Dhamma Lulin ဓမ္မလုလင်

" သေပျော်နေပျော်ပြီဖြစ်သော ဓမ္မလုလင်၏ မသေခင်မှာ ပြောပြခဲ့ချင်သော အမှတ်တရစကားများ "

တစ်နေ့ကတင်ထားတဲ့ မေတ္တာပို့ အသံသွင်းနေစဉ်က တိုက်တိုက်ဆိုင်ဆိုင် မိုးများအဆက်မပြတ်ရွာသွန်းချနေခဲ့သည်။ ရုတ်တရက် မိုးတွေခြိမ်းလျက်ရှိသည်။ နောက်ဆုံးစာပိုဒ်ဖြစ်တဲ့ အထက်ဘဝဂ်မှာနေထိုင်ကြကုန်သော ပုဂ္ဂိုလ်အားလုံးကို မေတ္တာပို့သသည့် နေရာအရောက်မှာပဲ အပြင်ကနေ အုန်းကနဲ မိုးခြိမ်းသံအကျယ်ကြီး ကြားလိုက်ရသည်။ မိမိရင်ထဲမှာ အလိုလိုနားလည်လိုက်သည်က မိုးနတ်မင်းကြီးနှင့် သိကြားမင်းအစရှိတဲ့ တန်ခိုးကြီးသော နတ်များ သာသနာစောင့်နတ်များက ကောင်းချီးပေးနေခြင်းဖြစ်သည်ဟုပင်။

ဤမေတ္တာပို့ အသံကို သွင်းပြီးကတည်းက မိမိကိုယ်တိုင်လည်း ညစဉ်ညတိုင်းဖွင့်ဖြစ်သည်။ အရင်ကလို တကူးတက ကိုယ်ကထပို့စရာမလိုတော့ဘဲ ဒီအသံဖွင့်လိုက်တာနဲ့ ပို့လိုက်မိသလိုဖြစ်သွားတယ်လို့ခံစားရသလိုပင်။ ကိုယ်တိုင်လည်း နှလုံးသွင်း နားထောင်တိုင်း စိတ်အေးချမ်းတည်ငြိမ်မှုကို သိသိသာသာခံစားနေမိသည်။ အိမ်တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသလို ဝန်းကျင်မှ အသံပေးဆူညံခြင်းများလည်းတိတ်ဆိတ်သွားခဲ့သည်။

မိမိငှားရမ်းနေထိုင်သော အိမ်တွင် နေ့စဉ်ညတိုင်း တဒုံးဒုံးတဒိုင်းဒိုင်းနဲ့ ခြောက်လှန့်မှုများ ကြီးကြီးမားမားရှိခဲ့သည်။ မိမိတစ်ယောက်တည်းညစဉ် မအိပ်ဘဲ ရှိချိန်များတွင် ခြောက်လှန့်မှုများ ပိုမိုပြင်းထန်သည်။ မေတ္တာမပို့မချင်း အမျှမဝေမချင်း ကြောက်မက်ဖွယ်ရာအသံများ သိသိသာသာပေးသည်။ ရံခါဆိုသလို မိမိရှိနေသည့်အခန်းတွင်းသို့ပင် ရောက်လာတတ်သည်။

ပရိတ်ပဌာန်း ကမ္မဝါတို့ဖြင့် နှင်လို့မရ။ ဖွင့်ဖူးသည် နှင်ဖူးသည် ပိုဆိုးပြသည် ကြမ်းပြသည်။ အဓိကပြဿနာရဲ့ ဇစ်မြစ်ကို ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သည်မှာ သူတို့က ကိုယ့်ကိုတရားလာပြပေးနေတာပါလားလို့ သိလာပြီးနောက်ပိုင်းကျမှ ကျေးဇူးတင်မိပါတော့သည်။ ကိုယ့်စိတ်ထဲမှာ တစ်ခုခုတောင် မဖြစ်လိုက်နဲ့ ဖြစ်လိုက်တာနဲ့ အသံတစ်ခုခု ပေးတတ်စမြဲ။ ဘုရားလက်ထက်ကတည်းက သာသနာကို မကြည်ညိုတဲ့ နတ်ဆိုးတွေရှိခဲ့သည်မို့ အစောပိုင်းက မိမိတရားအားထုတ်မှုကို မလိုလား၍ အနှောက်အယှက်ပေးသည်ဟုထင်ခဲ့မိသည်။

နောက်တော့ ဪသူတို့က ကိုယ့်ကို တရားလာပြပေးနေတာပါလားလို့ အကောင်းဘက်ကနေ တွေးပြီးတော့ ကိုယ့်လိုအပ်ချက်တွေဖြစ်တဲ့ ခန္တီ သည်းခံခြင်းတရားနဲ့ တပါးသူအပေါ် ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ မေတ္တာတရားတို့ကို အသေအချာ မွေးမြူကျင့်သုံးလာဖြစ်တော့သည်။
အစောပိုင်းက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ခဲ့သမျှ တစ်ယောက်တည်းနေချိန်ကျမှ အဖြေပေါ်တော့သည်။
တော်ရုံတန်ရုံ သတိအသိမရှိသူသာဆို ရူးသွပ်ခြောက်ခြားသွားနိုင်သည့် အခြေအနေများထိအောင် ကြုံခဲ့ရဖူးသည်။

မကြာခဏဆိုသလို အခန်းမျက်နှာကျက်ပေါ်ကနေ ကုတ်ခြစ်ပြသည်။ ဟိတ်ဆိုပြီးအော်ငေါက်လို့လည်းမရ အမိန့်ပေးလို့လည်းမရ။ ထိုအခါမျိုးတွင် ဂျစ်ကန်ကန်ပေကပ်ကပ် ပိုလုပ်ပြသည်။ နောက်ဖေးခန်းမှ ရေခပ်သံများ တံခါးပိတ်သံများစသည့်ဖြင့် များစွာကြုံရဖူးသည်။ အစောပိုင်းက ကြောက်စိတ်များဝင်ခဲ့မိသည်။ နောက်တော့ ကြုံပါများလို့ သူတို့ကို စိတ်ထဲကနေရင်းနှီးလာသလိုခံစားမိသည်။ သူတို့ကိုအကြောင်းပြုပြီး မိမိ၏ တရားကျင့်ကြံအားထုးတ်ခြင်းကို အဓိဌာန်ကာလ ၃ လ သီးသန့် သတ်မှတ်ကာ တခြားအလုပ်များ ဘာဆိုဘာမှ မလုပ်တော့ဘဲ တရားကိုသာစူးစိုက်၍ ပိုမိုအားထုတ်ဖြစ်ခဲ့သည်။

အကြောင်းအရင်းက ကြောက်တတ်သော ဒေါသစိတ်ရဲ့အပြစ်ကိုမြင်ပြီးမှ ဒီစိတ်ဟာ အတော့်ကိုပူလောင်စေပါလားဆိုပြီးတော့ ဒီလိုမကောင်းတဲ့ ဒေါသကိလေသာကို အပြီးတိုင် ပယ်သတ်ဖို့ မိမိရောက်ရှိနေဆဲတရားကို ဆက်လက်ပြီးမှအားထုတ်ချင်စိတ်များ ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။

ဤအကြောင်းများ နောင်အလျဉ်းသင့်သလို ရေးသားမျှဝေပေးပါမည်။ ကိုယ်ရည်သွေးလို၍ ရေးသားခြင်းမဟုတ် အများအတွက်အကျိုးတစ်စုံတစ်ရာ များစေရန်အတွက် ရေးသားအသိပေးခြင်းဖြစ်သည်။ မိမိသည် ဤမေတ္တာပို့သမှု မတိုင်ခင်ကတည်းက နေ့စဉ် အနည်းဆုံး ၅ ပါးသီလစောင့်ထိန်းပြီး ငွေကြေးကိုင်တွယ်သုံးစွဲခြင်း အမွှေးနံ့သာလိမ်းကြံခြင်း အတီးအမှုတ်အကအခုန် အစရှိတဲ့ ကာမဂုဏ်အပျော်အပါးများ အဗြဟ္မာစရိယာအစအရှိတဲ့ စိတ်ကောလူကော ညစ်နွမ်းစေတတ်သော အရာများကို ရက်လများစွာ အထူးရှောင်ကြဉ်လိုက်နာခဲ့သူဖြစ်သည်။

မိမိသည် ကာမဂုဏ်စိတ် လုံ:လုံးကင်းပြတ်သူမဟုတ်သည်ကိုတော့ ဝန်ခံရမည်ဖြစ်သော်လည်း သိကြားမင်းအစရှိတဲ့ တန်ခိုးကြီးသော နတ်များတို့က မနေနိုင်အောင်ထိ ထူးခြားလာတဲ့ထိအောင် အဓိဌာန်ဆောက်တည်၍ သီလအား သမာဓိအားတို့ဖြင့် ပညာစခန်းများထိ တက်လှမ်းကာ ကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။

မိမိတင်ပေးခဲ့သော တရားများကြောင့် လူတချို့ တရားအားထုတ်ချင်စိတ်ပေါ်ခဲ့သည်။ အားထုတ်လက်စယောဂီအချို့ ပိုမိုအားထုတ်ချင်စိတ်များဖြစ်ပေါ်ခဲ့သည်။ တရားအသိဉာဏ် အနေအထားတစ်ခုမှာ ရောက်ရှိကာ အားထုတ်နေဆဲယောဂီတချို့ ပိုမိုနက်ရှိုင်းတဲ့ တရားအသိဉာဏ်များအတွက် အလင်းတစ်စဖွင့်ပေးနိုင်ခဲ့သည်။

မိမိချန်နယ်ကိုအားကျ၍ တရားချန်နယ်အများအပြား ပေါ်ပေါက်လာခဲ့သည်။ သူတို့တွေ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ဤသာသနာအတွက် အကျိုးတရားများဖြစ်ထွန်းစေခဲ့သည်။ ကိုယ့်ကြောင့် အများသူငှာ အကျိုးရှိဖို့ အထိုက်အလျောက်တော့ သာသနာပြန့်ပွားစေခဲ့ပြီ။ ကိုယ့်လုပ်ရပ်နဲ့စိတ်ဓာတ်ကို မည်သူမျှ ထိုးထွင်းမသိနိုင်ပေမယ့် သိကြားမင်းအစရှိတဲ့ တန်ခိုးကြီးတဲ့နတ်များနဲ့ သူတပါးစိတ်ကိုသိနိုင်သောပုဂ္ဂိုလ်များနဲ့ သာသနာစောင့်နတ်မင်းကြီးများကတော့ သိနေသည် ကောင်းချီးသြဘာပေးနေသည်မှာ သေချာသည်။

ယခုငလျင်ကပ်ဘေးကြီးမှာ အဆိုးဆုံးဖြစ်ခဲ့သော မန္တလေးမြို့မှာရှိတဲ့ မန္တလေးတောင်ခြေဖားအောက်တောရရိပ်သာ စိန်ပန်းရပ်ကွက်မှာရှိသော ရတနာပုံမဟာစည်ရိပ်သာ ကျွဲဆည်ကန်က မင်္ဂလာမဂ္ဂင်မိုးကုတ်ရိပ်သာ အစရှိသောနေရာများဟာ တစ်ချိန်တုန်းက မိမိအားထုတ်ခဲ့ဖူးသော နေရာများဖြစ်ခဲ့ဖူးသလို ဘဝမှတ်တိုင်များစိုက်ထူခဲ့ဖူးသော နေရာများဟုဆိုလျှင်မမှားပါချေ။

ဤအကြောင်းများကို ရေးချနေခြင်းမှာ တမင်ကြွားလိုဝါလို၍ ကိုယ်ရည်သွေးလို၍ မဟုတ်ဘဲ မသေခင်မှာ ပြောသင့်ပြောထိုက်တာလေးတွေကို ဝေမျှပြောခဲ့ချင်တာကြောင့်ဖြစ်သည်။ ဒီအတွေ့အကြုံလေးတွေကို ဖတ်မိသူတိုင်း နားထောင်မိသူတိုင်း စိတ်ဓာတ်ခွန်အားတိုးပွား၍ အတုယူအားကျ နည်းမှီနိုင်ကြပါစေခြင်းအလို့ငှာအတွက်ဖြစ်သည်။

အတိတ်ဘဝဝဋ်ကြွေးတွေကြောင့် ဒီဘဝမှာ သူများထက်တမူပိုထူးခြားစွာ မကြာခဏ တစ်ခုမဟုတ်တစ်ခု ကျန်းမာရေးချူချာသူဖြစ်သလို ငယ်စဉ်ဘဝကတည်းက ဘဝပေးကံကြမ္မာ ကောင်းသူမဟုတ်ခဲ့တာကြောင့် အသက်၂၅နှစ်ကတည်းက အိပ်ယာထဲမှာ ဘုန်းဘုန်းလဲချိန်ကစပြီး သံဝေဂတွေအကြီးအကျယ်ရခဲ့ရာမှ အစပြုကာ ဝိပဿနာတရားတွေကို ပွားများအားထုတ်ဖြစ်ခဲ့သည်။

ထိုစဉ်က (၇) လလောက် သီလသမာဓိတရားတွေဆောက်တည်ခဲ့ပြီး ၆လမြောက်လောက်မှာ ဓာတ်ပရမတ်တရားတွေထိ ထိုးဖောက်မြင်နိုင်သွားချိန်မှာ စောစောက ခံစားနေခဲ့ရသော ခေါင်းတစ်ခြမ်းကိုက်ခဲခြင်း နှလုံးသွေးကြောကျဉ်းခြင်း အိပ်ပျော်နေချိန် အလွန်အမင်းအသက်ထွက်မတတ်ခုန်နေတတ်သော နှလုံးလန့်ရောဂါ စိတ်ကျရောအစရှိတဲ့ အရာများ ခန္ဓာပေါ်က ရွှံ့နွံ့များကို ရေနဲ့ဆေးချပစ်လိုက်သည့်အလား ဝိပဿနာဘာဝနာစွမ်းအားဖြင့် စိတ်ကောရုပ်ပါ ကြည်လင်လန်းဆန်းစေခဲ့သည်ထိကောင်းမွန်ခဲ့သည်။ (ဤအတွေ့အကြုံများကို နောင်အလျဉ်းသင့်သလို ကံမကုန်ခင် မသေခင်အချိန်လေးမှာ ရှင်သန်ခွင့်လက်ကျန်ချိန်တွေမှာ အခွင့်အခါသင့်ခဲ့ဦးမည်ဆိုရင်တော့ မိမိစွမ်းနိုင်သလောက် မျှဝေရေးသားကာ တင်ဆက်ပေးသွားပါဦးမည်။)

ယခုမိမိအသက် ၄၀ ဝန်းကျင်ရှိပြီ။ ဘဝမှာ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ခဲ့ပြီးဖြစ်သလို တရားအားထုတ်မှုအပိုင်းတွေလည်းအတော်အသင့် ခရီးပေါက်ရောက်ခဲ့ပြီ။
ဤသာသနာမှာ ဓမ္မလုလင် သည် အုတ်တစ်ချပ်သဲတစ်ပွင့် အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်ခွင့်ရခဲ့ပြီမို့ သေပျော် နေပျော်ပြီဖြစ်သည်။

တကယ်တော့ လူဆိုတာ သေမျိုးဖြစ်သည်။ ကံကုန်မိုးချုပ်လို့ အချိန်တန်ရင် လာလမ်းကနေပြန်ရမှာဖြစ်သည်။ ကုသိုလ်နဲ့ပြန်မှာလား အကုသိုလ်နဲ့ ပြန်မှာလားဆိုတာ မိမိအသိဉာဏ်နဲ့ဆုံးဖြတ်ပိုင်ခွင့် ရွေးချယ်ပိုင်ခွင့်ဖြစ်သည်။
သေခြင်းတရားဆိုတာ သံဝေဂအားကြီးသူ အသိဉာဏ်ကြီးမားသူတွေ အစွဲအလန်းအတွယ်အတာ အနှောင်အဖွဲ့တွေနည်းပါးသည်သထက် နည်းပါးအောင် ကျင့်ကြံသွားနိုင်သူတွေအဖို့ ဘာမှ အထူးအဆန်းကြီးမားသော စိန်ခေါ်မှုတစ်ရပ်မဟုတ်တော့သည်မှာ သေချာသည်။

လူတွေသေဖို့ကြောက်နေကြသည့် အဓိကအကြောင်းအရင်းမှာလည်း ငါသူတပါး ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အစွဲတွေဝင်ကာ အဲဒီအရာတွေပေါ်မှာ ထပ်တိုး၍ချယ်လှယ်လာတဲ့ သားသံယောဇဉ် သမီးသံယောဇဉ် ဇနီးမယားလင်ယောကျာ်း သံယောဇဉ် နောက်ဆုံး ကိုယ်နေ့စဉ် ကျင်လည်ကျက်စားနေရာဝန်းကျင် အသိုင်းအဝိုင်းလေးတစ်ခုကိုပင် တွယ်တာနေတတ်တဲ့သံယောဇဉ်ကအစ ကာမဂုဏ်အာရုံအမျိုးမျိုးအပေါ် အတွယ်အတာစိတ်တွေအားလုံးဟာ တစ်ဖက်စောင်းနင်းဖြစ်ပြီးမှ မျှတတဲ့တရားအသိ ဘာဝနာစိတ်မဝင်နိုင်တော့ အနှောင်အဖွဲ့အစွဲအလန်းတွေ အလွန်အမင်းထားနေတတ်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။

လောကကြီးမှာ မီးများရင် မီးနိုင် ရေများရင်ရေနိုင်ဆိုသလိုပဲ။ ကိုယ့်စိတ်က အလေ့အကျင့်အထုံများရာကို အားသန်သွားကြတာမို့ သေခါနီးကျမှ ကျန်းမာရေးမကောင်းမှ အသက်ကြီးမှ သတိနဲ့ အသိဉာဏ်အားနည်းချိန်ကျမှ တရားကိုထလုပ်ရင်တော့ အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် သွားပြီ သွားပြီဆိုတဲ့ အဆိုတော်မျိုးကြီးသီချင်းထဲကလိုသာ ဆိုလိုက်ချင်ပါတော့သည်။

သို့ကြောင့်ပင် စက္ကန့်နဲ့မလပ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ ရုပ်နာမ်သင်္ခါရ သဘောတွေကို ရင်ထဲမှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နက်နက်ရှိုင်းရှိုင်းထိုးထွင်းသဘောပေါက်နားလည်ထားသူတွေအဖို့ ဗောဇ္စျင်တရားတွေဆိုက်ရောက်အောင် အကြိမ်ကြိမ်ပွားများအားထုတ်သွားနိုင်ချိန်မှာ မတွေမဝေ မကြောက်မလန့် ကြည်လင်ရွှင်ပြတည်ငြိမ်သော အိန္ဒြေတို့ဖြင့် သေသွားနိုင်ကြတာဟာ မဆန်းတော့ပေ။

မိမိသည် လောဘဒေါသမောဟ လုံးဝကင်းပြတ်သေးတဲ့သူမဟုတ်ခဲ့လို့ ဘဝမှာ အမှုမဲအမှတ်မဲ့ သတိလက်လွတ်ဖြစ်ကာ မှားခဲ့တဲ့ အမှားတွေကို (ပြင်လို့မရနိုင်လောက်သော ကြီးကြီးမားမား အမှား များမဟုတ်ပါ။) နောင်ထပ်မဖြစ်အောင် ပြင်ဆင်ရင်း တစ်စတစ်စနဲ့ တိုးတက်မှုတွေ ရင့်ကျက်ပြောင်းလဲမှုတွေ ထိုက်သင့်သည်အားလျော်စွာဖြစ်ထွန်းခဲ့ရချေပြီ။ ထိုအရာများကို မသေခင်အချိန်လေးအတွင်းမှာ မြတ်ဗုဒ္ဓအဆုံးအမ လမ်းညွှန်ချက်တို့နှင့်အညီ အကောင်းဆုံးဖြစ်အောင် အသုံးချပြီးတော့ မိမိလက်လှမ်းမှီသမျှ နီးစပ်သူတိုင်းကို မိမိစွမ်းနိုင်သမျှ ကယ်တင်ပေးသွားဖို့ လမ်းပြပေးသွားဖို့ တိုက်တွန်းပေးသွားဖို့ ဆန္ဒတစ်ခုသာလျှင် ကြီးကြီးမားမား ကျန်နေပါတော့သည်။

ဤသစ္စာ စကားများ မှန်ကန်ပါက အကျွန်ုပ်၏ တရားအသံကို ကြားနာရသူအပေါင်း
ဒုက္ခသံသရာမှလွတ်မြောက်ခွင့် ရကြပါစေ။ အေးချမ်းကြပါစေ ...။

အပါယ်ဝဋ်ဆင်းရဲမှ ကင်းလွတ်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ ...။

ဘဝအရှိတရားကိုသိပြီးမှ ဓမ္မအသိများတိုးပွားနိုင်ကြပါစေ ...။
သာသနာတော်အကျိုး ဆထက်တန်ဖိုး
သယ်ပိုးဆောင်ရွက်နိုင်ကြသူများ ဖြစ်ကြပါစေ ...။

အများကောင်းကျိုးကိုလိုလားသော
ရင်ထဲက မေတ္တာတရား
အမှန်မြင်အမှန်သိထားသော သစ္စာတရား
မိမိနိုင်ရာ အုတ်တစ်ချပ်သဲတစ်ပွင့်စာပဲဖြစ်ဖြစ်
သာသနာ့အကျိုးကိုသယ်ပိုးဆောင်ရွက်ချင်သော
စိတ်စေတနာ သဒ္ဒါတရား တို့ဖြင့် ရှေးရှုလျက် ...

ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
မသေမှီအချိန်လေးအတွင်းမှာ
အကောင်းဆုံး ကြိုးစားသွားပါဦးမည်။

ဓမ္မလုလင်

5 months ago (edited) | [YT] | 358