မင်္ဂလာပါ ... ဤချန်နယ်မှ တင်ဆက်သောဗီဒီယိုများသည် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဗဟုသုတ အကြောင်းအရာများအား လေ့လာသင်ယူနိုင်စေဖို့ နှင့် နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာ တရားအလုပ်များအားထုတ်နိုင်စေရန် ရည်ရွယ်ပါသည်။
Hello... The videos presented by this channel are intended to help you learn the knowledge related to Theravada Buddhism and to strive for enlightenment.
Dhamma Lulin ဓမ္မလုလင်
" သေပျော်နေပျော်ပြီဖြစ်သော ဓမ္မလုလင်၏ မသေခင်မှာ ပြောပြခဲ့ချင်သော အမှတ်တရစကားများ "
တစ်နေ့ကတင်ထားတဲ့ မေတ္တာပို့ အသံသွင်းနေစဉ်က တိုက်တိုက်ဆိုင်ဆိုင် မိုးများအဆက်မပြတ်ရွာသွန်းချနေခဲ့သည်။ ရုတ်တရက် မိုးတွေခြိမ်းလျက်ရှိသည်။ နောက်ဆုံးစာပိုဒ်ဖြစ်တဲ့ အထက်ဘဝဂ်မှာနေထိုင်ကြကုန်သော ပုဂ္ဂိုလ်အားလုံးကို မေတ္တာပို့သသည့် နေရာအရောက်မှာပဲ အပြင်ကနေ အုန်းကနဲ မိုးခြိမ်းသံအကျယ်ကြီး ကြားလိုက်ရသည်။ မိမိရင်ထဲမှာ အလိုလိုနားလည်လိုက်သည်က မိုးနတ်မင်းကြီးနှင့် သိကြားမင်းအစရှိတဲ့ တန်ခိုးကြီးသော နတ်များ သာသနာစောင့်နတ်များက ကောင်းချီးပေးနေခြင်းဖြစ်သည်ဟုပင်။
ဤမေတ္တာပို့ အသံကို သွင်းပြီးကတည်းက မိမိကိုယ်တိုင်လည်း ညစဉ်ညတိုင်းဖွင့်ဖြစ်သည်။ အရင်ကလို တကူးတက ကိုယ်ကထပို့စရာမလိုတော့ဘဲ ဒီအသံဖွင့်လိုက်တာနဲ့ ပို့လိုက်မိသလိုဖြစ်သွားတယ်လို့ခံစားရသလိုပင်။ ကိုယ်တိုင်လည်း နှလုံးသွင်း နားထောင်တိုင်း စိတ်အေးချမ်းတည်ငြိမ်မှုကို သိသိသာသာခံစားနေမိသည်။ အိမ်တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသလို ဝန်းကျင်မှ အသံပေးဆူညံခြင်းများလည်းတိတ်ဆိတ်သွားခဲ့သည်။
မိမိငှားရမ်းနေထိုင်သော အိမ်တွင် နေ့စဉ်ညတိုင်း တဒုံးဒုံးတဒိုင်းဒိုင်းနဲ့ ခြောက်လှန့်မှုများ ကြီးကြီးမားမားရှိခဲ့သည်။ မိမိတစ်ယောက်တည်းညစဉ် မအိပ်ဘဲ ရှိချိန်များတွင် ခြောက်လှန့်မှုများ ပိုမိုပြင်းထန်သည်။ မေတ္တာမပို့မချင်း အမျှမဝေမချင်း ကြောက်မက်ဖွယ်ရာအသံများ သိသိသာသာပေးသည်။ ရံခါဆိုသလို မိမိရှိနေသည့်အခန်းတွင်းသို့ပင် ရောက်လာတတ်သည်။
ပရိတ်ပဌာန်း ကမ္မဝါတို့ဖြင့် နှင်လို့မရ။ ဖွင့်ဖူးသည် နှင်ဖူးသည် ပိုဆိုးပြသည် ကြမ်းပြသည်။ အဓိကပြဿနာရဲ့ ဇစ်မြစ်ကို ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သည်မှာ သူတို့က ကိုယ့်ကိုတရားလာပြပေးနေတာပါလားလို့ သိလာပြီးနောက်ပိုင်းကျမှ ကျေးဇူးတင်မိပါတော့သည်။ ကိုယ့်စိတ်ထဲမှာ တစ်ခုခုတောင် မဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ အသံတစ်ခုခု ပေးတတ်စမြဲ။ ဘုရားလက်ထက်ကတည်းက သာသနာကို မကြည်ညိုတဲ့ နတ်ဆိုးတွေရှိခဲ့သည်မို့ အစောပိုင်းက မိမိတရားအားထုတ်မှုကို မလိုလား၍ အနှောက်အယှက်ပေးသည်ဟုထင်ခဲ့မိသည်။
နောက်တော့ ဪသူတို့က ကိုယ့်ကို တရားလာပြပေးနေတာပါလားလို့ အကောင်းဘက်ကနေ တွေးပြီးတော့ ကိုယ့်လိုအပ်ချက်တွေဖြစ်တဲ့ ခန္တီ သည်းခံခြင်းတရားနဲ့ တပါးသူအပေါ် ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ မေတ္တာတရားတို့ကို အသေအချာ မွေးမြူကျင့်သုံးလာဖြစ်တော့သည်။
အစောပိုင်းက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ခဲ့သမျှ တစ်ယောက်တည်းနေချိန်ကျမှ အဖြေပေါ်တော့သည်။
တော်ရုံတန်ရုံ သတိအသိမရှိသူသာဆို ရူးသွပ်ခြောက်ခြားသွားနိုင်သည့် အခြေအနေများထိအောင် ကြုံခဲ့ရဖူးသည်။
မကြာခဏဆိုသလို အခန်းမျက်နှာကျက်ပေါ်ကနေ ကုတ်ခြစ်ပြသည်။ ဟိတ်ဆိုပြီးအော်ငေါက်လို့လည်းမရ အမိန့်ပေးလို့လည်းမရ။ ထိုအခါမျိုးတွင် ဂျစ်ကန်ကန်ပေကပ်ကပ် ပိုလုပ်ပြသည်။ နောက်ဖေးခန်းမှ ရေခပ်သံများ တံခါးပိတ်သံများစသည့်ဖြင့် များစွာကြုံရဖူးသည်။ အစောပိုင်းက ကြောက်စိတ်များဝင်ခဲ့မိသည်။ နောက်တော့ ကြုံပါများလို့ သူတို့ကို စိတ်ထဲကနေရင်းနှီးလာသလိုခံစားမိသည်။ သူတို့ကိုအကြောင်းပြုပြီး မိမိ၏ တရားကျင့်ကြံအားထုးတ်ခြင်းကို အဓိဌာန်ကာလ ၃ လ သီးသန့် သတ်မှတ်ကာ တခြားအလုပ်များ ဘာဆိုဘာမှ မလုပ်တော့ဘဲ တရားကိုသာစူးစိုက်၍ ပိုမိုအားထုတ်ဖြစ်ခဲ့သည်။
အကြောင်းအရင်းက ကြောက်တတ်သော ဒေါသစိတ်ရဲ့အပြစ်ကိုမြင်ပြီးမှ ဒီစိတ်ဟာ အတော့်ကိုပူလောင်စေပါလားဆိုပြီးတော့ ဒီလိုမကောင်းတဲ့ ဒေါသကိလေသာကို အပြီးတိုင် ပယ်သတ်ဖို့ မိမိရောက်ရှိနေဆဲတရားကို ဆက်လက်ပြီးမှအားထုတ်ချင်စိတ်များ ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။
ဤအကြောင်းများ နောင်အလျဉ်းသင့်သလို ရေးသားမျှဝေပေးပါမည်။ ကိုယ်ရည်သွေးလို၍ ရေးသားခြင်းမဟုတ် အများအတွက်အကျိုးတစ်စုံတစ်ရာ များစေရန်အတွက် ရေးသားအသိပေးခြင်းဖြစ်သည်။ မိမိသည် ဤမေတ္တာပို့သမှု မတိုင်ခင်ကတည်းက နေ့စဉ် အနည်းဆုံး ၅ ပါးသီလစောင့်ထိန်းပြီး ငွေကြေးကိုင်တွယ်သုံးစွဲခြင်း အမွှေးနံ့သာလိမ်းကြံခြင်း အတီးအမှုတ်အကအခုန် အစရှိတဲ့ ကာမဂုဏ်အပျော်အပါးများ အဗြဟ္မာစရိယာအစအရှိတဲ့ စိတ်ကောလူကော ညစ်နွမ်းစေတတ်သော အရာများကို ရက်လများစွာ အထူးရှောင်ကြဉ်လိုက်နာခဲ့သူဖြစ်သည်။
မိမိသည် ကာမဂုဏ်စိတ် လုံ:လုံးကင်းပြတ်သူမဟုတ်သည်ကိုတော့ ဝန်ခံရမည်ဖြစ်သော်လည်း သိကြားမင်းအစရှိတဲ့ တန်ခိုးကြီးသော နတ်များတို့က မနေနိုင်အောင်ထိ ထူးခြားလာတဲ့ထိအောင် အဓိဌာန်ဆောက်တည်၍ သီလအား သမာဓိအားတို့ဖြင့် ပညာစခန်းများထိ တက်လှမ်းကာ ကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။
မိမိတင်ပေးခဲ့သော တရားများကြောင့် လူတချို့ တရားအားထုတ်ချင်စိတ်ပေါ်ခဲ့သည်။ အားထုတ်လက်စယောဂီအချို့ ပိုမိုအားထုတ်ချင်စိတ်များဖြစ်ပေါ်ခဲ့သည်။ တရားအသိဉာဏ် အနေအထားတစ်ခုမှာ ရောက်ရှိကာ အားထုတ်နေဆဲယောဂီတချို့ ပိုမိုနက်ရှိုင်းတဲ့ တရားအသိဉာဏ်များအတွက် အလင်းတစ်စဖွင့်ပေးနိုင်ခဲ့သည်။
မိမိချန်နယ်ကိုအားကျ၍ တရားချန်နယ်အများအပြား ပေါ်ပေါက်လာခဲ့သည်။ သူတို့တွေ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ဤသာသနာအတွက် အကျိုးတရားများဖြစ်ထွန်းစေခဲ့သည်။ ကိုယ့်ကြောင့် အများသူငှာ အကျိုးရှိဖို့ အထိုက်အလျောက်တော့ သာသနာပြန့်ပွားစေခဲ့ပြီ။ ကိုယ့်လုပ်ရပ်နဲ့စိတ်ဓာတ်ကို မည်သူမျှ ထိုးထွင်းမသိနိုင်ပေမယ့် သိကြားမင်းအစရှိတဲ့ တန်ခိုးကြီးတဲ့နတ်များနဲ့ သူတပါးစိတ်ကိုသိနိုင်သောပုဂ္ဂိုလ်များနဲ့ သာသနာစောင့်နတ်မင်းကြီးများကတော့ သိနေသည် ကောင်းချီးသြဘာပေးနေသည်မှာ သေချာသည်။
ယခုငလျင်ကပ်ဘေးကြီးမှာ အဆိုးဆုံးဖြစ်ခဲ့သော မန္တလေးမြို့မှာရှိတဲ့ မန္တလေးတောင်ခြေဖားအောက်တောရရိပ်သာ စိန်ပန်းရပ်ကွက်မှာရှိသော ရတနာပုံမဟာစည်ရိပ်သာ ကျွဲဆည်ကန်က မင်္ဂလာမဂ္ဂင်မိုးကုတ်ရိပ်သာ အစရှိသောနေရာများဟာ တစ်ချိန်တုန်းက မိမိအားထုတ်ခဲ့ဖူးသော နေရာများဖြစ်ခဲ့ဖူးသလို ဘဝမှတ်တိုင်များစိုက်ထူခဲ့ဖူးသော နေရာများဟုဆိုလျှင်မမှားပါချေ။
ဤအကြောင်းများကို ရေးချနေခြင်းမှာ တမင်ကြွားလိုဝါလို၍ ကိုယ်ရည်သွေးလို၍ မဟုတ်ဘဲ မသေခင်မှာ ပြောသင့်ပြောထိုက်တာလေးတွေကို ဝေမျှပြောခဲ့ချင်တာကြောင့်ဖြစ်သည်။ ဒီအတွေ့အကြုံလေးတွေကို ဖတ်မိသူတိုင်း နားထောင်မိသူတိုင်း စိတ်ဓာတ်ခွန်အားတိုးပွား၍ အတုယူအားကျ နည်းမှီနိုင်ကြပါစေခြင်းအလို့ငှာအတွက်ဖြစ်သည်။
အတိတ်ဘဝဝဋ်ကြွေးတွေကြောင့် ဒီဘဝမှာ သူများထက်တမူပိုထူးခြားစွာ မကြာခဏ တစ်ခုမဟုတ်တစ်ခု ကျန်းမာရေးချူချာသူဖြစ်သလို ငယ်စဉ်ဘဝကတည်းက ဘဝပေးကံကြမ္မာ ကောင်းသူမဟုတ်ခဲ့တာကြောင့် အသက်၂၅နှစ်ကတည်းက အိပ်ယာထဲမှာ ဘုန်းဘုန်းလဲချိန်ကစပြီး သံဝေဂတွေအကြီးအကျယ်ရခဲ့ရာမှ အစပြုကာ ဝိပဿနာတရားတွေကို ပွားများအားထုတ်ဖြစ်ခဲ့သည်။
ထိုစဉ်က (၇) လလောက် သီလသမာဓိတရားတွေဆောက်တည်ခဲ့ပြီး ၆လမြောက်လောက်မှာ ဓာတ်ပရမတ်တရားတွေထိ ထိုးဖောက်မြင်နိုင်သွားချိန်မှာ စောစောက ခံစားနေခဲ့ရသော ခေါင်းတစ်ခြမ်းကိုက်ခဲခြင်း နှလုံးသွေးကြောကျဉ်းခြင်း အိပ်ပျော်နေချိန် အလွန်အမင်းအသက်ထွက်မတတ်ခုန်နေတတ်သော နှလုံးလန့်ရောဂါ စိတ်ကျရောအစရှိတဲ့ အရာများ ခန္ဓာပေါ်က ရွှံ့နွံ့များကို ရေနဲ့ဆေးချပစ်လိုက်သည့်အလား ဝိပဿနာဘာဝနာစွမ်းအားဖြင့် စိတ်ကောရုပ်ပါ ကြည်လင်လန်းဆန်းစေခဲ့သည်ထိကောင်းမွန်ခဲ့သည်။ (ဤအတွေ့အကြုံများကို နောင်အလျဉ်းသင့်သလို ကံမကုန်ခင် မသေခင်အချိန်လေးမှာ ရှင်သန်ခွင့်လက်ကျန်ချိန်တွေမှာ အခွင့်အခါသင့်ခဲ့ဦးမည်ဆိုရင်တော့ မိမိစွမ်းနိုင်သလောက် မျှဝေရေးသားကာ တင်ဆက်ပေးသွားပါဦးမည်။)
ယခုမိမိအသက် ၄၀ ဝန်းကျင်ရှိပြီ။ ဘဝမှာ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ခဲ့ပြီးဖြစ်သလို တရားအားထုတ်မှုအပိုင်းတွေလည်းအတော်အသင့် ခရီးပေါက်ရောက်ခဲ့ပြီ။
ဤသာသနာမှာ ဓမ္မလုလင် သည် အုတ်တစ်ချပ်သဲတစ်ပွင့် အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်ခွင့်ရခဲ့ပြီမို့ သေပျော် နေပျော်ပြီဖြစ်သည်။
တကယ်တော့ လူဆိုတာ သေမျိုးဖြစ်သည်။ ကံကုန်မိုးချုပ်လို့ အချိန်တန်ရင် လာလမ်းကနေပြန်ရမှာဖြစ်သည်။ ကုသိုလ်နဲ့ပြန်မှာလား အကုသိုလ်နဲ့ ပြန်မှာလားဆိုတာ မိမိအသိဉာဏ်နဲ့ဆုံးဖြတ်ပိုင်ခွင့် ရွေးချယ်ပိုင်ခွင့်ဖြစ်သည်။
သေခြင်းတရားဆိုတာ သံဝေဂအားကြီးသူ အသိဉာဏ်ကြီးမားသူတွေ အစွဲအလန်းအတွယ်အတာ အနှောင်အဖွဲ့တွေနည်းပါးသည်သထက် နည်းပါးအောင် ကျင့်ကြံသွားနိုင်သူတွေအဖို့ ဘာမှ အထူးအဆန်းကြီးမားသော စိန်ခေါ်မှုတစ်ရပ်မဟုတ်တော့သည်မှာ သေချာသည်။
လူတွေသေဖို့ကြောက်နေကြသည့် အဓိကအကြောင်းအရင်းမှာလည်း ငါသူတပါး ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အစွဲတွေဝင်ကာ အဲဒီအရာတွေပေါ်မှာ ထပ်တိုး၍ချယ်လှယ်လာတဲ့ သားသံယောဇဉ် သမီးသံယောဇဉ် ဇနီးမယားလင်ယောကျာ်း သံယောဇဉ် နောက်ဆုံး ကိုယ်နေ့စဉ် ကျင်လည်ကျက်စားနေရာဝန်းကျင် အသိုင်းအဝိုင်းလေးတစ်ခုကိုပင် တွယ်တာနေတတ်တဲ့သံယောဇဉ်ကအစ ကာမဂုဏ်အာရုံအမျိုးမျိုးအပေါ် အတွယ်အတာစိတ်တွေအားလုံးဟာ တစ်ဖက်စောင်းနင်းဖြစ်ပြီးမှ မျှတတဲ့တရားအသိ ဘာဝနာစိတ်မဝင်နိုင်တော့ အနှောင်အဖွဲ့အစွဲအလန်းတွေ အလွန်အမင်းထားနေတတ်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။
လောကကြီးမှာ မီးများရင် မီးနိုင် ရေများရင်ရေနိုင်ဆိုသလိုပဲ။ ကိုယ့်စိတ်က အလေ့အကျင့်အထုံများရာကို အားသန်သွားကြတာမို့ သေခါနီးကျမှ ကျန်းမာရေးမကောင်းမှ အသက်ကြီးမှ သတိနဲ့ အသိဉာဏ်အားနည်းချိန်ကျမှ တရားကိုထလုပ်ရင်တော့ အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် သွားပြီ သွားပြီဆိုတဲ့ အဆိုတော်မျိုးကြီးသီချင်းထဲကလိုသာ ဆိုလိုက်ချင်ပါတော့သည်။
သို့ကြောင့်ပင် စက္ကန့်နဲ့မလပ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ ရုပ်နာမ်သင်္ခါရ သဘောတွေကို ရင်ထဲမှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နက်နက်ရှိုင်းရှိုင်းထိုးထွင်းသဘောပေါက်နားလည်ထားသူတွေအဖို့ ဗောဇ္စျင်တရားတွေဆိုက်ရောက်အောင် အကြိမ်ကြိမ်ပွားများအားထုတ်သွားနိုင်ချိန်မှာ မတွေမဝေ မကြောက်မလန့် ကြည်လင်ရွှင်ပြတည်ငြိမ်သော အိန္ဒြေတို့ဖြင့် သေသွားနိုင်ကြတာဟာ မဆန်းတော့ပေ။
မိမိသည် လောဘဒေါသမောဟ လုံးဝကင်းပြတ်သေးတဲ့သူမဟုတ်ခဲ့လို့ ဘဝမှာ အမှုမဲအမှတ်မဲ့ သတိလက်လွတ်ဖြစ်ကာ မှားခဲ့တဲ့ အမှားတွေကို (ပြင်လို့မရနိုင်လောက်သော ကြီးကြီးမားမား အမှား များမဟုတ်ပါ။) နောင်ထပ်မဖြစ်အောင် ပြင်ဆင်ရင်း တစ်စတစ်စနဲ့ တိုးတက်မှုတွေ ရင့်ကျက်ပြောင်းလဲမှုတွေ ထိုက်သင့်သည်အားလျော်စွာဖြစ်ထွန်းခဲ့ရချေပြီ။ ထိုအရာများကို မသေခင်အချိန်လေးအတွင်းမှာ မြတ်ဗုဒ္ဓအဆုံးအမ လမ်းညွှန်ချက်တို့နှင့်အညီ အကောင်းဆုံးဖြစ်အောင် အသုံးချပြီးတော့ မိမိလက်လှမ်းမှီသမျှ နီးစပ်သူတိုင်းကို မိမိစွမ်းနိုင်သမျှ ကယ်တင်ပေးသွားဖို့ လမ်းပြပေးသွားဖို့ တိုက်တွန်းပေးသွားဖို့ ဆန္ဒတစ်ခုသာလျှင် ကြီးကြီးမားမား ကျန်နေပါတော့သည်။
ဤသစ္စာ စကားများ မှန်ကန်ပါက အကျွန်ုပ်၏ တရားအသံကို ကြားနာရသူအပေါင်း
ဒုက္ခသံသရာမှလွတ်မြောက်ခွင့် ရကြပါစေ။ အေးချမ်းကြပါစေ ...။
အပါယ်ဝဋ်ဆင်းရဲမှ ကင်းလွတ်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ ...။
ဘဝအရှိတရားကိုသိပြီးမှ ဓမ္မအသိများတိုးပွားနိုင်ကြပါစေ ...။
သာသနာတော်အကျိုး ဆထက်တန်ဖိုး
သယ်ပိုးဆောင်ရွက်နိုင်ကြသူများ ဖြစ်ကြပါစေ ...။
အများကောင်းကျိုးကိုလိုလားသော
ရင်ထဲက မေတ္တာတရား
အမှန်မြင်အမှန်သိထားသော သစ္စာတရား
မိမိနိုင်ရာ အုတ်တစ်ချပ်သဲတစ်ပွင့်စာပဲဖြစ်ဖြစ်
သာသနာ့အကျိုးကိုသယ်ပိုးဆောင်ရွက်ချင်သော
စိတ်စေတနာ သဒ္ဒါတရား တို့ဖြင့် ရှေးရှုလျက် ...
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
မသေမှီအချိန်လေးအတွင်းမှာ
အကောင်းဆုံး ကြိုးစားသွားပါဦးမည်။
ဓမ္မလုလင်
5 months ago (edited) | [YT] | 357
View 25 replies
Dhamma Lulin ဓမ္မလုလင်
“ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ပြန်လာစမြဲ …
ကိုယ်သာခံ ကိုယ်သာစံ သဘာဝနိယာမ “
အုတ်နံရံကို ခေါင်းနဲ့တိုက်ကြည့်ပါ နာတတ်တဲ့သဘာရှိပါတယ်
နာအောင် ဘယ်သူကလုပ်တာလဲ မတူညီတဲ့ သဘာ၀ ၂ ခုကြောင့်ဖြစ်တာ
မိုင်းဖုန်းဆရာတော်ကြီးလို သီလ သမာဓိ ရှိသူကို
စော်ကားပုတ်ခတ်နေတာလည်း
မိမိခေါင်းကို အုတ်နံရံနဲ့ပြေးဆောင့်နေသလိုပဲ။
ဘယ်သူကမှမလုပ်ဘူး ဘယ်သူမပြုမိမိမှုပါပဲ
ခင်ပွန်းကြီးဆယ်ပါးကို ဆဲဆိုပြစ်မှားရင် ဒဏ်ဆယ်ပါးဆိုတာ ပြန်လာတတ်စမြဲပါပဲ
ကံတရားက ဘယ်သူ့မှ မျက်နှာသာမလိုက်ဘူး သူတော်ကောင်းကိုပစ်မှားသူတိုင်း
သတိကြပ်ကြပ်ထားပါ သဘာ၀ဘေးဆိုးတွေဆိုတာ
အကြောင်းမဲ့သက်သက်ဖြစ်ပေါ်လာတာမဟုတ်ဘူး လူတွေရဲ့ ကိုယ့်ကျင့်သီလ
စိတ်ဓါတ်တွေနဲ့ အဓိကသက်ဆိုင်နေတယ်။
ဒါဘုရားဟော ... သိပ္ပံနည်းနဲ့ စမ်းသပ်ချင်ရင် ဘုရားဟာတဲ့အတိုင်း ၅ ပါးသီလကို လုံခြုံအောင်စောင့်ထိန်းလိုက်နာကြည့်ပါ။
စိတ်ကောင်းထားပါ မေတ္တာပွားပါ။ ဝိပဿနာတရားကို သေချာအားထုတ်ကြည့်ပါ။ ဗုဒ္ဓနည်းလာက် လက်တွေ့ဆန်တာ ဘယ်ဘာသာမှမရှိဘူး။ စိတ်ကူးသက်သက် မဟုတ်တဲ့ ဘာသာတရားဆိုတာ တဖြည်းဖြည်းနဲ့ လက်ခံနိုင်သွားလိမ့်မယ်။
ခုတော့ ဘုရားဟောတွေကိုပစ်ပယ် နေရာတကာ သိပ္ပံနည်းကျဆိုတဲ့စကားကို တွင်တွင်သုံး
ယောင်ဝါးဝါးအမည်ခံ ဗုဒ္ဓဘာသာတွများလာတဲ့အခါမှာ
မကောင်းမှုလုပ်ရမှာကို ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိဩတ္တပ္ပတရားတွေကွယ်ပျောက်
အရာရာအဆဲလေးပါလိုက်ရမှယဉ်ကျေးမှုတစ်ခုလို မြင်လာတဲ့ခေတ်ကြီး
တစ်ဦးနဲ့တစ်ဦး ရိုင်းစိုင်းဆဲဆို ကြမ်းတမ်းလာရုံမျှမက
တစ်ဦးနဲ့တစ်ဦး အကြင်နာမေတ္တာတရားတွေခေါင်းပါးပြီးတော့
လုယက်သတ်ဖြတ်ရက်စက် ကြမ်းကြုတ်လာကြတဲ့ ခေတ်ဆိုးကြီးထဲကို
တဖြည်းဖြည်းရောက်မှန်းမသိ ရောက်လာကြပြီ။
ဒါကြောင့်လည်း ဗုဒ္ဓဘုရားရှင်က လူ့သက်တမ်းတွေတဖြည်းဖြည်းတိုလာပြီး ဆုတ်ကပ်ခေတ်လို့ မိန့်ခဲ့တာပဲ။
မမြင်ရတဲ့ လေထုကို အမှီပြုပြီး အသက်ရှူနေရသလို
အရာရာတိုင်းမှာ သိပ္ပံနည်းနဲ့တိုင်းထွာလို့မရတဲ့
သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဂုဏ်သတ္တိသဘောတွေရှိနေတယ်။
ဆရာတော်ကြီးက လူများအသက်ကိုသတ်ဖို့ လူများဥစ္စာကိုခိုးဖို့
သူများသားမယားကို စော်ကားဖို့အကုသိုလ်တရားဟောပြောနေတာမဟုတ်ပါဘူး။
လူတွေရဲ့စိတ်နှလုံးသားအေချမ်းစေဖို့ တရားဟောပြောနေတာဖြစ်တယ်။
လောကမှာအတုမရှိတဲ့ မြတ်စွာဘုရားကလွဲလို့ အမှားကင်းသူမရှိပါ။
အဂ္ဂသာ၀ကတွေပင်လျှင်တရားပေးတာ မှားခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။
ဆရာတာ်ကြီးက နဂါးကြီးကြောင့် ငလျင်လှုပ်ရတာပါ ဟောတဲ့အချက် တစ်ချက်တည်းကိုမကြည့်ဘဲ တရားအပြည့်အစုံမှာပါတဲ့
သီလတွေစောင့်ထိန်းဖို့ ဘုရားတရားတွေလုပ်ကြဖို့
လူတွေကို ကောင်းတဲ့အရာတွေလုပ်ဖို့ တိုက်တွန်းနှိုးဆော်အားပေးဟောပြောတာတွေကိုပါ ကြည့်ရမှာပါ။
ဆရာတော်ကြီးရဲ့ တရားအနှစ်ချုပ်ကရိုးရှင်းတယ်။
မကောင်းမြင်စိတ်နဲ့ကြည့်နေကြသူအတွက်တော့ မရိုးရှင်းဘူးပေါ့။
တကယ်အပြစ်ရှာချင်တဲ့သူတွေနဲ့တွေ့ရင် လောကမှာ အတုမရှိတဲ့ မြတ်စွာဘုရားတောင်မှ အပြစ်မလွတ်ပါဘူး။
အပြစ်ရှာအနာတွေ့သတဲ့။
မနာလိုသူတွေက ဒီအချက်ကို ခုတုံးလုပ်ပြီး ပွဲဆူအာင်လုပ်ချင်သူ ဘာသာရေးအဆိပ်ခတ်လိုသူ နိုင်ငံရးနဲ့ရောထွေးကာ အခွင့်ကောင်းကိုစောင့်နေသူများကတော့ ဒီအချိန်က လူတွေကို အဆိပ်အတောက်ဖြစ်အာင် ဆိုရှယ်မီဒီယာပေါ်ကနေ မှိုင်းတိုက်ဖို့ရာ အခွင့်သာနေချိန် ဖြစ်ပါတယ်။
ဘုရားဟောကျမ်းလာ ကောသလမင်း အိမ်မက် ၁၆ ချက် မှာ ပညာရှိတို့စကား
တဖြည်းဖြည်း ဆိတ်သုန်းပြီးတော့ လူမိုက်တွေ လူယုတ်မာတွေ မသူတော်တွေဟာ ထင်ပေါ်လာတယ်။
ထိုသူတို့ အာဘောင်အာရင်းသန်သန်နဲ့ ပြောဆိုနေကြတာတွေကိုမှ
အထင်ကြီးတဲ့ အဟုတ်မှတ်ကာယုံစားတဲ့ခေတ် ပညာမဲ့လူယုတ်မာတွေ စင်ပေါ်မှာ ထင်ပေါ်လာကြတဲ့ခေတ်ကြီးလို့ ကြိုဟောထားခဲ့တယ်။
တကယ်တော့ မကောင်းတဲ့ဘက်ကို ဂုန်းတိုက်အားပေးနေတဲ့ ထိုသူတွေမှာလည်း မိသားစုတွကိုယ်စီရှိပါတယ်။
အသက်အိုးအိမ်စည်းစိမ်ဥစ္စာတွေ ကိုယ်စီရှိကြပါတယ်။
ဘုရား ရဟန္တာ အနာဂါမ်တို့မှလွဲလို့ သေရမှာကို
သူသူကိုယ်ကိုယ် အနည်းနဲ့အများ ကြောက်ကြပါတယ်။
မိမိထက်ပညာကြီးသူ အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို စော်ကားပုတ်ခတ်
ဂုန်းချောဂုန်းတိုက်လုပ်တာတွေဟာ ဒဏ်ဆယ်ပါးကို ဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။
နာဂစ်တုန်းကလည်း နာဂစ်မို့လို့။
ခုထက်ထိလည်း နေရာမျိုးစုံ လောင်မီးတွကျလိုက် ရေတွေကြီးလိုက်
ရောဂါမျိုးစုံကနှိပ်စက်လိုက်နဲ့ ငလျင်ကပ်ဘေးကြီးကပါ ဆိုက်လိုက်သေးတယ်။
သဘာ၀တရားကြီးက ဒီလောက်ထိ တရားပြနေတာကိုတောင်မှ
ပိုးဖလံဆိုတဲ့အမျိုး မီးကိုပဲတိုးနေသလို
အသိတရားမ၀င် သတိတရားမရှိ သံဝေဂမယူနိုင်ကြသေးဘဲ
ခင်ပွန်းကြီးဆယ်ပါးအပေါ်မှာ
ဒီလိုသာ ဆက်၍ပစ်မှားနေကြဦးမယ်ဆိုရင် ကိုယ်ဖြစ်ကိုယ်ခံရုံသာပေါ့။
မထင်မှတ်ထားတဲ့ ဘေးတွေကြုံလာကြမှ မျက်ရည်နဲ့မျက်ခွက်
ကယ်ပါယူပါတဆာဆာနဲ့ တကြော်ကြော်အော်ဟစ်နေကြရမယ့်အဖြစ်မျိုး
နောင်တတွေ တပွေ့တပိုက်ကြီးရနေရမယ့် အခြေအနေဆိုးမျိုးတွေနဲ့ကြုံလာကြမှာကို
ထိုသူတွေအတွက် သနားဂရုဏာသက်စွာ မြင်ယောင်နေမိပါသေးတယ်။
အဲဒီအခါကျရင် ပြုပြီးတဲ့အကုသိုလ်ဆိုတာ recovery ပြန်လုပ်လို့ရတဲ့ အရာမျိုးမဟုတ်တဲ့အတွက်ကြောင့်
သိကြားမင်းတောင်မှ ဆင်းမကယ်နိုင်တော့ပါဘူး။
မျောပေဦးတော့ လူမိုက်တို့သွားရာ အပါယ်သံသရာတစ်ခွင် …။
ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ပြန်လာစမြဲ …။
6 months ago (edited) | [YT] | 195
View 10 replies
Dhamma Lulin ဓမ္မလုလင်
" အရာရာဟာ သူ့သဘောသူဆောင် ပြောင်းလဲနေတဲ့ နိယာမကြီး "
ဓမ္မလုလင်ချန်နယ်ကို တည်ထောင်လာခဲ့တာ ဘာလိုလိုနဲ့ ၄ နှစ်တောင်ရှိခဲ့ပါပြီ။
အကြောင်းအမျိုးမျိုးကြောင့် တရားဗီဒီယိုများဆက်မတင်ဖြစ်သည်မှာလည်း တစ်နှစ်ကျော်ကြာခဲ့ပါပြီ။
အဖြစ်အပျက်နိယာမတွေအောက်မှာ အရာရာဟာ မနေ့တစ်နေ့ကလိုပါပဲ။
မထင်မှတ်ထားကြတဲ့ ငလျင်ကပ်ဘေးဆိုးကြီးမှာ အိုးအိမ်အသက်ပေါင်းများစွာ
တစ်နေ့တည်း တစ်ချိန်တည်း တစ်ပြိုင်တည်းစတေးခဲ့ကြရတယ်။
ဤအဖြစ်အပျက်တွေဟာ မိမိအတွက်တော့ ကြီးစွာသော သတိသံဝေဂတွေကို ရစေခဲ့တာအမှန်ပါပဲ။
ငလျင်ကပ်ဘေးဆိုးကြီးမှာ ဓမ္မမိတ်ဆွေပရိတ်သတ်တွေထဲကအချို့လည်း ပါကောင်းပါနိုင်တယ်။
တရားအသိရှိထားသူတွေအဖို့ နှလုံးသွင်းမှန်စွာနဲ့ ဖြေသာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဤအဖြစ်ဆိုးကြီးမဖြစ်မီက မိမိမှာ လူဝတ်ကြောင်ဘဝနဲ့ ၃ လတိတိ ကိုယ့်စရိတ်နဲ့ကိုယ် အဓိဌာန်ဝင်နေချိန်ဖြစ်ပါတယ်။
တရားနဲ့နေ တရားနဲ့အိပ် မိုးလင်းမိုးချုပ် တရားမှ တရားချည်းသပ်သပ်သာ အားထုတ်ခဲ့သော ကာလတွေဖြစ်ပါတယ်။
လျောင်း ထိုင် ရပ် သွား ဣရိယာပုဒ်နဲ့ ၂၄ နာရီမှာ အိပ်ချိန်အနည်းအကျဉ်းကိုသာဖယ်ထားပြီး
တစ်ခါတစ်ရံ တစ်နေ့လုံးတစ်ညဉ့်လုံး မအိပ်ဖြစ်ဘဲ
တရားမှတ်ခဲ့တာတွေတောင်ရှိပါတယ်။
မိမိရင်ထဲက ဆန္ဒအမှန်တွေတိုင်း ပြောပါသည်။ မိမိမှာ စိတ်ဆန္ဒအလွန်ပြင်းပြသူပီပီ
အဓိဌာန် ၃ လအတွင်း အရဟတ္တဖိုလ်ထိ ရည်မှန်းအားထုတ်ခဲ့ပေမယ့်
ကံစိတ်ဥတုအာဟာရ အချိန်ကာလ အခြေအနေအကြောင်းအကျိုးတွေပေါ်မူတည်ပြီးတော့
ရည်မှန်းချက်မပေါက်မြောက်နိုင်ခဲ့ပေမယ့် ထိုက်သင့်တဲ့ တရားဓမ္မ
အတွေ့အကြုံတွေ တရားအရသာတွေတော့ များစွာရရှိခဲ့ပါတယ်။
တစ်နေ့နေ့တော့ ဤချန်နယ်မှာ ပိုမိုကောင်းမွန်တဲ့ ထိရောက်တဲ့ အကျိုးရှိစေမယ့် တရားဓမ္မတွေနဲ့ ဓမ္မမိတ်ဆွေတို့ကို
ကျေးဇူးဆပ်ဦးမည်လို့ အားခဲထားခဲ့မိတာတော့အမှန်ပါပဲ။
မိမိကို အကြောင်းပြုပြီး လူတွေ တရားဓမ္မအသိဉာဏ်တွေ တိုးပွားသွားစေချင်တာ တရားအသိထူးဉာဏ်ထူးတွေ
ရသွားစေချင်တာ ရင်ထဲက စစ်မှန်တဲ့ စိတ်စေတနာတွေနဲ့ ဇောအဟုန်တွေဟာ လှိုက်လှိုက်လှဲလှဲကို ဖြစ်ပေါ်နေခဲ့မိတာပါ။
မိမိအဓိဌာန် ၃ လ ပြည့်ပြီး မကြာခင်မှာပဲ လောကဓံဆိုးကြီးကို
မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသလို သံဝေဂများစွာလည်း ပိုလို့တောင်ရမိပါသေးတယ်။
အပြောင်းအလဲသိပ်မြန်လွန်းတဲ့ လောကကြီးထဲမှာ ကံမကုန်လို့ ပြန်ဆုံကြ
ကံကုန်တော့လည်း ခွဲခွာသွားကြနဲ့ အားလုံးဟာ ခဏလာကြတဲ့ ဧည့်သည်တွေချည်းပါပဲ။
အိုနာသေ ဒုက္ခသံသရာစက်ဝန်းကြီးထဲကနေ ရုန်းမထွက်နိုင်သေးသမျှ ကာလပတ်လုံးတော့
ဤသံသရာမှာ ရှည်ကြာကြရလိမ့်ဦးမယ်။
အို ... သံသရာခရီးသည်အပေါင်းတို့ ဤအချိန်သည်ကား
တွေဝေမနေသင့်တော့ပေ
မအိုချင်လည်း အိုရပေဦးမည် တကား ...
မနာချင်လည်း နာရပေဦးမည် တကား ...
မသေချင်လည်း သေရပေဦးမည် တကား ...
မခွဲချင်လည်း ခွဲခွာရပေဦးမည် တကား ...
မိမိပိုင်ဆိုင်တယ်လို့ ထင်ခဲ့သမျှ
မိမိနဲ့သက်ဆိုင်တယ်လို့ စွဲခဲ့သမျှ
မိမိနဲ့ပတ်သတ်တယ်လို့ မြင်ခဲ့သမျှတွေ
အရာအားလုံးဟာ ...
နောက်ဆုံးမှာ ဘာဆိုဘာမျှ ယူဆောင်သွားခွင့်မရှိပါလား ...
အရာအားလုံးတစ်နေ့ကျရင်
ပျောက်ကွယ်သွားရတာချည်းပါတကား ...
ကိုယ်စိုး ကိုယ်ပိုင် ကိုယ်ဆိုင်
ကိုယ့်အတ္တကို မလိုက်နိုင်ပါလားဆိုတာ
သင်္ခါရနိယာမ သဘာဝတရားကြီးက သက်သေပြသွားခဲ့ပြီ မဟုတ်လား ...
ကြိုတင်မမြင်နိုင်တဲ့ လောကကြီးမှာ
မရေရာ မသေချာတဲ့ ဘဝပင်လယ်ပြင်ကြီးထဲမှာ
စမ်းတဝါးဝါး မျက်ကန်းတစ္ဆေမကြောက်သလို သွားလာနေကြမယ့်အစား
မြတ်ဗုဒ္ဓ ချမှတ်ပေးခဲ့တဲ့ ဒုက္ခဆင်းရဲ အပေါင်းမှ
ကင်းလွတ်ရာ မြတ်နိဗ္ဗာန်ဖြစ်တဲ့
သေချာရေရာတဲ့ အနာဂါတ်ပန်းတိုင်ကို ပုံဖော်လျှောက်လှမ်းသွားနိုင်ကြပါစေလို့
နှစ်သစ်မှာ ဆန္ဒမွန်စကား ပါးလိုက်ပါရစေ ...
ဓမ္မလုလင်
6 months ago (edited) | [YT] | 144
View 20 replies
Dhamma Lulin ဓမ္မလုလင်
" သံသရာထွက်ရပ်လမ်းက ပြေးလမ်းပေါ်မှာ ရောက်ရှိသွားတဲ့ ယောဂီတစ်ဦး "
အချိန်ကြာမြင့်စွာ ခုတ်မောင်းနေတဲ့
မီးရထားကြီးတစ်စင်းဟာ ဦးခေါင်းကိုကြည့်လိုက်ရင်
ရှူးရှူးရှဲရှဲနဲ့ အင်ဂျင်တွေပူအငွေ့တထောင်းထောင်းထကာ
ရေနွေးတွေဆူပွက်နေတာ မြင်ဖူးကြမှာပါ။
လူတွေမှာလည်း ဒီသဘောတရားနည်းတူပါပဲ ...။
အချိန်ကြာမြင့်စွာ လောဘ ဒေါသ မောဟ စိတ်တွေနဲ့
အလုပ်လုပ်ရင်း ရုန်းကန်နေရတာနဲ့အမျှ
ခန္ဓာကိုယ်တွင်းမှာ အကြောအချဉ်တွေဟာ တင်းမာလာပြီး
ကိလေသာအားကြီးရင်ကြီးသလောက် အရှိန်ပါရင်ပါသလောက်
ခန္ဓာကိုယ်တွင်း သွေးသားတွေဟာဆူပွက်လေ့ရှိပါတယ်။
စိတ်မောလူမောနဲ့ ပူလောင်ပင်ပမ်းရလေ့ရှိတတ်ပါတယ်။
ဥပမာ လူတစ်ယောက် အပြေးလေ့ကျင့်တယ်
တစ်မိုင်ပြေးရင် တစ်မိုင်သာသာလောက်နဲ့ ညီမျှသလောက်ပဲမောမယ်။ ပင်ပမ်းမယ်။
၁၀ မိုင်ပြေးရင် ၁၀ မိုင်ပမာဏနဲ့ညီမျှအောင် မောလိမ့်မယ်။ ပင်ပမ်းလိမ့်မယ်။
ကိုယ်သုံးလိုက်တဲ့ energy (အန်င်နဂျီ) ပေါ်မှာပဲမူတည်နေပါတယ်။
အချိန်ကြာမြင့်စွာ ခုတ်မောင်းထားလို့ ပူနေတဲ့ အင်ဂျင်ကြီးကို
ချက်ချင်းကြီး အေးသွားအောင်လို့ လုပ်ဖို့မဖြစ်နိုင်သလိုပဲ
ကိလေသာအားကြီးစွာနဲ့ တစ်သံသရာလုံးက မောင်းနှင်လာခဲ့တဲ့
ဒီ ရုပ်နာမ် ခန္ဓာကိုယ်ကြီးကိုလည်း
မူလပုံမှန်အပူချိန်အနေအထားအတိုင်း ပြန်ဖြစ်ဖို့ဆိုတာ
အချိန်ခဏတော့ယူရပါသေးတယ်။ စောင့်ဆိုင်းရပါတယ်။
ဓမ္မမိတ်ဆွေတို့အနေနဲ့ ချက်ချင်းကြီး ငြိမ်းသက်ဖို့ရာ ခက်ခဲပါလိမ့်မယ်။
ရေတွက်လို့မရတဲ့ ဘဝပေါင်းများစွာက ပါရမီဖြည့်ကျင့်လာခဲ့တဲ့
မြတ်စွာဘုရားတောင် ချက်ချင်းမဖြစ်နိုင်ပါဘူး။
အချိန်ကာလအတိုင်းအတာတစ်ခုထိတော့ယူပြီး အားထုတ်လိုက်မှ
အာသဝေါတရားတွေကုန်ခမ်းပြီး သဗ္ဗညုတဉာဏ်တော်ကိုရရှိခဲ့တာပါ။
ဒါကြောင့် ဓမ္မမိတ်ဆွေတို့အနေနဲ့ တရားတွေအားထုတ်တာ
ချက်ချင်း ဘာမှ မထူးခြားလာဘူးဆိုပြီး လက်လျှော့မပစ်ဖို့ အရေးကြီးပါတယ်။
တစ်သံသရာလုံးက ပါလာခဲ့တဲ့
အလွန်အားကြီးတဲ့ ကိလေသာထုအရှိန်ကို
အလွန်အားကောင်းတဲ့ ဝိပဿနာဉာဏ် ဘရိတ်နဲ့အုပ်ရင်း
တစ်နေ့တစ်နေ့ လောဘဒေါသမောဟဇောတွေနဲ့
ရုန်းကန်လှုပ်ရှားခဲ့သမျှ စိတ်ကိုဖြေးဖြေးချင်းလျှော့
မျက်လုံးကိုအသာအယာမှိတ် ဝင်သက်ထွက်သက်ကို
အလိုက်သင့်လေး ပုံမှန်ရှူသွင်းရှူထုတ်လုပ်ပေးရင်းနဲ့
တဖြေးဖြေးချင်းအရှိန်ကို လျှော့ချကာ
အဆက်မပြတ် သတိကပ်ရင်း သဘောသဘာဝတွေကို ဉာဏ်နဲ့ရှုဆင်ခြင်ရင်း
ကိလေသာမီးတွေကို တစ်တိတိနဲ့ ငြိမ်းသတ်သွားရပါမယ်။
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့အတိုင်း
တရားကို စိုက်လိုက်မတ်တတ် အားထုတ်သွားတဲ့ ဓမ္မမိတ်ဆွေတို့ရဲ့ ဉာဏ်ဟာလည်း
အလေ့အကျင့်ကောင်းတွေရလာတဲ့နောက်
ဝိပဿနာဉာဏ်တွေ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားတဲ့အခါမှာ
ပြေးလမ်းပေါ်မှာ အရှိန်ရသွားတဲ့ ရထားတွဲကြီးလိုပဲ
အလေ့အကျင့်ကောင်းတွေနဲ့ ပြုစုပျိုးထောင်ထားခဲ့တဲ့ သတိနဲ့ အသိဉာဏ်ဟာ
သူ့အလိုလို ခုတ်မောင်းရင်း
ရုမ်နာမ်သင်္ခါရ တရားတွေအပေါ်မှာ
အလိုက်သင့် သူ့အရှိန်နဲ့သူ ရှုမှတ်ဆင်ခြင်နေတတ်ပါတယ်။
ဒီအခါမျိုးမှာ မိတ်ဆွေဟာ လောကအလုပ်တွေနဲ့
ဘယ်လောက်ပဲ ဗျာများနေပါစေဦးတော့
အသေမဦးခင် ဉာဏ်ဦးထားတဲ့အတွက်ကြောင့်မို့
စက်များမှာ ဆင်ဆာတပ်ပေးထားလိုက်သလိုမျိုး
ဓမ္မမိတ်ဆွေရဲ့ ဉာဏ်က
သူ့ဘာသာ အလိုအလျောက် ရှုမှတ်ဆင်ခြင်နေပါတော့တယ် ...။
မတရားသဖြင့် လောဘဒေါသမောဟတွေမဖြစ်စေဖို့
သူ့အလိုလို ဘရိတ်အုပ်နေတတ်ပါသေးတယ်။
ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ဝိပဿနာဆိုတာ ဒီနေရာမျိုးတွေပဲ။
ဒီအဆင့်ကို ရောက်ရှိသွားတဲ့ ဓမ္မမိတ်ဆွေဟာ
အရှိန်ရသွားတဲ့ မီးရထားကြီးလိုမျိုး
သံသရာထွက်ရပ်လမ်းက ပြေးလမ်းပေါ်မှာ ရောက်ရှိသွားတဲ့
ယောဂီတစ်ဦး ဖြစ်သွားလို့ပါပဲ ...။
ခရီးဖင့်နေတဲ့ ယောဂီတွေ ခရီးရောက်နေတဲ့ယောဂီတွေ
ခရီးမပေါက်သေးတဲ့ ယောဂီတွေအတွက်
မီးတစ်စ ရေတစ်မှုတ်
အကျိုးဖြစ်ထွန်းပါစေခြင်းအကျိုးငှာ
စာတွေလက်တွေ့များဖြင့်ပေါင်းစပ်ကာ
မျှဝေရေးသားလိုက်ရပါတယ်။
ဓမ္မလုလင်
2 years ago (edited) | [YT] | 338
View 17 replies
Dhamma Lulin ဓမ္မလုလင်
ဘဝရဲ့ နောက်ဆုံးအချိန်လက်ကျန်လေးတွေမှာ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ဖို့
ဘယ်လိုပြင်ဆင်ထားကြပြီလဲ တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ ...
မသေချာမရေရာတဲ့ လောကကြီးမှာ မနက်ဖြန် သဘက်ခါဆိုတာ
မျှော်လင့်ချက်သက်သက်တွေပါပဲ ...။
မြတ်ဗုဒ္ဓရှာဖွေတွေ့ရှိခဲ့တဲ့ အမြင့်မြတ်ဆုံး ဝိပဿနာ တရားအလုပ်တွေကို
အများကြီးမလုပ်နိုင်တောင်
သံသရာမှာ ထောက်တည်ရာလေးရသွားအောင်တော့
ဘဝအခြေအနေပေးတုန်း အသက်အရွယ်ရှိတုန်း အချိန်ရှိသလောက်
ကြိုးပမ်းအားထုတ်သင့်ပါတယ်။
ယခုလက်ရှိအချိန်ကသာ မိတ်ဆွေတို့ရဲ့ တန်ဘိုးအရှိဆုံး ပစ္စုပ္ပန်ဖြစ်လို့ပါပဲ ...။
ဓမ္မလုလင်
2 years ago | [YT] | 784
View 14 replies
Dhamma Lulin ဓမ္မလုလင်
ကုံလုံဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းနှင့် အံ့ဖွယ်ဖြစ်စဉ်တော်များ
https://youtu.be/b8CsiZAuPlo
2 years ago | [YT] | 51
View 0 replies
Dhamma Lulin ဓမ္မလုလင်
သေမှာ မကြောက်ကြသူများ အကြောင်း (မနာပဒါယီဆရာတော်)
https://youtu.be/Ds2JzP0zxfs
2 years ago | [YT] | 12
View 0 replies
Dhamma Lulin ဓမ္မလုလင်
မသေခင် တရားတွေ့ဖို့အရေးကြီးတယ် (သို့မဟုတ်) သေခြင်းတရားကို ရင်ဆိုင်ခြင်း မဟာစည်ဆရာတော်ဘုရားကြီး
https://youtu.be/vXWAmuyx-ck
2 years ago | [YT] | 24
View 0 replies
Dhamma Lulin ဓမ္မလုလင်
" တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ..."
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
နေ့စဉ် ကိုယ်ကိုယ်ကို သတိပေးနော်။
နေ့စဉ် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများပါ။
မေတ္တာဘာဝနာပွားများရင်းနဲ့ပဲ အဲဒီမေတ္တာစိတ်ကိုပါ
ပြန်ရှုပြီးတော့ ဝိပဿနာပါ တစ်ခါတည်း တစ်ဆက်တည်း
ပွားသွားလို့ ရပါတယ်။
ဝိပဿနာကိုပါ တစ်ဆက်တည်း ပွားများပါ။
ဒီလိုတရားတော်တွေကို ပွားများအားထုတ်ပြီး
တဖြည်းဖြည်း မေတ္တာစိတ်တွေပိုပြီးတော့ ကြီးလာတဲ့အခါမှာ
ကိုယ့်စိတ်ကပိုပြီးတော့ လွတ်လပ်လာလိမ့်မယ်။
ပေါ့ပါးလာလိမ့်မယ်နော်။
ကုသိုလ်စိတ်မှန်သမျှဟာ_စိတ်ကို_လွတ်လပ်သွားစေတယ်။
ပေါ့ပါးသွားစေတယ်_ကြည်လင်သွားစေတယ်_အေးချမ်းစေတယ်။
အဲဒီတော့_တကယ်လွတ်လပ်မှုကို_လိုချင်တယ်ဆိုရင်
ဘယ်လိုကုသိုလ်မျိုးကိုမဆို_ဖြူစင်တဲ့စိတ်နဲ့ပြုပါ။
ကုသိုလ်မှန်သမျှဟာ_မဂ်ဖိုလ်နိဗ္ဗာန်ကို_ရဖို့အတွက်
အထောက်အပံ့ _ဖြစ်ပါတယ်။
ဝိပဿနာကိုလည်း နေ့စဉ်ပွားများပါ။
ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ။
မေတ္တာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ။
ပြီးတော့ သေခြင်းတရားကိုလည်း_မေ့မထားပါနဲ့။
အခု လုပ်နေတဲ့ကိစ္စတွေဟာ လုပ်နေရတုန်းမှာ
အရေးတော့ ကြီးပါတယ်။ မလုပ်လို့ မဖြစ်ပါဘူး။
သို့သော် သေရင် အကုန်လုံးကို ထားခဲ့ရမှာပါ။
ဘယ်လောက်ပဲ_အလုပ်များများ
အဲဒီ အလုပ်များတဲ့ကြားထဲကပဲ တရားအားထုတ်ဖို့အချိန်ကို
ရအောင်ယူပါ။
တစ်နေ့သေမယ်ဆိုတာကို_မမေ့တဲ့သူကတော့
အချိန်ရအောင် ယူလို့ ရမှာပါ။
ဆရာတော်ဦးဇောတိက
[ မဟာမြိုင်တောရ ]
🙏🙏🙏🙏🙏🙏🙏🙏🙏
2 years ago | [YT] | 774
View 16 replies
Dhamma Lulin ဓမ္မလုလင်
စိတ်နောက်ကို လူမပါစေနဲ့
သံသရာ တစ်လျှောက်လုံး စိတ်နောက်ကို လူပါလို့ မောခဲ့တာတွေ များလှပြီ
ဒီတော့ လူနောက်ကို စိတ်ကလေးပါအောင်
ဆွဲနိုင်မှ ချမ်းသာရာ ရလိမ့်မယ်
ကိုယ့်နောက်ကို စိတ်ကလေးပါအောင် ဆွဲဖို့ဆိုတာကလည်း သူတော်ကောင်းတရားကို မကြာမကြာ နာပေးမှ ဖြစ်လိမ့်မယ်
တရားနာရရင် ကိုယ်မသိတာလေးတွေ သိလာလိမ့်မယ်
ကိုယ်သိပြီးသားတွေ ဆိုရင်လည်း တရားသတိပေါ်လာမယ်
အဲဒါမှ ကိုယ့်စိတ်ကို ကိုယ်နိုင်အောင် ဆုံးမနိုင်လိမ့်မယ်
တရားကို အသက်ကြီးမှ လုပ်မယ်လို့ စိတ်မကူးပါနဲ့
လေ့ကျင့်မထားတဲ့ စိတ်ဟာ အသက်ကြီးလေ ဆိုးလေ ဆိုးတတ်လို့ပါ
🍀🍀🌹🌹🌹🙏🙏🙏🌹🌹🌹🍀🍀
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး
2 years ago | [YT] | 1,562
View 40 replies
Load more