 115 replies
ငလျင်ဒဏ်သင့် မန္တလေး တက္ကသိုလ်ကို မင်းအောင်လှိုင် မိသားစု စပ်တူပိုင်တဲ့ ကုမ္ပဏီက ပြန်လည်ပြုပြင်လုပ်ပိုင်ခွင့်ရထား၊တေဇ/MFP၊ စက်တင်ဘာ - ၁၄ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးတက္ကသိုလ် အဆောက်အအုံတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ စပ်တူပိုင်ဆိုင်တဲ့ အောင်မြင်သူ လုပ်ငန်းစုက ပြန်လည် ပြုပြင်လုပ်ပိုင်ခွင့် ရထားတယ်လို့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် တိုင်ခြောက်လုံး အပါအဝင် ဘွဲနှင်းသဘင်နဲ့ ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ပင်မဆောင် တိုင်ခြောက်လုံးဟာ မီးလောင်ကျွမ်းမှုပါ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးသလို တက္ကသိုလ် ဆရာ၊ဆရာမနဲ့ ဝန်ထမ်း လေးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။လက်ရှိမှာ မန္တလေးတက္ကသိုလ် ပင်မဆောင်နဲ့ ဘွဲ့နှင်းသဘင်တွေကို မန္တလေးမြို့ရှိ အောင်မြင်သူ လုပ်ငန်းစုက ပြန်လည် ပြုပြင်တည်ဆောက်နေတာ တွေ့ရတယ်လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။“တက္ကသိုလ် အဆောက်အဦးတွေက ပြန်ပြင်နေပြီ။ အောင်မြင်သူ ကိုစောငြိမ်းက တာဝန်ယူပြီး ပြင်နေတာ” ငလျင်ဒဏ်သင့် မန္တလေးတက္ကသိုလ် အဆောက်အဦးတွေကို ပြန်လည် ပြုပြင်နေပြီး လာမယ့် အောက်တိုဘာ လဆန်းမှာ ပြုလုပ်မယ့် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲအမီ ပြီးစီးအောင် ပြုပြင်နေတာလို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ပါတယ်။မန္တလေးတက္ကသိုလ် အဆောက်အအုံ ပြုပြင်မှုတွေကို ဩဂုတ် ၂ရက်မှာ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး အောင်မြင်သူ လုပ်ငန်းစု ပိုင်ရှင် ဦးစောငြိမ်းက ပြုပြင်နေမှုအခြေအနေတွေ ရှင်းပြခဲ့ပါတယ်။“ငလျင်ကြီးဒဏ်ကြောင့် မီးလောင်မှုဖြစ်ပွားကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ် ပင်မဆောင် အဆောက်အဦးနှင့် ဘွဲ့နှင်းသဘင်ခန်းမတို့အား ပြန်လည်ပြုပြင်မှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်နေမှုများကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ ယနေ့ သြဂုတ် ၂ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်” လို့ စစ်အုပ်စုက နိုင်ငံပိုင် သတင်းဌာနတွေကတဆင့် ထုတ်ပြန်ပါတယ်။ငလျင်ဒဏ်သင့် မန္တလေး တက္ကသိုလ် အဆေက်အအုံတွေ ပြုပြင်လုပ်ပိုင်ခွင့်အတွက် အာဏာသိမ်း စစ်အုပ်စုက ဦးစောငြိမ်းထံ ဘယ်အချိန်က ဘယ်လို လုပ်ပိုင်ခွင့်ပေးလိုက်တယ်ဆိုတာ မသိရဘဲ ဓာတ်ပုံတွေ တွေ့ရမှသာ သူတို့ လုပ်ပိုင်ခွင့်ရထားကြောင်း သိရတာလို့လည်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။မန္တလေးမြို့ အခြေစိုက် အောင်မြင်သူ စီးပွားရေး လုပ်ငန်းစုဟာ စစ်တပ်ရဲ့ မိတ်ဖက်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ယခင် စစ်ဗိုလ်ချုပ်ဟောင်း သိန်းစိန် အစိုးရ သက်တမ်းအတွင်း မန္တလေးမြို့ပေါ်က မြေကွက်အများအပြားကို လုပ်ပိုင်ခွင့် ရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်လို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေအကြောင်း စောင့်ကြည့်လေ့လာ ဖော်ပြနေတဲ့ Progressive Voice - ရှေ့ပြေးအသံ နှင့် Justice For Myanmar တို့က ထုတ်ပြန်ထားပါတယ်။“အောင်မြင်သူ ကုမ္ပဏီပိုင်ရှင် ဦးစောငြိမ်းသည် စစ်တပ်ပိုင် ဘိလပ်မြေစက်ရုံဖြစ်သော ဆင်မင်း ကုမ္ပဏီတွင်လည်း ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း၊ အောင်မြင်သူကုမ္ပဏီသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနှင့် နီးကပ်သည့် ဆက်နွယ်မှု ရှိပြီး မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်သည် Apower Co. Ltd ၏ ရှယ်ယာရှင်နှင့် ဒါရိုက်တာ တစ်ဦးဖြစ်ခဲ့သလို သားမက်ဖြစ်သူ လင်းမြင့်ဖွေးသည်လည်း Minn Pyae Tagon Industrial Co. Ltd ၏ ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခုလုံးသည် Aung Myin Thu Group ၏ ကုမ္ပဏီခွဲများ ဖြစ်ကြကြောင်း” Justice For Myanmar နှင့် Progressive Voice - ရှေ့ပြေးအသံ အဖွဲ့တို့က ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်မှာ သတင်းထုတ်ပြန်ထားပါတယ်။၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောင်မြင်သူ လုပ်ငန်းစုနဲ့ ဦးစောငြိမ်းကို လုပ်ပိုင်ခွင့်တွေ ချပေးနေတာ တွေ့ရပြီး မေမြို့ရဲ့ မြို့လယ်၊ မြေတန်ဘိုးအမြင့်ဆုံး နေရာမှာ တည်ရှိတဲ့ စျေးလေး ခေါ် ဉာဏ်တောစျေးကို မူလပိုင်ရှင် စျေးသည်တွေ ဖယ်ခိုင်းပြီး အထပ်မြင့် စျေးအသစ်ဆောက်ရာမှာလည်း အောင်မြင်သူ လုပ်ငန်းစု ဦးစောငြိမ်းက ဆောက်လုပ်ခွင့် ရရှိထားပါတယ်။မန္တလေး တက္ကသိုလ် အဆောက်အအုံတွေကို ပြန်လည် ပြုပြင်လုပ်ပိုင်ခွင့် ရထားတဲ့ အောင်မြင်သူ လုပ်ငန်းစု ပိုင်ရှင် ဦးစောငြိမ်းနဲ့ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်/Photo - စစ်အုပ်စုMFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP#စစ်ကိုင်း #မန္တလေး #မကွေး #အညာမြေသတင်း
3 weeks ago | [YT] | 190
View 35 replies
Load more
Mandalay Free Press - MFP
သပိတ်ကျင်း ၉မိုင်ရွာအနီး တိုက်ပွဲ အပြင်းအထန် ဖြစ်နေ၊
စစ်အုပ်စုက မန္တလေး - မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ ကြိုးစားနေပြီး ဒေသခံတွေ ထွက်ပြေးနေရ၊
ထင်လင်း/MFP၊ အောက်တိုဘာ - ၈
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၉မိုင်ကျေးရွာ အနီးမှာ ယခုရက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွါးနေပြီး စစ်အုပ်စုက မန္တလေး - မိုးကုတ် လမ်းပေါ် ခြေချနိုင်ဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။
၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သပိတ်ကျင်းနယ် တိုက်ပွဲတွေမှာ စစ်ရှုံးပြီးနောက် ၇ မိုင်ရွာနဲ့ တွင်းငယ်ရွာအနီး လက်ကျန် စစ်စခန်းတွေထဲ နှစ်နဲ့ချီကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုဟာ လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူတွေနဲ့ ပြန်လည် ဖောက်ထွက် ထိုးစစ်ဆင်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ ဆက်လက် နယ်မြေချဲ့ထွင်နိုင်ဖို့ စစ်ကြောင်းထိုးနေပြီး အဓိကအားဖြင့် မန္တလေး - မိုးကုတ် ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ဖို့ ကြိုးစားနေကာ တဖြည်းဖြည်း ရှေ့တိုးလာနေပြီး စက်တင်ဘာ လကုန်ပိုင်းမှာ ကားလမ်းမကြီးနဲ့ မီတာ ၂၀၀၀ ခန့်အကွာ လမ်းလယ်ကျစ် ကျေးရွာကို သိမ်းယူနိုင်ခဲ့ပါတယ်။
ယခု အောက်တိုဘာ လဆန်းပိုင်းမှာ ၇မိုင်ကျေးရွာအနီးက တော်လှန်ရေးအင်အားစုတွေရဲ့ ရှေ့တန်း အထိုင်နေရာတွေကို သိမ်းယူပြီး ၉မိုင်ကျေးရွာအနီးထိ တိုးကပ်လာကာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“လမ်းလယ်ကျစ်က ခွေးထိုင်နေပြီ၊ ၇မိုင်ပွိုင့်တွေ ပေးလိုက်ရပြီ၊ ၉မိုင်နားလေး ဝန်းကျင်ရောက်နေပြီ စကစ က” လို့ မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အဆိုပါ ဒေသတဝိုက်ရှိ ကျေးရွာတွေက ပြည်သူ ထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု သိမ်းယူထားတဲ့ သပိတ်ကျင်းမြို့ပေါ် အပါအဝင် မြို့နယ်ရဲ့ အလယ်ကြောမှာ ရှိတဲ့ ပေသောင်၊ ဂွေးပင်မှော်၊ ကဘဲ့ကြီး၊ အိုင်ယား၊ သင်ပေါင်းချောင်း၊ ခလမ်းဂျစ်၊ ညောင်ချိုအိုက်၊ မြိုင်သာယာ၊ ၄မိုင်၊ ၅မိုင်၊ ၆မိုင်၊ ၇မိုင်၊ ၉မိုင်၊ ရွှေမွှေးချောင်း၊ ဒူးဆစ်ချောင်း၊ ရေပူလယ်တီ၊ ဖိုကုန်း တောတိုက်၊ လမ်းလယ်ကျစ်၊ ဓာတ်ကိုက်၊ ဇရပ်ကွင်းနဲ့ ဝါးဖြူတောင် စတဲ့ ကျေးရွာတွေက ဒေသခံ အတော်များများ ဘေးလွတ်မယ်ထင်တဲ့နေရာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို တော်လှန်ရေး အင်အားစုတွေက ဦးဆောင်ကာ ဆေးဝါးနဲ့ အရေးပေါ် ကူညီမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းနယ် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ အောက်တိုဘာ ၄ရက်က သပိတ်ကျင်းနယ် ၉ မိုင်ရွာ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF အလောင်း နှစ်လောင်းနဲ့ Type-81 သေနတ် နှစ်လက် သိမ်းဆည်းရမိပြီး စစ်အုပ်စုဘက်က သုံးယောက် ဒဏ်ရာရတယ်လို့ စစ်ဘော်လီတွေက ဆိုပါတယ်။
သပိတ်ကျင်းမြို့နဲ့ မန္တလေး - မိုးကုတ် လမ်း အပါအဝင် သပိတ်ကျင်းနယ် စစ်စခန်း အများအပြားကို ၂၀၂၄ နှစ်လယ်ပိုင်း ကတည်းက တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက တရုတ်အားကိုး၊ လေကြောင်းအားကိုးနဲ့ စစ်ရှုံးထားတဲ့ မြို့ရွာတွေ ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ သပိတ်ကျင်းနယ်က စစ်ဘေးရှောင် ပြည်သူတွေ/Photo - ထင်လင်း/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မန္တလေး #သပိတ်ကျင်း #၇မိုင်ရွာ
1 hour ago | [YT] | 35
View 13 replies
Mandalay Free Press - MFP
မုံရွာ ချောင်းဦးနယ် သီတင်းကျွတ် ဆီးမီးသပိတ် ဗုံးကြဲခံရကာ လူ ၄၀ ကျော် သေဆုံး၊
MN/MFP ၊ အောက်တိုဘာ - ၇
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင် ဆန့်ရှင်ရေး သပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လသားအရွယ် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။
သေဆုံးသူတွေထဲ မုံရွာ - အမြင့်လမ်း သပိတ် ဦးဆောင်ကော်တီဝင် လူငယ်တွေ၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ပါတယ်။
ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့် ည ၈နာရီ ဝန်းကျင် စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ် ပြုလုပ်နေချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ တက်လာတဲ့ စက်တပ်လေထီး - ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသရေး လုပ်ငန်းတွေ မလုပ်ဝံ့ဘဲ အခက်အခဲဖြစ်စေဖို့အတွက် ချောင်းဦးနယ်ထဲ လှည့်ပတ်ကာ ပါရာမိုတာ နှစ်စီးနဲ့ မရပ်မနား ဗုံးကြဲခဲ့သလို မုံရွာမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ချောင်းဦး #သီတင်းကျွတ်ဆီမီးသပိတ်
21 hours ago | [YT] | 306
View 31 replies
Mandalay Free Press - MFP
ချင်းတွင်းမြစ်အတွင်း ရွှေ မတူးဖို့ မင်းကင်းဒေသခံတွေ နှစ်ကြိမ်ဆက် ဆန္ဒပြ၊
ကိုသူ /MFP၊ အောက်တိုဘာ - ၅
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လောင်းပြည့် ကျေးရွာအနီးက ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ရာချီတဲ့ ဒေသခံတွေက အောက်တိုဘာ ၂ရက်နဲ့ ၅ရက်တွေမှာ နှစ်ကြိမ်ဆက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။
လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းမှာ ရွှေတူးဖော်ဖို့ မင်းကင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ခံနဲ့ ပြည့်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တာဝန်ခံတို့က စီစဉ်နေတာဖြစ်ပြီး ရွှေတူးဖော်ပါက လယ်ဧက တစ်သောင်းကျော် ပျက်စီးသွားနိုင်တာကြောင့် ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ သပိတ်ဦးဆောင်သူ တစ်ဦးက MFP ကို ပြောပါတယ်။
"ဒီတူးမယ့်နေရာက မြေနုကျွန်းတွေ ပျက်စီးသွားနိုင်တယ်။ အိမ်ထောင်စု နှစ်ထောင်ကျော် စားဝတ်နေရေး အသက်သွေးကြော ဖြစ်ပါတယ်။ ဒီ ကျွန်းပေါ်မှာ မှီတင်း နေကြရတာ၊ ဒီနေရာမှာ ရွှေမျော လုပ်ကိုင်ကြမယ်ဆို ကမ်းပါးပြိုတာ၊ ရေတိုက်စားတာတွေ စိုးရိမ်ရပါတယ်"
ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မှု ကန့်ကွက်ကြောင်း နှစ်ကြိမ်ဆက် ဆန္ဒပြမှုကို ဘင်၊ အုန္နဲဘုတ်၊ ဇင်ကလဲ၊ ညောင်ပင်သာ၊ လောင်းပြည့်၊ သင်တော၊ အနောက်တော၊ ကျောက်ခဲတက် စတဲ့ မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးတလျှောက် ကျေးရွာတွေက ဒေသခံပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ပထမအကြိမ် တောင်းဆိုမှု မရတာကြောင့် အခုလို နှစ်ကြိမ်ဆက် ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ သပိတ်မှာ လိုက်ပါသူတစ်ဦးကလည်း ပြောပါတယ်။
"တောင်းဆိုတာက မရသေးဘူး၊ ဒါကြောင့် ဆက်ပြကြတာ၊ မြေနု၊မြေရင့် ဧကပေါင်း တစ်သောင်းကျော် ရှိတယ် ပျက်စီးနိုင်တာက"
ဒီလို ဆန္ဒပြခံရတာနဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူထံကို MFP က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်သူ သုံးထောင်ကျော် ရှိပြီး အဲ့ဒီ ရွှေမျောတွေကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးမှုတွေ ရှိကာ ပြီးခဲ့တဲ့ လပိုင်းကလည်း ရွှေတူးဖော်မှုတွေ မလုပ်ဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။
လယ်ယာမြေတွေ ပျက်စီးနိုင်တာမို့ ရွှေမတူးဖို့ အောက်တိုဘာ ၂ရက်နဲ့ ၅ရက်က နှစ်ကြိမ်ဆက် ဆန္ဒပြခဲ့တဲ့ မင်းကင်းနယ် ကျေးရွာတွေဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာတွေကို တစ်ကြိမ်ထက်မက ခံခဲ့ရတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။
မင်းကင်းနယ် ချင်းတွင်းမြစ်ရိုးမှာ ရွှေတူးဖော်မယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ဒေသခံတွေ ဆန္ဒပြနေစဉ်/Photo - ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မင်းကင်း #ချင်းတွင်းမြစ်ရွှေတူး
2 days ago | [YT] | 291
View 33 replies
Mandalay Free Press - MFP
ပခုက္ကူမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ မီးရှို့လို့ ဒေသခံပြည်သူတွေ နှစ်ထပ်ကွမ်း စစ်ရှောင်နေရ၊
အီသာရမ်/MFP၊ အောက်တိုဘာ-၃
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲ စစ်အုပ်စုက အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ မီးရှို့နေလို့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ရှောင်စခန်းပါ ထပ်မံ မီးရှို့ခံရကာ နှစ်ထပ်ကွမ်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
စက်တင်ဘာ တတိယပတ်က စတင်ပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ပခုက္ကူ- ရေစကြိုနယ်အစပ် ကျေးရွာတွေနဲ့ ပခုက္ကူ အနောက်ခြမ်း ကမ္မမြို့အနီးက ကျေးရွာတွေကို အဖွဲ့တွေ ခွဲကာ စစ်ကြောင်းထိုး မီးရှို့နေတာ ဖြစ်ပြီး စစ်ရှောင်စခန်းနဲ့ စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
“သူတို့ကတော့ အင်အားပေါတာရော၊ အတွေ့အကြုံလိုချင်တာရော၊ ပြီးတော့ သူတို့ပြန်ပေးလိုက်ရတဲ့ စိုးမိုး နယ်မြေတွေကို လမ်းပိုင်းတွေကို ပြန်လိုချင်တာရော၊ ၂၀၂၅ ကုန်လောက်ထိ ထိုးမယ် ခန့်မှန်းပါတယ်။ အခုလက်ရှိကတော့ ကမ္မမှာ တစ်ကြောင်းရှိမယ်၊ ရေစကြိုနဲ့ ပခုက္ကူ - မြိုင် အစပ် ကျောက်ဖူးရွာမှာ တစ်ကြောင်းရှိမယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၂၂ ရက်က ပခုက္ကူနဲ့ ရေစကြိုနယ်အစပ်ရှိ ဘုန်းကံကျေးရွာနဲ့ ကွမ်းသီးကန်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ တဲတွေမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ အနီးအနား ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံခဲ့ရပြီး အောက်တိုဘာ ၁ ရက် ညပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းတွေ ထပ်ရောက်လာလို့ စစ်ရှောင်တွေရော ဒေသခံပြည်သူတွေပါ ညသန်းခေါင်အချိန် မိုးထဲရေထဲ ထပ်မံ ထွက်ပြေးရတယ်လို့ ဆိုပါတယ်။
ပခုက္ကူနယ် ကမ္မမြို့ အနီးမှာလည်း စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၃၀၀၀ ခန့် ထွက်ပြေး နေရပြီး အကူအညီ လိုအပ်နေတယ်လို့ ပခုက္ကူမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။
“အခုလောလောဆယ် စစ်ကြောင်းတွေအရ (စစ်ဘေးရှောင်ပြည်သူ) သုံးထောင်ကျော်လို့ ခန့်မှန်းထားတယ်ပေါ့နော်၊ ပြီးတော့ ဒါတွေကိုလည်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ တတ်နိုင်သလောက် ကူညီပေးနေတာ ရှိပါတယ်၊ ဒါပေမယ့် လိုအပ်ချက်တွေတော့ ရှိနေဆဲပဲ”
ပခုက္ကူမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေဟာ နီးစပ်ရာ တောတိုက်တွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာ၊ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေသလို စားနပ်ရိက္ခာလည်း မလုံလောက်ဘဲ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက နိုင်ငံတဝန်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ သင်တန်းပေးထားတဲ့ စစ်မှုထမ်း အပတ်စဉ် ၁၁၊ ၁၂နဲ့၁၃ က ထောင်ချီတဲ့ စစ်သားသစ်တွေကို ပခုက္ကူတပ်မ ၁၀၁ ထဲ လူသုထားပြီး နယ်ခံပျူစောထီးတွေနဲ့ ပေါင်းကာ အခုလို ပခုက္ကူနယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူနယ် စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ နှစ်ထပ်ကွမ်း စစ်ရှောင်နေရတဲ့ ပြည်သူတွေ/Photo – CJ
#Mandalay_Free_Press_MFP
#အညာ #မကွေး #ပခုက္ကူ #စစ်ရှောင်စခန်းနှစ်ထပ်ကွမ်းစစ်ရှောင်
4 days ago | [YT] | 317
View 59 replies
Mandalay Free Press - MFP
အာဏာသိမ်း လေးနှစ်အတွင်း တန့်ဆည်နယ်က ကျေးရွာ ၁၀၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၅၀၀၀ ကျော် ပြာကျ၊
ထက်ဖြိုး/MFP ၊ အောက်တိုဘာ - ၂
အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တစ်နယ်ထဲမှာကိုပဲ စစ်အုပ်စုက ကျေးရွာပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၅၃၀၀ ကျော် ပြာကျပျက်စီးတယ်လို့ တန့်ဆည်နယ်ထဲ စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ ဒေသခံ တော်လှန်ရေး အင်အားစု Taze News အဖွဲ့က ထုတ်ပြန်ပါတယ်။
တန့်ဆည်မြို့နယ်ဟာ မြို့ပေါ် ရပ်ကွက် လေးရပ်ကွက်နဲ့ ကျေးရွာ ၂၇၁ ရွာရှိပြီး စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကနေ ယခု ၂၀၂၅ အောက်တိုဘာ လဆန်းအထိ ကျေးရွာ ၁၀၁ ရွာ မီးရှို့ဖျက်ဆီးခံရကာ စုစုပေါင်း မီးရှို့ခံရတဲ့ အကြိမ်ရေ ၁၅၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ငယ်ကျေးရွာဟာ ငါးကြိမ်အထိ စီးနင်းမီးရှို့ခံရပြီး ရွာရှည်(မြောက်)ရွာနဲ့ ထန်းပင်ဆိပ်ရွာက လေးကြိမ်စီ၊ တချို့ရွာတွေက သုံးကြိမ်၊ နှစ်ကြိမ်၊ တစ်ကြိမ် စသဖြင့် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။
စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ အိုးအိမ်ပျက်စီးမှု အများဆုံး ကျေးရွာတွေဟာ ငတန်းရွာမှာ အိမ်ခြေ ၃၈၂ လုံး၊ ချောင်းရိုးရွာမှာ အိမ်ခြေ ၂၄၃ လုံးနဲ့ ရွှေလှံရွာမှာ နေအိမ် ၂၂၀ လုံး ဖြစ်တယ်လို့ Taze News ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုက တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ မီးရှို့နေပြီး တန်ပဆည်နယ်ထဲ ၁၀၁ ရွာမြောက် မီးရှို့မှုအဖြစ် အောက်တိုဘာ ၁ရက်က တနယ်ရွာကို စီးနင်းကာ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ တော်လှန်ရေး တော်လှန်ရေး ရဲဘော်တစ်ဦးက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
“မနေ့က ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်လိုက်သေးတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတော့ လေယာဉ်နဲ့ပါ လာကြဲသေးတယ်။ ဒီနေ့လည်း တနယ်ရွာထဲမှာပဲ။ သူတို့ မထွက်နိုင်သေးဘူး။ မနေ့က တနယ်ရွာကိုမီးရှို့တယ်။ ဒီနေ့တော့ ငြိမ်နေကြတယ်။ မီးရှို့တာမတွေ့ရဘူး”
စစ်အုပ်စုဟာ တန့်ဆည်နယ်ထဲ စစ်ကြောင်းထိုပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၆ ရက်ကလည်း တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် သေဆုံးသူ ၁၂ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိခဲ့ပါတယ်။
၂၀၂၁ ကနေ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ စစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ အရပ်သားနေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး တန့်ဆည်နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ၂၀၂၃ နစ်ကုန်ပိုင်းကနေ ၂၀၂၅ နှစ်ဆန်းအထိ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ အညာမှာ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မလုပ်နိုင်ဘဲ ယာယီ ရပ်နားခဲ့ပေမယ့် ငလျင်ကြောင့် ၁၀၂၇ စစ်ဆင်ရေးတွေ ရပ်နားသွားချိန် ယခု နှစ်လယ်ပိုင်းကစလို့ စစ်အုပ်စုက အညာဒေသတွင်း တကျော့ပြန် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – CJ
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #တန့်ဆည် #စစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှု
4 days ago | [YT] | 313
View 77 replies
Mandalay Free Press - MFP
အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အယုံကြည်မရှိကြောင်း ဆားလင်းကြီးမှာ ဆိုင်ကယ်သပိတ်မှောက်၊
ဘဦး/MFP၊ စက်တင်ဘာ - ၂၁
အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က သပိတ်အင်အားစုတွေ စုပေါင်းပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့မှာ ယင်းမာပင်နယ်ထဲ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ဘဲထောင်ချောက်သာ ဖြစ်တဲ့အတွက် မြို့နယ်တွင်းက ကျေးရွာတွေကို သတင်းစကားပါး အသိပေးဖို့ ဆိုင်ကယ်သပိတ် ပြုလုပ်ရတာလို့ သပိတ်မှာ ပါဝင်တဲ့ ယင်းမာပင်နယ် သပိတ်အင်အားစု အဖွဲ့ဝင်တွေက MFP ကို ပြောပါတယ်။
"ကျနော်တို့ ပြောချင်တာကို ပြည်သူတွေ ကောာင်းကောင်းသိတယ်၊ စကစရဲ့ ရွေးကောက်ပွဲက မင်းအောင်လှိုင်နဲ့ လူတစုရဲ့ထွက်ပေါက်ဖြစ်နေတယ် ဆိုတာကိုလည်း ကျနော်တို့က သိစေချင်လို့ ခုလို ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့တာဖြစ်တယ်"လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲ စစ်အုပ်စုက လုံခြုံရေးတင်းကျပ်တဲ့ကြားက ဆိုင်ကယ်သပိတ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆိုင်ကယ်စီးသပိတ်ကို စက်တင်ဘာ ၂၀ရက် ဒီကနေ့ မွန်းတည့် ၁၂ နားရီအချိန်မှာ စတင်ခဲ့ပြီး ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ လက်ပံတောင်းတောင်ဒေသ ဒေါင်းတို့အားမာန်သပိတ်အင်အားစု၊ ယင်းမာပင်မောက်ခြမ်း သပိတ်အင်အားစု၊ ၅/လက်ပံတောင်းသပိတ်အင်အားစု၊ ၅/ဆလက သပိတ်အင်အားစု၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် အင်အားစု၊ အညာပစ်တိုင်းထောင်လေးများသပိတိအင်အားစု နှင့် ဒဂုံတကသများ သပိတ်အင်အားစုတို့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Photo - ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#MFP #စစ်ကိုင်း #ရွေးကောက်ပွဲသပိတ်
2 weeks ago | [YT] | 745
View 56 replies
Mandalay Free Press - MFP
သပိတ်ကျင်းမှာ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်လို့ ပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရ၊
ဒေါ်လာ/MFP၊ စက်တင်ဘာ - ၂၁
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာက နေအိမ်တွေကို အဓိက ပစ်မှတ်ထားပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ရွာခံ အရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ ၂၁ ရက် မွန်းလွဲ၂ နာရီဝန်းကျင်အချိန် သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာက ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ ဒေသခံအရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။
ကျောက်ဖြာကျေးရွာ အပါအဝင် သပိတ်ကျင်းနယ် မြို့၊ရွာ အများအပြားကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းက စတင်ကာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုက မန္တလေး - မိုးကုတ် ကားလမ်း အပါအဝင် သပိတ်ကျင်းနယ်ထဲက စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်လည် သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး နေ့စဉ်ရက်ဆက် မြို့၊ရွာတွေ၊ ပြည်သူတွေကို လေကြောင်းဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် ဒီကနေ့ မွန်းလွဲ ၁နာရီမှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင်ပေါ်ကို စစ်အုပ်စုက နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦး ဒဏ်ရာရတယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စုဟာ သပိတ်ကျင်းနယ်က ပြည်သူတွေကို ပစ်မှတ်ထားကာ မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်ကလည်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ငါးဦး အသက်ဆုံးရှုံးခဲ့ရကာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြိနယ် ကျောက်ဖြာ ကျေးရွာကို စက်တင်ဘာ ၂၁ရက်နဲ့ ၁၃ရက်မှာ တစ်ကြိမ်စီ၊ ညောင်ပင်သာရွာကို စက်တင်ဘာ ၁၃ရက်မှ တစ်ကြိမ် အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo - MDY-PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#MFP #စစ်ကိုင်း #သပိတ်ကျင်း #မန္တလေး
2 weeks ago | [YT] | 318
View 40 replies
Mandalay Free Press - MFP
ဗန်းမောက်မြို့ပတ်လည်က ကာကင်းတွေ သိမ်းပိုက်ပြီးနောက် မြို့ထဲကို စတင်ထိုးဖောက်နေ၊
ထက်ဖြိုး/MFP ၊ စက်တင်ဘာ - ၁၈
စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့ပတ်လည်က SNA - ရှမ်းနီလက်နက်ကိုင်နဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့တွေရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေး တပ်တွေက မြို့အတွင်းပိုင်းကို စတင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - အဖွဲ့ဝင် တစ်ဦးက MFP ကို ပြောပါတယ်။
ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က စလို့ ကသာခရိုင်ကွပ်ကဲရေးက ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ဒီကနေ့အထိ လေးရက်မြောက် ရှိလာချိန်အထိ တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရှေ့တန်း အနေအထားတော့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ အခြေအနေ ကောင်းတယ် ဆိုတာလေးပဲ ရသေးတာ။ မြို့အထဲကြီးတော့ မရောက်သေးဘူး။ မြို့အဝင်ဝထိတော့ တိုးကပ်သွားတာပေါ့” လို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
SNAနဲ့ စစ်အုပ်စု ပူးပေါင်းအဖွဲ့ဟာ ဗန်းမောက်မြို့ပတ်လည်က ကျေးရွာတချို့နဲ့ တောင်ကုန်းတချို့ပေါ်မှာ ကာကင်းစခန်းတွေ အဖြစ် နေရာချထားပြီး မြို့အရှေ့ဘက်မှာ ကျွဲကောကုန်း၊ အနောက်ဘက်မှာ စက်တောကုန်း၊ တောင်ဘက်မှာ မြစ်သေးချင်း စတဲ့ ရွာတွေနဲ့ တောင်ကုန်းတချို့မှာ နေရာချထားတာ ဖြစ်ပါတယ်။
ဗန်းမောက်မြို့ကို စတင် ထိုးစစ်ဆင်ချိန်ကစလို့ တော်လှန်ရေး အင်အားစုတွေက အဲဒီ ကာကင်းစခန်းတွေကို သိမ်းပိုက်ပြီး မြို့ထဲကို ထိုးဖောက်ထိုးစစ်ဆင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ငါးလကျော် ဧပြီလ ၇ ရက်က အင်းတော်မြို့ကို တော်လှန်ရေး အင်အားစုတွေက အပြီးသပ် သိပ်ပိုက်ပြီးနောက် ဗန်းမောက်မြို့က စစ်အုပ်စု အင်အားအများအပြာကို ရဟတ်ယာဉ်နဲ့ ကသာမြို့ ခံစစ်အတွက် ပို့ဆောင်ခဲ့ပါတယ်။
အင်းတော်မြို့နဲ့ ၁၀ ကျော်သာ ကွာဝေးတဲ့ ကသာမြို့ကို စစ်အုပ်စု အင်အားတွေ ပို့လိုက်တာကြောင့် ဗန်းမောက်မြို့မှာ SNA အင်အားအများစုနဲ့ ထိန်းချုပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဗန်းမောက်မြို့ဟာ တော်လှန်ရေးအင်အားစုတွေ မြို့နယ်တစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်တွေနဲ့ နယ်မြေချင်း တစ်ဆက်တည်းရှိနေပြီး မြေပြင်ကနေ ဗန်းမောက်ကို စစ်အင်အား ပို့ဖို့ လွယ်ကူတဲ့နေရာ မဟုတ်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မြို့နယ် လေးမြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ ကသာခရိုင်ထဲမှာ ဗန်းမောက်မြို့နယ်လည်း ပါဝင်ပြီး တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တို့လည်း ပါဝင်ပါတယ်။
ကချင်ပြည်အစပ်မှာ တည်ရှိတဲ့ ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဗန်းမောက်မြို့တွင်းက ပြည်သူတွေကို SNA နဲ့ စစ်အုပ်စုက မြို့အပြင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းထွက်နေသလို စစ်အုပ်စုက ဗန်းမောက်မြို့တွင်း လေကြောင်းဗုံးကြဲလို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိတယ်လို့ သတင်းထွက်နေပြီး MFP အနေနဲ့ ဗန်းမောက်မြို့တွင်း အခြေအနေတွေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #မန္တလေး #အညာမြေသတင်း #ဗန်းမောက်မြို့
2 weeks ago | [YT] | 740
View 85 replies
Mandalay Free Press - MFP
မတ္တရာမှာ စစ်အုပ်စုက သင်္ဘောနှစ်စီးနဲ့ မြစ်ရိုး ရွာတွေကို စိတ်ထင်တိုင်း ပစ်သတ်နေ၊
ဒေသခံတွေ စစ်ဘေး၊ ငလျင်ဘေး သာမက ရေဘေးပါ ကြုံနေရ၊
ထင်လင်း/MFP၊ စက်တင်ဘာ - ၁၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း ဧရာဝတီမြစ်အတွင်းက ကျွန်းရွာတွေ အပါအဝင် မြစ်ရိုးတလျှောက် ရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေသလို သင်္ဘောနှစ်စီးနဲ့ပတ်ကာ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒေသခံပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ ရန်ပြုသတ်ဖြတ်၊ မီးရှို့တာ ခံရပြီး စစ်ဘေးရှောင် ထွက်ပြေးနေရသလို ငလျင်ဘေးကြောင့်လည်း အိုးအိမ်ပျက်စီး၊ ထိခိုက်သေဆုံးတာတွေ ကြုံခဲ့ရပြီး လက်ရှိမှာတော့ မြစ်ရေတက်လို့ ရေဘေးပါ ကြုံနေရတယ်လို့ ဆိုပါတယ်။
မတ္တရာနယ် အနောက်ခြမ်းရှိ မြေစွန်း၊ မြစ်တဘက်၊ မိုးကြိုး၊ စုပေါင်းကျွန်း၊ သဲကျွန်း၊ ဥဒိန်၊ မြွေထိန်ပင်စောက်၊ ရှင်လှ၊ ပိုဝ စတဲ့ ကျေးရွာတွေ အပါအဝင် မြစ်ရိုးတလျောက်ရှိ ကျေးရွာတွေက ပြည်သူတွေဟာ ရေဘေး၊ ငလျင်ဘေးနဲ့ စစ်ဘေးကို တပြိုင်တည်း ကြုံနေရပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းလည်း ထိုး၊ ရေလည်းတိုးလို့လေ၊ စစ်ကြောင်းထိုးတဲ့ခါကျတော့၊ ရေလည်း တိုးတဲ့ အခါကျတော့ နေစရာ မရှိကြတော့ဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
အဆိုပါ ကျေးရွာတွေက ထွက်ပြေးလာသူတွေထဲက အနည်းဆုံး အိမ်ထောင်စု ၄၀၀ ကျော်ဟာ မြစ်ကမ်းနံဘေး သောင်ခုံတွေမှာ လှေကို အိမ်သဖွယ်အသုံးချပြီး ဖြစ်သလို နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ် အနောက်ခြမ်းကို ဇူလိုင်လကတည်းက စစ်အုပ်စု တကျော့ပြန် စစ်ကြောင်းထိုးလို့ ဒေသခံပြည်သူတွေ အနေနဲ့ စစ်ကိုင်း၊ ဝက်လက် မြို့နယ်တွေဘက် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အဲ့ဒီ စစ်ရှောင်ရာနေရာတွေကို စစ်အုပ်စုက လေကြောင်းကနေ အပြင်းအထန် ဗုံးလိုက်ကြဲကာ သတ်ဖြတ်လို့ မတ္တရာမြို့နယ်ထဲကို ပြန်ပြေး လာခဲ့ကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ဧရာဝတီမြစ်ရေလည်း တိုးနေကာ မြေပြင်စစ်ကြောင်းကပါ ထိုးလာတာကြောင့် အခက်အခဲ ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲ့ဒီရွာတွေပေါ့နော်၊ အဲ့ဒါတွေ အကုန်လုံးက မြစ်ရေလည်း တက်တဲ့ခါကျတော့ ကျွန်းတွေပေါ်ကို ရွှေ့တယ်၊ ရွှေ့တဲ့ကျွန်းတွေဘက်ကို စစ်ကြောင်းက ထိုးတဲ့ခါကျတော့ ထပ်ရွှေ့ရတယ်”
စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းက စဉ့်ကိုင်ကျေးရွာကို ဇူလိုင်လထဲက စစ်ကြောင်းဝင်ကာ တပ်စွဲ ထားပြီးနောက် မတ္တရာအနောက်ခြမ်း ကျေးရွာတွေကို ဩဂုတ်လကစကာ စစ်ကြောင်း ထိုးနေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
မိုးကြိုးကျေးရွာကို စစ်အုပ်စုက ယခု စက်တင်ဘာလအတွင်း မီးနှစ်ကြိမ်ရှို့တာကြောင့် အိမ်ခြေ ၁၃လုံး ပျက်စီးခဲ့ပြီး ကျေးရွာတွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူ သယ်ထုတ်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူပိုင်ပစ္စည်းကတော့ နွားတွေပါမချန် ဆိုင်ကယ်တွေ အကုန်လုံးကို မိုးကြိုးက ယူသွားတယ်၊ ရွာတန်းရှည်ကလည်း ပြည်သူပိုင် ပစ္စည်းတွေ ယူတယ်၊ သဲကျွန်းကလည်း ပြည်သူပိုင်ပစ္စည်းတွေကို ယူတယ်ဗျ၊ သဲကျွန်းကတော့ လေးယောက်သေတယ်လို့ ကြားတယ်ဗျ”
တချိန်တည်းမှာပဲ မတ္တရာနယ်အနောက်ခြမ်း ဧရာဝတီမြစ်အတွင်း စစ်အုပ်စုက စစ်သင်္ဘော သံခွန်နှစ်စီးနဲ့ လှည့်ကာ မြစ်ရိုးက ရွာတွေကို စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၅ရက် မနေ့က မတ္တရာနယ် အနောက်ခြမ်း ပိုဝရွာကနေ အောက်ကို စုန်ဆင်းလာတဲ့ အဲ့းီ စစ်သင်္ဘောနှစ်စင်းဟာ သဖန်းဒေါင့်ရွာအနောက်ဘက် ရေလယ်မှာ ကျောက်ဆူးချ ရပ်ထားပြီး မြစ်ရိုးက ရွာတွေကို ရမ်းကားပစ်ခတ်နေတာလို့ ဆိုပါတယ်။
မတ္တရာနယ် အနောက်ခြမ်းမှာ စစ်အုပ်စုက ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့၊ စစ်ကြောင်းထိုး၊ လက်နက်ကြီး ထုနေသလို မတ္တရာနယ် အရှေ့ခြမ်းမှာလည်း စစ်အုပ်စုက လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေး၊ ငလျင်ဘေးနဲ့ ရေဘေးကို တပြိုင်တည်း ရင်ဆိုင်နေရတဲ့ မတ္တရာနယ် အနောက်ခြမ်း ကျေးရွာတွေက ပြည်သူတွေ/Photo - ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #မန္တလေး #မတ္တရာနယ်စစ်ဘေးရှောင်ပြည်သူ
3 weeks ago | [YT] | 417
View 115 replies
Mandalay Free Press - MFP
ငလျင်ဒဏ်သင့် မန္တလေး တက္ကသိုလ်ကို မင်းအောင်လှိုင် မိသားစု စပ်တူပိုင်တဲ့ ကုမ္ပဏီက ပြန်လည်ပြုပြင်လုပ်ပိုင်ခွင့်ရထား၊
တေဇ/MFP၊ စက်တင်ဘာ - ၁၄
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးတက္ကသိုလ် အဆောက်အအုံတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ စပ်တူပိုင်ဆိုင်တဲ့ အောင်မြင်သူ လုပ်ငန်းစုက ပြန်လည် ပြုပြင်လုပ်ပိုင်ခွင့် ရထားတယ်လို့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် တိုင်ခြောက်လုံး အပါအဝင် ဘွဲနှင်းသဘင်နဲ့ ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ပင်မဆောင် တိုင်ခြောက်လုံးဟာ မီးလောင်ကျွမ်းမှုပါ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပျက်စီးသလို တက္ကသိုလ် ဆရာ၊ဆရာမနဲ့ ဝန်ထမ်း လေးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ မန္တလေးတက္ကသိုလ် ပင်မဆောင်နဲ့ ဘွဲ့နှင်းသဘင်တွေကို မန္တလေးမြို့ရှိ အောင်မြင်သူ လုပ်ငန်းစုက ပြန်လည် ပြုပြင်တည်ဆောက်နေတာ တွေ့ရတယ်လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“တက္ကသိုလ် အဆောက်အဦးတွေက ပြန်ပြင်နေပြီ။ အောင်မြင်သူ ကိုစောငြိမ်းက တာဝန်ယူပြီး ပြင်နေတာ”
ငလျင်ဒဏ်သင့် မန္တလေးတက္ကသိုလ် အဆောက်အဦးတွေကို ပြန်လည် ပြုပြင်နေပြီး လာမယ့် အောက်တိုဘာ လဆန်းမှာ ပြုလုပ်မယ့် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲအမီ ပြီးစီးအောင် ပြုပြင်နေတာလို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ပါတယ်။
မန္တလေးတက္ကသိုလ် အဆောက်အအုံ ပြုပြင်မှုတွေကို ဩဂုတ် ၂ရက်မှာ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး အောင်မြင်သူ လုပ်ငန်းစု ပိုင်ရှင် ဦးစောငြိမ်းက ပြုပြင်နေမှုအခြေအနေတွေ ရှင်းပြခဲ့ပါတယ်။
“ငလျင်ကြီးဒဏ်ကြောင့် မီးလောင်မှုဖြစ်ပွားကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ် ပင်မဆောင် အဆောက်အဦးနှင့် ဘွဲ့နှင်းသဘင်ခန်းမတို့အား ပြန်လည်ပြုပြင်မှုများပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်နေမှုများကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ ယနေ့ သြဂုတ် ၂ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် ကာလအတွင်း ပြီးစီးရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်” လို့ စစ်အုပ်စုက နိုင်ငံပိုင် သတင်းဌာနတွေကတဆင့် ထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်သင့် မန္တလေး တက္ကသိုလ် အဆေက်အအုံတွေ ပြုပြင်လုပ်ပိုင်ခွင့်အတွက် အာဏာသိမ်း စစ်အုပ်စုက ဦးစောငြိမ်းထံ ဘယ်အချိန်က ဘယ်လို လုပ်ပိုင်ခွင့်ပေးလိုက်တယ်ဆိုတာ မသိရဘဲ ဓာတ်ပုံတွေ တွေ့ရမှသာ သူတို့ လုပ်ပိုင်ခွင့်ရထားကြောင်း သိရတာလို့လည်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
မန္တလေးမြို့ အခြေစိုက် အောင်မြင်သူ စီးပွားရေး လုပ်ငန်းစုဟာ စစ်တပ်ရဲ့ မိတ်ဖက်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ယခင် စစ်ဗိုလ်ချုပ်ဟောင်း သိန်းစိန် အစိုးရ သက်တမ်းအတွင်း မန္တလေးမြို့ပေါ်က မြေကွက်အများအပြားကို လုပ်ပိုင်ခွင့် ရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်လို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေအကြောင်း စောင့်ကြည့်လေ့လာ ဖော်ပြနေတဲ့ Progressive Voice - ရှေ့ပြေးအသံ နှင့် Justice For Myanmar တို့က ထုတ်ပြန်ထားပါတယ်။
“အောင်မြင်သူ ကုမ္ပဏီပိုင်ရှင် ဦးစောငြိမ်းသည် စစ်တပ်ပိုင် ဘိလပ်မြေစက်ရုံဖြစ်သော ဆင်မင်း ကုမ္ပဏီတွင်လည်း ဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း၊ အောင်မြင်သူကုမ္ပဏီသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနှင့် နီးကပ်သည့် ဆက်နွယ်မှု ရှိပြီး မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်သည် Apower Co. Ltd ၏ ရှယ်ယာရှင်နှင့် ဒါရိုက်တာ တစ်ဦးဖြစ်ခဲ့သလို သားမက်ဖြစ်သူ လင်းမြင့်ဖွေးသည်လည်း Minn Pyae Tagon Industrial Co. Ltd ၏ ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီနှစ်ခုလုံးသည် Aung Myin Thu Group ၏ ကုမ္ပဏီခွဲများ ဖြစ်ကြကြောင်း” Justice For Myanmar နှင့် Progressive Voice - ရှေ့ပြေးအသံ အဖွဲ့တို့က ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင်မှာ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောင်မြင်သူ လုပ်ငန်းစုနဲ့ ဦးစောငြိမ်းကို လုပ်ပိုင်ခွင့်တွေ ချပေးနေတာ တွေ့ရပြီး မေမြို့ရဲ့ မြို့လယ်၊ မြေတန်ဘိုးအမြင့်ဆုံး နေရာမှာ တည်ရှိတဲ့ စျေးလေး ခေါ် ဉာဏ်တောစျေးကို မူလပိုင်ရှင် စျေးသည်တွေ ဖယ်ခိုင်းပြီး အထပ်မြင့် စျေးအသစ်ဆောက်ရာမှာလည်း အောင်မြင်သူ လုပ်ငန်းစု ဦးစောငြိမ်းက ဆောက်လုပ်ခွင့် ရရှိထားပါတယ်။
မန္တလေး တက္ကသိုလ် အဆောက်အအုံတွေကို ပြန်လည် ပြုပြင်လုပ်ပိုင်ခွင့် ရထားတဲ့ အောင်မြင်သူ လုပ်ငန်းစု ပိုင်ရှင် ဦးစောငြိမ်းနဲ့ စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်/Photo - စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #မန္တလေး #မကွေး #အညာမြေသတင်း
3 weeks ago | [YT] | 190
View 35 replies
Load more