Mandalay Free Press - MFP

ပခုက္ကူမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ မီးရှို့လို့ ဒေသခံပြည်သူတွေ နှစ်ထပ်ကွမ်း စစ်ရှောင်နေရ၊


အီသာရမ်/MFP၊ အောက်တိုဘာ-၃


မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲ စစ်အုပ်စုက အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ မီးရှို့နေလို့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ရှောင်စခန်းပါ ထပ်မံ မီးရှို့ခံရကာ နှစ်ထပ်ကွမ်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။


စက်တင်ဘာ တတိယပတ်က စတင်ပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ပခုက္ကူ- ရေစကြိုနယ်အစပ် ကျေးရွာတွေနဲ့ ပခုက္ကူ အနောက်ခြမ်း ကမ္မမြို့အနီးက ကျေးရွာတွေကို အဖွဲ့တွေ ခွဲကာ စစ်ကြောင်းထိုး မီးရှို့နေတာ ဖြစ်ပြီး စစ်ရှောင်စခန်းနဲ့ စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။


“သူတို့ကတော့ အင်အားပေါတာရော၊ အတွေ့အကြုံလိုချင်တာရော၊ ပြီးတော့ သူတို့ပြန်ပေးလိုက်ရတဲ့ စိုးမိုး နယ်မြေတွေကို လမ်းပိုင်းတွေကို ပြန်လိုချင်တာရော၊ ၂၀၂၅ ကုန်လောက်ထိ ထိုးမယ် ခန့်မှန်းပါတယ်။ အခုလက်ရှိကတော့ ကမ္မမှာ တစ်ကြောင်းရှိမယ်၊ ရေစကြိုနဲ့ ပခုက္ကူ - မြိုင် အစပ် ကျောက်ဖူးရွာမှာ တစ်ကြောင်းရှိမယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၂၂ ရက်က ပခုက္ကူနဲ့ ရေစကြိုနယ်အစပ်ရှိ ဘုန်းကံကျေးရွာနဲ့ ကွမ်းသီးကန်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ တဲတွေမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ အနီးအနား ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံခဲ့ရပြီး အောက်တိုဘာ ၁ ရက် ညပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းတွေ ထပ်ရောက်လာလို့ စစ်ရှောင်တွေရော ဒေသခံပြည်သူတွေပါ ညသန်းခေါင်အချိန် မိုးထဲရေထဲ ထပ်မံ ထွက်ပြေးရတယ်လို့ ဆိုပါတယ်။


ပခုက္ကူနယ် ကမ္မမြို့ အနီးမှာလည်း စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၃၀၀၀ ခန့် ထွက်ပြေး နေရပြီး အကူအညီ လိုအပ်နေတယ်လို့ ပခုက္ကူမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။


“အခုလောလောဆယ် စစ်ကြောင်းတွေအရ (စစ်ဘေးရှောင်ပြည်သူ) သုံးထောင်ကျော်လို့ ခန့်မှန်းထားတယ်ပေါ့နော်၊ ပြီးတော့ ဒါတွေကိုလည်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ တတ်နိုင်သလောက် ကူညီပေးနေတာ ရှိပါတယ်၊ ဒါပေမယ့် လိုအပ်‌ချက်တွေတော့ ရှိနေဆဲပဲ”


ပခုက္ကူမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေဟာ နီးစပ်ရာ တောတိုက်တွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာ၊ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေသလို စားနပ်ရိက္ခာလည်း မလုံလောက်ဘဲ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။


စစ်အုပ်စုက နိုင်ငံတဝန်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ သင်တန်းပေးထားတဲ့ စစ်မှုထမ်း အပတ်စဉ် ၁၁၊ ၁၂နဲ့၁၃ က ထောင်ချီတဲ့ စစ်သားသစ်တွေကို ပခုက္ကူတပ်မ ၁၀၁ ထဲ လူသုထားပြီး နယ်ခံပျူစောထီးတွေနဲ့ ပေါင်းကာ အခုလို ပခုက္ကူနယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံတွေက ပြောပါတယ်။


ပခုက္ကူနယ် စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ နှစ်ထပ်ကွမ်း စစ်ရှောင်နေရတဲ့ ပြည်သူတွေ/Photo – CJ



#Mandalay_Free_Press_MFP
#အညာ #မကွေး #ပခုက္ကူ #စစ်ရှောင်စခန်းနှစ်ထပ်ကွမ်းစစ်ရှောင်

3 days ago | [YT] | 309