Dhamma Garden( K⁡ )

🪷🌲🥰တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သူတော်ကောင်းများအတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန် နေ့စဥ်တရားတော်များ မျှဝေသွားမှာဖြစ်လို့ (Subscribe) လုပ်ထားပြီး လာရောက်နာယူနိုင်ပါသည်။🙂🥰🥰

🙂🪷အကျွန်ုပ်သည် ချမ်းသာကိုယ်စိတ်မြဲရပါလို၏။🌲🌲
🥰လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။🌲🌲
🥰ဆွမ်း,ဟင်း ဒါယကာ ဒါယိကာမများစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။🌲🌲
🥰ဘေးရန်ကင်းကွာကျန်သမျှ ထမြောက်အောင်မြင်ကြပါစေ။🌲🌲
🥰သာသနာအကျိုးဆထက်တိုး သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ။🌲🌲
🥰တောင်းတရည်သန်မြတ်နိဗ္ဗာန် အမြန်ရောက်နိုင်ကြပါစေ။🌲🌲


Dhamma Garden( K⁡ )

ဓမ္မအမေးအဖြေများ အပိုင်း(၆)
၆။ မေးမြန်းသူ- မအေးချမ်းပြည့် (နဝမတန်း)
(က) မေးခွန်း - တရားဓမ္မများဖြင့် မိဘကျေးဇူး ဆပ်နိုင်ပါသလား?။
အဖြေ - တရားဓမ္မနဲ့ ကျေးဇူးဆပ်ပုံကို ခုနက ပထမ မေးခွန်းမှာ ဖြေလိုက်တယ်။ တရားဓမ္မနဲ့ ကျေးဇူးဆပ်တာဟာ ကျေးဇူးဆပ်ခြင်းမှာ အကောင်းဆုံးလို့ ဒီလိုဆိုတယ်။ ဘာကြောင့် အကောင်းဆုံးလို့ဆိုရင် မိဘတွေရဲ့ သန္တာန်မှာ တရားဓမ္မရသွားမှ မိဘကိုယ်တိုင်ဟာ သံသရာဝဋ်က လွတ်နိုင်တယ်၊ ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်။

လုပ်ကျွေးပြုစုပြီးတော့ ကျေးဇူးဆပ်တဲ့နည်းကတော့ ဒီတစ်ဘဝတာမျှသာ အကျိုးရှိကောင်းရှိမယ်၊ အကျိုးရှိနိုင်တယ်။ ဓမ္မနဲ့ မိဘကို ကျေးဇူးဆပ် မယ်ဆိုရင်တော့ တစ်ဘဝ မကဘူး၊ ဒီဓမ္မကို လိုက်နာကျင့်သုံး ခြင်းအားဖြင့် မိဘမှာ ကောင်းကျိုးချမ်းသာတွေဟာ တစ်ဘဝတင် မကဘူး၊ ဘဝပေါင်းများစွာ, နောက်ဆုံး နိဗ္ဗာန်ထိအောင် အကျိုးရှိသွားနိုင်တယ်။ ဒါကြောင့်မို့ တရားဓမ္မနဲ့ကျေးဇူးဆပ်တာကတော့ အကောင်းဆုံးလို့ မှတ်ရမှာဖြစ်တယ်။

(ခ) မေးခွန်း - ဘဝတွင် တစ်ကိုယ်ကောင်းဆန်တာ ကောင်းပါသလား?။

အဖြေ - တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့နေရာမှာ ကောင်းတာလုပ်ရင်တော့ တစ်ခါတခါ တစ်ကိုယ်ကောင်းဆန်ရမှာပဲ ဖြစ်တယ်။ ကိုယ်နဲ့ လက်တွဲဖက် မရှိဘူးဆိုရင် လူတွေဟာ အခွင့်အရေးကို ကိုယ်တစ်ယောက်တည်း ယူပြီး၊ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို မပေးဘဲနဲ့ တစ်ကိုယ်ကောင်းဆန်တာတို့ အဲဒီလိုဟာမျိုးကတော့ မကောင်းဘူး။

ကိုယ့်ကိုယ်ကို ကောင်းအောင် တစ်ကိုယ်ကောင်းဖြစ်အောင် ကြိုးစားတာကတော့ ကောင်းတယ်။ ဥပမာမယ် ကိုယ်နဲ့နေတဲ့ သူငယ်ချင်းတွေက ကိုယ့်ကျင့်တရား မကောင်းဘူးဆိုရင် ကိုယ်က ကိုယ်ကျင့်တရား ကောင်း အောင် ကြိုးစားမယ်။ သူတို့က ကုသိုလ်ကောင်းမှု သိပ်မလုပ်ဘူးဆိုရင် ကိုယ်ကလုပ်မယ်။ အဲဒါမျိုးကျတော့ ကိုယ်ကိုယ်တိုင် ကိုယ့်ဟာကိုယ် လုပ်တာလည်း ကောင်းတယ်လို့ ပြောရမယ်။
နောက် ကိုယ်ကိုယ်တိုင်က တရားဓမ္မဖက်ကို လိုက်စားတယ်၊ လောကကြီးကို စွန့်လွှတ်ပြီးတော့ သာသနာဘောင်ဝင်ပြီး တရားဓမ္မ အားထုတ်တယ်၊ မိဘတွေ, ဆွေမျိုးသားချင်းတွေ ကိုယ်ကိုယ်တိုင် လုပ်ကိုင် မကျွေးနိုင်ပေမယ် ကိုယ့်တရားကိုယ်ရှာဖို့ သာသနာဘောင်ဝင်တယ်။ ဒါကလည်း လောကအမြင်အားဖြင့် ကြည့်မယ်ဆိုရင် တစ်ကိုယ်ကောင်း ဆန်တယ်လို့ ပြောကြတယ်။ တကယ်ပြောမယ်ဆိုရင် ဘုရားအလောင်းဟာ မွေးဖွားပြီး ကာစ သားရတနာလေးနဲ့ သူ့ရဲ့ဇနီးကို ထားပစ်ခဲ့ပြီးတော့ ထွက်သွားတာ။ အဲဒါ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောကြလိမ့်မယ်။ ဘုရားဟာ အဲဒီလို တစ်ကိုယ်ကောင်း ဆန်ပြီးတော့ လုပ်တာမဟုတ်ဘူး။ သူဟာ အသိဉာဏ်တစ်ခု ရဖို့အတွက် ဘာပဲဖြစ်ဖြစ် သူ့စွန့်လွှတ်မှုကို သူလုပ်တာဖြစ်တယ်။ တစ်ချို့ကိစ္စတွေက စွန့်လွှတ်နိုင်မှ ရရှိနိုင်တာဖြစ်လို့ စွန့်လွှတ်တာလို့ ခေါ်တယ် ဒါမျိုးက။
သာမန်အားဖြင့် မစွန့်လွှတ်နိုင်ဘူး၊ အဲဒီလို စွန့်လွှတ်ပြီး ကြိုးစား ရှာဖွေခဲ့လို့ တရားဓမ္မအသိတွေ ရလာသည့်အတွက်ကြောင့် တစ်ချိန်ကျတော့ ပြန်ပြီး သားလေးကိုလည်း ရဟန္တာဖြစ်အောင်၊ ဇနီးဖြစ်တဲ့ ယသောဓရာကို လည်း ရဟန္တာဖြစ်ပြီး သံသရာဝဋ်က လွတ်ကင်းအောင် ကျေးဇူးပြုတာပဲ။ ကောင်းတဲ့ဖက်ကကျေးဇူးပြုဖို့ လုပ်တယ်ဆိုရင် တစ်ကိုယ်ကောင်း ဆန်တယ်လို့ ပြောလို့ မရဘူး။ အဲဒါမျိုးတွေကျတော့လည်း အကောင်းအတွက် ဆောင်ရွက်တယ်လို့ ဒီလိုဆိုလိုတယ်။ အဲဒီတော့ တစ်ကိုယ်ကောင်းဆန်တာဟာ ကောင်းတာရှိတယ်၊ မကောင်းတာရှိတယ်။ ဒီလို ခွဲခြားပြီးတော့ မှတ်သားသင့်တယ်။

(ဂ) မေးခွန်း - တစ်ခါ ဆင်းရဲလျှင် အမြဲဆင်းရဲနေမည်လား?။
အဖြေ - ဒါကတော့ လောကဓံဆိုတာ မြင့်တုံနိမ့်တုံပါပဲ။ တစ်ခါ ဆင်းရဲရင် နောက်တစ်ခါ ချမ်းသာတဲ့ အလှည့်နဲ့လည်း ကြုံမှာပေါ့။ အမြဲတမ်း ဆင်းရဲမယ်၊ အမြဲတမ်း အောက်တန်းကျမယ် ဒီလိုတော့ မဖြစ်ဘူး။ အကြောင်း ပေါ်မှာ မူတည်ပြီးတော့ သူက ဆင်းရဲတာလည်း မမြဲဘူး၊ ချမ်းသာ တာလည်းမမြဲဘူး။ ဒီနှစ်ခုဟာ လောကကြီးတစ်ခုလုံးဟာ အမြဲတမ်း အပြောင်းအလဲ ဖြစ်နေတာပဲ။ ဒီလိုပဲ မှတ်ရမှာဖြစ်တယ်။

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

2 weeks ago | [YT] | 71

Dhamma Garden( K⁡ )

ဓမ္မအမေးအဖြေများ အပိုင်း(၅)
၅။ မေးမြန်းသူ- မဆုမြတ်ဦး (နဝမတန်း)
မေးခွန်း - မိဘကို ကျေးဇူးဆပ်နိုင်သော သားသမီးကောင်းဆိုတာ ဘယ်လိုမျိုးပါလဲ?။

အဖြေ - မိဘကျေးဇူးကို ဆပ်ကတည်းက သားကောင်း, သမီးကောင်း အဖြစ် ဒီအရည်အချင်းအရ ပြောလို့ ရပြီပေါ့။ မိဘကို ကျေးဇူးဆပ်တယ်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူက သားကောင်း,သမီးကောင်း။ သို့သော် မိဘကို ကျေးဇူးဆပ်ရုံနဲ့ သားကောင်းသမီးကောင်းလို့ ဆိုနိုင်သေးတာ မဟုတ်ဘူး။ လူတော်လူကောင်းဖြစ်ဖို့ရာ ကိုယ့်ကျင့်သီလ လိုအပ်တယ်။ ကိုယ်ကျင့်သီလရှိမှ လူတော်လူကောင်းဖြစ်မယ်။ မိဘကျေးဇူး ဆပ်ရုံနဲ့တော့ မိဘရှုထောင့်ကနေ ကြည့်ရင်တော့ လူတော်လူကောင်းလို့ ပြောနိုင် ပေမယ့် ကိုယ့်ကျင့်သီလ ပျက်ပြားနေရင်တော့ လူတော်လူကောင်း မဖြစ်နိုင်ဘူး။ သားကောင်းသမီးကောင်း မဖြစ်နိုင်ဘူး။

သားကောင်းသမီးကောင်းဆိုတာ မိမိကိုယ်တိုင် ကောင်းမြတ်တဲ့ အရည်အချင်းတွေ ရှိဖို့လိုအပ်တယ်။ မိဘကိုလည်း ကျေးဇူးဆပ်မယ်။ မိမိကိုယ်တိုင်လည်း ကိုယ်ကျင့်တရားကောင်းမယ်၊ စိတ်နေသဘောထားတွေ ကောင်းတယ်၊ ဘယ်သူ့အပေါ်မှ မလိုမုန်းထား မရှိဘူးဆိုရင်တော့ ဒါက သားကောင်းသမီးကောင်း, လူတော်လူကောင်းလို့ပဲ ပြောရမယ်။

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

3 weeks ago | [YT] | 49

Dhamma Garden( K⁡ )

ဓမ္မအမေးအဖြေများ အပိုင်း(၄)
၄။ မေးမြန်းသူ- မယွန်းဝဿန်အောင် (ဒသမတန်း) မေးခွန်း - တစ်ခါတရံ လူကြီးမိဘများကို အာခံပြီး ပြန်ပြောမိပါသည်။ ဘုရားစာ ရွတ်ပြီး ဘုရားရှိခိုးလျှင် ကုသိုလ်ရပါသလား?။

အဖြေ - ပြန်ပြောမိတယ်ဆိုတာက ဒေါသဖြစ်လို့ ပြန်ပြောမိတယ်။ ဒေါသဟာ အကုသိုလ်ပဲ။ ပြန်ပြောတယ်ဆိုတဲ့နေရာမှာ ပြန်ပြောတိုင်း အပြစ်တော့ မဟုတ်ဘူး။ ဆိုပါစို့- လူကြီးက ကိုယ့်အပေါ်မှာ အထင်အမြင်လွဲပြီးတော့ ပြောတဲ့အခါမှာ ကိုယ်က ပြန်ရှင်းပြလို့ရတယ်။ “သမီး ဒီလိုလုပ်တာ မဟုတ်ဘူး၊ ဒီဟာ မဟုတ်ပါဘူး'လို့ ဒီလိုပြောတာကို ပြန်ပြောတယ်လို့ မဆိုဘူး။

ပြန်ပြောတယ်ဆိုတာ ပြန်ရန်တွေ့တာမျိုးဆိုရင်တော့ မလုပ်သင့်ဘူး။ လူကြီးမိဘကို ပြန်ပြီး ရန်တွေ့တာမျိုး မလုပ်သင့်ဘူး။ သို့သော် ပြန်ပြီးတော့ အကျိုးသင့် အကြောင်းသင့်ပြောတာ ပြောကောင်းတယ်။ ယဉ်ယဉ်ကျေးကျေး လိမ္မာစွာနဲ့ ပြောရမယ်။ ပြောပြီးတော့ မိဘက ကိုယ့်ကို အပြစ်တင်ရင် “ဒီအပြစ် ကိုယ့်မှာ မဟုတ်ပါဘူး၊ ကိုယ့်မှာ မရှိပါဘူး”လို့ ဒီလို ပြောလို့ရတယ်။

ဘုရားစာရွတ်ပြီး ဘုရားရှိခိုးလျှင် ကုသိုလ်ရပါသလားဆိုတာ ခုနက မိဘကို အာခံပြီး ပြန်ပြောပြီး ပြစ်မှားမိတာ၊ ဘုရားရှိခိုးလိုက်တာနဲ့ ပြေသလား လို့ မေးတဲ့မေးခွန်းဆိုရင်တော့ ဘုရားရှိခိုးတာ တစ်ကဏ္ဍ၊ မိဘပြစ်မှားတာက တစ်ကဏ္ဍ၊ တစ်ကဏ္ဍစီပဲ မှတ်ရမယ်။ လုပ်ပြီးသားအလုပ်သည် ခုနက What have done can't be undone ပဲ။ ဒါ ပြင်လို့ရတဲ့ကိစ္စ မဟုတ်ဘူး၊ လုပ်ပြီးသားက လုပ်ပြီးသားပဲ။ သို့သော် တောင်းပန်ရတယ်၊ ကိုယ်လုပ်တာ မှားတယ် ဆိုရင် တောင်းပန်ရမယ်။ နောက် ဒါမျိုးမဖြစ်အောင် ထိန်းသိမ်းရမယ်၊ ဒါ အဖြေပဲ။
ဘာကြောင့် ဘုရားရှိခိုးရပါသလဲလို့ဆိုတော့ မြတ်စွာဘုရားဟာ ရှိခိုးထိုက်တဲ့အရည်အချင်းတွေရှိလို့၊ မြတ်စွာဘုရားကို ရှိခိုးတာ။ မြတ်စွာ ဘုရားကို ရှိခိုးထိုက်လို့ ရှိခိုးတယ်, လေးစားထိုက်လို့ လေးစားတယ်။ အဲဒီတော့ ဘုရားကို ရှိခိုးတယ်ဆိုတာ မိမိရဲ့စိတ်ဆန္ဒအရ သီလအားဖြင့်ရော၊ သမာဓိအားဖြင့်ရော၊ ပညာအားဖြင့်ရော တကယ့်ကို ထူးချွန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ် မြတ်ကြီးပဲလို့ ဂုဏ်အရည်အချင်းကို သိပြီးတော့ ရှိခိုးတာ၊ respect လုပ်ပေး တာ။ ဒါကြောင့် ဒီရည်ရွယ်ချက်နဲ့ ဘုရားကို ရှိခိုးတာ။

အဲဒီလို မဟုတ်ဘဲနဲ့ ရှိမခိုးရင် ငါ့ကို ငရဲကြီးမှာလား? ရှိမခိုးလို့ ရှိရင် ငါ့ အကုသိုလ်တွေ ဖြစ်မှာလား? အဲဒီလို ကြောက်ပြီးတော့ (သို့) ငါ ဘုရားရှိမခိုးဘူးဆို ငါ့ကို အများက ကဲ့ရဲ့မှာလား? အဲဒါမျိုးတွေ ကြောက်ပြီး တော့ မလုပ်ရဘူး။

တကယ်ကတော့ မိမိရဲ့စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ ဒီပုဂ္ဂိုလ်သူမြတ်ဟာ တကယ့်ကို လေးစားထိုက်တဲ့ပုဂ္ဂိုလ်သူမြတ်ပဲ ဖြစ်တယ်၊ အားလုံး က လက်အုပ်ချီမိုးရှိခိုးတာ၊ ငါလည်း မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးမယ် ဆိုတဲ့ မွန်မြတ်တဲ့အရာမှာ ထားပြီးတော့ မွန်မြတ်တဲ့စိတ် အနေနဲ့ ရှိခိုးရတယ်။ မွန်မြတ်တဲ့စိတ်နဲ့ ရှိခိုးဖို့ လိုအပ်တယ်။ ရှိခိုးထိုက်လို့ ရှိခိုးရတယ်လို့ ဒီလိုပဲ မှတ်ရမယ်။

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

3 weeks ago | [YT] | 57

Dhamma Garden( K⁡ )

ဓမ္မအမေးအဖြေများ အပိုင်း(၃)
၃။ မေးမြန်းသူ- မောင်ဟိန်းထက်ဖြိုးဇော်၊ မောင်နေလင်းအောင်၊ မောင်ဟိန်းသန့်အောင်၊ မောင်စိုင်းဝေယံကျော် (ဒသမတန်းကျောင်းသားများ)

မေးခွန်း(က) - တစ်ချိန်က မိဘများကို စိတ်ညစ်အောင် လုပ်မိပေမယ့် ယခု စိတ်ချမ်း သာအောင်ထားလျှင် ငရဲကြီးပါသလား?။

အဖြေ - အပိုင်းနှစ်ပိုင်း ထားရမယ်။ စိတ်ညစ်အောင် လုပ်တုန်းကတော့ အပြစ်ရှိတယ်။ စိတ်ချမ်းသာအောင် ထားတာကတော့ ကုသိုလ် ရတာပေါ့။

အဲဒီတော့ စိတ်ညစ်အောင်လုပ်တဲ့ အချိန်တုန်းက စေတနာဆိုးနဲ့ စိတ်ညစ်အောင် လုပ်ခဲ့တယ်။ တမင် မိဘကို စိတ်ညစ်အောင် လုပ်ခဲ့တယ် ဆိုရင်တော့ အပြစ်ရှိတယ်လို့ ပြောရမယ်။ ခု စိတ်ချမ်းသာအောင်ထားတာက တစ်ပိုင်းက ကုသိုလ်ရတာပေါ့။ ခုချိန်မှာ ဒါ ငရဲမကြီးပါဘူး၊ လုပ်ပြီးသား အပြစ်ကတော့ ကိုယ်လုပ်ခဲ့တာကို မိဘကို ဦးချတောင်းပန်ဖို့တော့ လိုအပ်တယ်။ ကိုယ်က တကယ်ပြစ်မှားမိခဲ့တယ်ဆိုရင် ငယ်ငယ်တုန်းက စိတ်ဆင်းရဲ အောင် လုပ်ခဲ့တယ်၊ သားကို ခွင့်လွှတ်ပါဆိုပြီးတော့ တောင်းပန်လိုက်ရင် မိဘကလည်း ပိုပြီးတော့ မေတ္တာသက်ဝင်လာတယ်။ မိမိမှာလည်း အပြစ်နဲ့ ပတ်သက်ပြီးတော့ နောက်ထပ် နောင်တဖြစ်စရာမရှိဘူး။

လုပ်ပြီးသားတစ်ခုကတော့ ပြန်ပြင်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ What have done, can't be undone ဆိုတာ လုပ်ပြီးသားတစ်ခုက မလုပ်ရဘူးလို့ ပြောလို့မရဘူး၊ ပြီးပြီးသားက ပြီးပြီးသား၊ ဒါ တစ်ကဏ္ဍ။ နောက်ထပ် မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ အဖြေပဲပေါ့။

မေးခွန်း(ခ) - နောက်တစ်ခုက သည်းခံလျှင် အနိုင်ကျင့်ခံရ၏။ မည်သို့ နေရပါ မည်နည်း?။
အဖြေ - အနိုင်ကျင့်တာ မကျင့်တာ ကိုယ့်အလုပ် မဟုတ်ဘူး။ အနိုင်ကျင့်တဲ့ လူရဲ့အပြစ်သာ ဖြစ်တယ်။ မိမိဘက်က သည်းခံတယ်ဆိုတာ ဒေါသမထွက်အောင် ကိုယ့်ကိုယ်ကို ထိန်းနိုင်တာကို သည်းခံတာလို့ ခေါ်တယ်။ ဘာမှ မပြောဘဲနဲ့ ငုံ့ခံနေရတာ စိတ်ကတော့ ဆိုးတယ်၊ အဲဒါမျိုးကို သည်းခံတယ်လို့ မခေါ်ဘူး။

သည်းခံတယ်ဆိုတာ ကိုယ့်ရဲ့သန္တာန်မှာ တစ်ဖက်သားရဲ့ ပြုလုပ်မှုကြောင့် ဒေါသဖြစ်လာတာကို မဖြစ်အောင် ထိန်းတာကို သည်းခံတယ်လို့ ခေါ်တယ်၊ ကိုယ့်ကိုယ်ကို ထိန်းတာ။ သည်းခံတယ်ဆိုတာ ကျန်တဲ့လူကို ထိန်းတာ မဟုတ်ဘူး။

တစ်ဖက်သားက လာစော်ကားနေတဲ့အချိန်မှာ ကိုယ့်မှာ ဒေါသဖြစ် တယ်၊ ဒေါသဖြစ်ရင် ဒီဒေါသသည် ကိုယ်နဲ့ သက်ဆိုင်တဲ့ အကုသိုလ် ဖြစ်တယ်။ အဲဒီအကုသိုလ်မဖြစ်အောင် ဒေါသမဖြစ်အောင် ထိန်းနိုင်တာကို သည်းခံတယ်လို့ ပြောတာ။

အနိုင်ကျင့်တယ် အနိုင်မကျင့်ဘူးဆိုတာကတော့ သူ့အလုပ်ပဲ၊ သည်းခံခြင်းကြောင့် အနိုင်ကျင့်တယ်လို့လည်း ပြောလို့မရဘူး။ အနိုင်ကျင့်တာနဲ့ပတ်သက်ပြီး ကိုယ်က သည်းမခံဘူး၊ ပြန်ချမယ်ဆိုရင် ဒါကတော့ အပြစ်ဖြစ်တာပေါ့။ ပြန်လုပ်ရင် ကိုယ်လုပ်တဲ့အပြစ်ဖြစ်တယ်။ သည်းခံခြင်းကြောင့် ကိုယ့်မှာ ဒေါသမဖြစ်ဘူး။ ဒေါသမဖြစ်ခြင်းကြောင့် ကိုယ့်မှာ အကုသိုလ်မဖြစ်ဘူး။

ဒါကြောင့်မို့ ဘုရားအလောင်းတော်တွေဆိုရင် ဘာလုပ်လုပ် သည်းခံနေလိုက်တယ်။ သည်းခံနေခြင်းအားဖြင့်လည်းပဲ တစ်ဖက်သားရဲ့ ငြိမ်းအေးသွားမှု၊ မိမိသည်းခံမှုကို အကြောင်းပြုပြီး သူဟာ ဆက်လက်ပြီး စော်ကားတာ မျိုး တစ်ချို့ကျတော့ မလုပ်တော့ဘူး။ တစ်ချို့ကျတော့ လုပ်တဲ့လူလည်း ရှိနိုင်တာပေါ့။ သို့သော် သည်းခံတာသည်ပင်လျှင် မိမိရဲ့အလုပ်ပဲဖြစ်တယ်။ အနိုင်ကျင့်တာမကျင့်တာ ကိုယ်နဲ့မဆိုင်ဘူးလို့ ဒီလို နှလုံးသွင်းရမှာ ဖြစ်တယ်။

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

3 weeks ago | [YT] | 47

Dhamma Garden( K⁡ )

ဓမ္မအမေးအဖြေများ အပိုင်း(၂)
၂။ မေးမြန်းသူ- မောင်ဟန်စစ် (ဒသမတန်း)

မေးခွန်း - ဆရာတွေကို ပြစ်မှားမိလို့ စာမေးပွဲခန်းမှာ စာမေ့တတ်တာ ဟုတ်ပါသလားဘုရား။

အဖြေ - ပြစ်မှားလို့ စာမေ့တယ်ဆိုတာ ဒါဟာ တိုက်ရိုက် သက်ဆိုင်မှုတော့ မရှိဘူး။ ပြစ်မှားတာတော့ မကောင်းဘူး။ ပြစ်မှားခြင်းကြောင့် စာမေ့တယ်လို့ တိုက်ရိုက်သက်ဆိုင်မှု မဖြစ်နိုင်ဘူး။ ကံကြီး ထိုက်တယ်ဆိုတာ ရှိပါသလားဆိုတော့ ကံကြီးလို့ ပြောတာကတော့ -
အနန္တရိယကံ (၅)မျိုး။
(၁) အမေသတ်တယ်၊
(၂) အဖေသတ်တယ်၊
(၃) ရဟန္တာကိုသတ်တယ်၊
(၄) မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်၊ (၅) သံဃာသင်းကွဲအောင် လုပ်တယ်-ဆိုတာ အဲ့ဒီငါးမျိုး ကိုတော့ ကံကြီးထိုက်တယ်လို့ ခေါ်တယ်။

သို့သော် ကံကြီးထိုက်တဲ့နီးနီး အပြစ်ကြီးတာမျိုးတွေလည်း ဖြစ်တတ်တယ်။ ပြစ်မှားတယ်ဆိုတာ မကောင်းတဲ့အလုပ် ဖြစ်သည့်အတွက်ကြောင့် ပြစ်မှားမိရင် ဆရာတွေကို ပြန်လည်ကန်တော့ပြီး တောင်းပန်ရမှာ ဖြစ်တယ်။ ပြစ်မှားမိလို့ စာမေ့တယ်ဆိုတာတော့ မဟုတ်ဘူး။

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

1 month ago | [YT] | 15

Dhamma Garden( K⁡ )

ဓမ္မအမေးအဖြေများ အပိုင်း(၁)
၁။ မေးမြန်းသူ- မခိုင်ဇင်သက် (ဒသမတန်း)
မေးခွန်း - မိဘကျေးဇူး ဘယ်လိုဆပ်ရမည်ဖြစ်ကြောင်း သိလိုပါသည်ဘုရား။

အဖြေ - မိဘကျေးဇူးဆပ်တယ်ဆိုတာ နှစ်မျိုးရှိတယ်။ မိဘကို အလုပ်အကျွေးပြုပြီး ကျေးဇူးဆပ်တာက တစ်ခု၊ မိဘမှာ သဒ္ဓါ, သီလ, စာဂ, ပညာ ဆိုတဲ့ အရည်အချင်းတွေ ရှိလာအောင်၊ ဓမ္မနဲ့ပတ်သက်တဲ့ အရည်အချင်းတွေ တိုးတက်မြင့်မားလာအောင်၊ ဆိုပါစို့- သီလစောင့်ဖြစ်အောင်, ဒါန ကောင်းမှု ပြုဖြစ်အောင်, အသိပညာတွေ တိုးတက်လာအောင်, တရားဓမ္မ အားထုတ်ဖြစ်လာအောင် အဲဒီလို ဓမ္မနဲ့ ကျေးဇူးဆပ်တာက တစ်ခု။

နှစ်မျိုးလုံးပဲ ဆပ်သင့်တယ်၊ မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေသမျှ ကာလပတ်လုံး မိဘကို ပြုစုလုပ်ကျွေးပြီး ချမ်းချမ်းသာသာထားဖို့၊ ဝေယျာဝစ္စတွေကို ပြုလုပ်ပေးဖို့၊ မိမိတတ်စွမ်းသမျှ လုပ်ကိုင်ပေးရတယ်။ ဒါကို အာမိသဖြင့် ကျေးဇူးဆပ်ခြင်းလို့ ခေါ်တယ်၊ မိဘကို လုပ်ကျွေးပြုစုခြင်းဖြင့် ကျေးဇူးဆပ်တယ်။

ဓမ္မနဲ့ ကျေးဇူးဆပ်တာကျတော့ သီလမရှိသေးတဲ့မိဘကို တိုက်တွန်းပြီး သီလရှိအောင်၊ စာဂလို့ခေါ်တဲ့ စွန့်ကြဲမှုမရှိသေးတဲ့မိဘတွေ စွန့်ကြဲမှု ရှိလာအောင်၊ အသိပညာမရှိသေးတဲ့မိဘတွေ အသိပညာ ရှိလာအောင်၊ ဓမ္မနဲ့ ဆောင်ရွက်ပေးတာမျိုး၊ ဓမ္မလမ်းကြောင်းက ဆောင်ရွက်ပေးတာမျိုးကို ဓမ္မနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်တယ်။

အဲဒီကျေးဇူးဆပ်နည်းနှစ်မျိုးမှာ ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်းက ကျေးဇူးကို တုံ့ဆပ်ရာတွင် ကျေလည်အောင် ပြေလည်အောင် ကျေးဇူးဆပ်ခြင်းလို့ မြတ်စွာဘုရားက ဟောတယ်။ အာမိသနဲ့ လုပ်ကျွေးပြုစုခြင်းနဲ့ ကျေးဇူးဆပ်ခြင်းကတော့ ကျေးဇူးတုံ့ပြန်ခြင်းလို့ပဲ ပြောလို့ရမယ်။ ဓမ္မနဲ့ ကျေးဇူးဆပ်တာက ပိုကောင်းတယ်။ ပိုကောင်းတယ်ဆိုလို့ အလုပ်အကျွေး ပြုစုရခြင်း မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ လုပ်ကျွေးပြုစုမှုလည်း လုပ်ရမယ်၊ ဓမ္မနဲ့လည်း ကျေးဇူးဆပ်မယ်ဆိုရင် နှစ်မျိုးလုံး ကျေးဇူးဆပ်နိုင်ရင် အကောင်းဆုံးပဲလို့ ဒီလို မှတ်သားသင့်တယ်။

#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

1 month ago (edited) | [YT] | 12

Dhamma Garden( K⁡ )

သံသရာမှလွတ်မြောက်ခြင်း

မြတ်စွာဘုရားရှင်လက်ထက် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ တစ်ညသောအခါ နတ်သားတစ်ပါး ရောက်ရှိလာပြီး ဘုရားရှင်ကို အံ့ဩစရာမေးခွန်းတစ်ခု လျှောက်ထားခဲ့ပါသည်။ ထိုမေးခွန်းမှာ "အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာအယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း" ဆိုတာဖြစ်ပါသည်။
ဤသည်မှာ သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊ ဒေဝတာသံယုတ်၊ နဠဝဂ်မှာ ပါရှိတဲ့ ဩဃတရဏသုတ် (ရေအယဉ်ကို ကူးမြောက်ခြင်းသုတ်) ရဲ့ အစပဲ ဖြစ်ပါတယ်။ ဒီသုတ်ဟာ တိုတောင်းရိုးရှင်းပေမယ့်၊ ဗုဒ္ဓရဲ့ လမ်းစဉ်အနှစ်သာရနဲ့ ဝိပဿနာအမြင်ကို အနက်အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ညွှန်းထားပါသည်။

သြဃ (ရေအယဉ်) ဆိုသည်မှာ
နတ်သားက မေးမြန်းတဲ့ "သြဃ" ဆိုတာ ရိုးရိုးရေအယဉ်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာတော့ သံသရာဝဲဂယက် ကို ရည်ညွှန်းတာ ဖြစ်ပြီး၊ အဓိကအားဖြင့် ဩဃလေးပါး ကို ဆိုလိုပါသည်။
ကာမောဃ - ကာမဂုဏ်၌ မျောပါးခြင်း။
ဘဝေါဃ - ဘဝကို တပ်မက်ခြင်း၊ ဖြစ်တည်မှုကို စွဲလမ်းခြင်း
ဒိဋ္ဌောဃ - မှားယွင်းသောအယူအဆကို စွဲလမ်းခြင်း
အဝိဇ္ဇောဃ - မသိမှု (သစ္စာလေးပါးကို မသိမှု)
ဒီဩဃ (ရေအယဉ်) တွေသည် သတ္တဝါတွေကို နစ်မြုပ်စေပြီး သံသရာထဲမှာ လှည့်လည်စေပါသည်။ ဒီတော့ မြတ်စွာဘုရားဟာ ဒီအယဉ်ကို ဘယ်လို ကူးမြောက်ခဲ့သလဲ။

ထူးခြားတဲ့ အဖြေ
နတ်သား၏ မေးခွန်းကို မြတ်စွာဘုရားက "ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏" လို့ ဖြေကြားလိုက်သည့်အခါ နတ်သားသည် အံ့ဩသွားပြီး ထပ်မံလျှောက်ထားပါသည်။ ရပ်တည်မနေဘဲနဲ့၊ အားမထုတ်ဘဲနဲ့ ဘယ်လို ကူးမြောက်နိုင်မှာလဲဘုရား။
ထိုအခါ မြတ်စွာဘုရားရှင်က ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါသည်။
"ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏။"
"အကြင်အခါ၌ အားထုတ်၏၊ ထိုအခါ မျောပါးရ၏။"

အလယ်အလတ်လမ်းစဉ်ရဲ့ အနှစ်သာရ
ဒီအဖြေဟာ ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ရဲ့ အနှစ်သာရကို ဖော်ညွှန်းနေပါသည်။
ရပ်တည်နေခြင်းဆိုသည်မှာ ပျင်းရိခြင်း၊ တရားအားထုတ်မှုကို ရပ်တန့်ခြင်း၊ ကာမဂုဏ်တွေကို ခံစားပြီး ငြိမ်သက်နေခြင်း၊ မကောင်းမှု ဒုစရိုက်၌ နစ်မွန်းနေခြင်းကို ဆိုလိုပါသည်။ ဒီလို 'ရပ်တည်နေ' လိုက်တဲ့အခါ သံသရာရေအယဉ်ထဲမှာ နစ်မြုပ် သွားရပါသည်။ (လေးပါးသော ဒုက္ခိတဘဝသို့ ကျရောက်သည်)အားထုတ်ခြင်းဆိုတာ လွန်ကဲစွာ အားထုတ်ခြင်း၊ မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင် နှိပ်စက်သည့် အတ္တကိလမထာနုယောဂ လို အစွန်းရောက်တဲ့ အကျင့်၊ ဒါမှမဟုတ် နိဗ္ဗာန်ကို ရချင်လွန်းအားကြီးလို့ အလိုဆန္ဒ (တဏှာ) နဲ့ အားထုတ်ခြင်း၊ မြဲမြံစွာ စွဲလမ်းမှုနဲ့ အားထုတ်ခြင်းမျိုးကို ဆိုလိုပါသည်။ ဒီလို 'အားထုတ်' တဲ့အခါ တဏှာရဲ့ လေပြင်းကြောင့် သံသရာထဲမှာ မျောပါး သွားရပြီး လွတ်မြောက်ရာ နိဗ္ဗာန်ကို မရောက်နိုင်ပါဘူး။
မြတ်စွာဘုရားရှင်သည် ဒီအစွန်းနှစ်ပါးလုံးကို ရှောင်ရှားပြီး သတိ၊ သမာဓိ၊ ပညာ တို့ကို မျှတစွာ ကျင့်ကြံသည့် မဇ္ဈိမပဋိပဒါ လမ်းစဉ်နဲ့သာ သံသရာဝဲဂယက်ကနေ ကူးမြောက်ခဲ့တာ ဖြစ်ပါသည်။ ရပ်တည်မှု (ကာမဂုဏ်) နဲ့ အားထုတ်မှု (လွန်ကဲသော အကျင့်/ တဏှာပါသော ကြိုးပမ်းမှု) တို့ကို လွှတ်ချပစ်လိုက်တဲ့အတွက်ကြောင့် ဘုရားရှင်သည် လုံးဝလွတ်မြောက်သော နိဗ္ဗာန်ကို ရရှိခဲ့ပါသည်။

နိဂုံး
ဩဃတရဏသုတ်သည် လွတ်မြောက်ခြင်းတရားဟာ ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ အားထုတ်မှု၊ ဒါမှမဟုတ် လုံးဝ လွှတ်ချ ပစ်လိုက်တဲ့ ပျင်းရိမှုတွေမှာ မရှိဘဲ၊ မှန်ကန်တဲ့ သိမြင်မှုနဲ့ မျှတသည့် သတိထားရှိမှုမှာသာ ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါသည်။ လောကီလောကုတ္တရာ ဘယ်အရာမှာမဆို အစွန်းမရောက်တဲ့ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးခြင်းဖြင့်သာ ဘဝဒုက္ခရေအယဉ်ကနေ အေးချမ်းစွာ ကူးမြောက်နိုင်မည်ဆိုသည့် သစ္စာတရားကို ဒီသုတ်ကလေးက သင်ကြားပေးနေပါကြောင်းတင်ပြလိုက်ရပါသည်။(ဩဃတရဏသုတ်)

1 month ago | [YT] | 2

Dhamma Garden( K⁡ )

တရားတော်များမျှဝေခြင်း

1 month ago | [YT] | 1