Mandalay Free Press - MFP သည် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းဌာနဖြစ်သည်။မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းက သတင်းများကို အထူးပြုတင်ဆက်သည်။ နေ့စဉ်သတင်း၊ သတင်းဆောင်းပါးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသခံများ၏ လူမှုဘဝများကို ဖော်ပြသည်။
Mandalay Free Press - MFP
စဉ့်ကူးနဲ့သပိတ်ကျင်းကနေ မြစ်ကူးကာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စု လိုက်လံ ဗုံးကြဲ သတ်ဖြတ်၊ သုံးရက်အတွင်း ပြည်သူ ၂၀ ခန့် သေဆုံးကာ ကားအစီးရေ ဆယ်ချီပျက်စီး၊ PDF တွေမို့ ဗုံးလိုက်ကြဲသတ်နေတာလို့ စစ်အုပ်စု အောင်ပွဲခံသတင်းဖြန့်၊ ထင်လင်း/MFP၊ ဒီဇင်ဘာ - ၂၀ မန္တလေးတိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက လိုက်လံ ဗုံးကြဲ သတ်ဖြတ်လို့ သုံးရက်အတွင်း စစ်ဘေးရှောင်တွေ၊ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိပြီး ကားအစီးရေ ဆယ်နဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ တော်လှန်ရေးတပ်တွေ နှစ်နဲ့ချီကြာ သိမ်းပိုက်ထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်က စစ်ခန်းတွေ၊ မြို့၊ရွာတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ တွေ့သမျှပြည်သူ ဖမ်းဆီး သတ်ဖြတ်နေသလို မြို့၊ရွာတွေပေါ် တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတာကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘို၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တွေထဲ စစ်ဘေးရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ရက်အထိ သုံးရက်အတွင်း စစ်ဘေးရှောင်ပြည်သူနဲ့ ခရီးသွားတွေ စုဝေးနေတဲ့ ဧရာဝတီမြစ်ဆိပ်တွေ၊ ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦးနယ်ထဲက လမ်းဆုံလမ်းမတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ အကြိမ်ရေ ဒါဇင်နဲ့ချီကာ လေကြောင်းတိုက်ခိုက်လို့ ရဟန်းသံဃာနဲ့ အမျိုးသမီးတွေ အပါအဝင် လမ်းပေါ်မှာ သေဆုံးတဲ့ ပြည်သူ ၂၀ ခန့် ရှိပါတယ်။ စစ်အုပ်စုက ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းကို ဒီဇင်ဘာ ၈ရက်ကတည်းက ခရီးသွားတွေ ဖြတ်သန်းခွင့် မပေးတော့ဘဲ ပိတ်ဆို့ထားပြီးနောက် အထက်ပါအတိုင်း လမ်းဆုံလမ်းမတွေကို လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး လမ်းပေါ် ပိတ်မိနေတဲ့ ခရီးသွားနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လေကြောင်းအန္တရာယ်က ကင်းလွတ်မယ်ထင်တဲ့နေရာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။ “မန္တလေးစစ်ရှောင်တွေက တအားများတာကိုး၊ လမ်းတလျှောက် ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနဲ့ ရှိနေတာ။ နေပူရတဲ့အထဲ ကွန်ကရစ်တံတားအောက်တွေမှာ လိုက်ပုန်းနေကြရတာ၊ ညဘက်တွေဆိုလည်း ဆိုင်ကယ်လေးတွေ ဘေးထိုးပြီး ခွေခေါက်အိပ်နေကြတာ” လို့ ခင်ဦးနယ်ခံ တစ်ဦးက MFP ကို ပြောပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်က မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးနဲ့ ရွှေဘိုနယ် အရှေ့မြောက်ခြမ်း မအူလမ်းခွဲထိပ်၊ အမှတ် ၃ လမ်းမပေါ်ကို ငါးကြိမ်၊ ရွှေဘိုနယ် အရှေ့တောင်ခြမ်း ဂွေးကုန်းရွာအနီးကို လေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ခရီးသွားကားသမား နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ အဲ့ဒီနောက် မိနစ်ပိုင်းသာ ခြားပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီး၊ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံပြီး ရွှေဘိုနယ် ဂွေးကုန်းရွာအနီးကို ၁၀ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ခရီးသွားလာနေတဲ့ ဘုန်းတော်ကြီး တစ်ပါးနဲ့ အဖွားအိုတစ်ဦး အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်မှာလည်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကနေ ဧရာဝတီမြစ်ကူးကာ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာကြတဲ့ ပြည်သူတွေကို ခင်ဦးမြို့နယ်ဘက်ခြမ်း၊ ကျောက်ကြီးနဲ့ ချောင်းသလဲ မြစ်ကူးဆိပ်တွေမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်လို့ စစ်ဘေးရှောင် ပြည်သူ အနည်းဆုံး ခုနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်း ရှိပြီး ခရီးသွားကား ဒါဇင်နဲ့ချီ ပျက်စီးခဲ့တယ်လို့လည်း မြင်တွေ့ခဲ့သူတွေက MFP ကို ပြောပါတယ်။ ဆက်လက်ပြီး ဒီဇင်ဘာ ၁၈ရက်မှာလည်း ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ခင်ဦးမြို့နယ် မြေနီသျှို လမ်းဆုံနဲ့ လက်ပံကုန်းရွာ တဝိုက်ကို စစ်အုပ်စုက ဂျက်ဖိုက်တာ လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ အကြိမ်ကြိမ် ဗုံးကြဲ၊ စက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ် မြေနီသျှိုလမ်းဆုံ ဗုံးကြဲခဲရမှုအတွင်း ကားလမ်းပိတ်မိနေလို့ အနီးအနားက စက်ဆုံးဆီဆိုင်မှာ စတားလင့်အင်တာနက် အသုံးပြုနေကြတဲ့ ခရီးသွားပြည်သူတွေထဲက တစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရပြီး လမ်းပေါ်မှာ ပိတ်မိနေတဲ့ ခရီးသွားကား အမြောက်အများ ထိခိုက်ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။ “ဂျက်ဖိုက်တာက ပထမ တစ်ပါတ်၊ နှစ်ပါတ်၊ သုံးပတ် ဝဲပြီးတော့ ဆီခြံထဲကို (ဗုံး) ချသွားတာ။ မီးတွေ အကုန်လောင်သွားတာ။ ဒီဘက်မှာ ဘာမှလည်း မရှိဘဲနဲ့ လာချသွားတာ။ အဲ့ဒီဘက် (ဆီခြံ)က Wifi(ဝိုင်ဖိုင်) ရှိတဲ့ဘက်ကို သုံးခါ ချသွားတာ” လို့ ကိုယ်တိုင်မြင်တွေ့ရသူ ဒေသခံအမျိုးသမီးက ပြောပါတယ်။ စစ်အုပ်စုက ဆီခြံကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ပြီး ပထမဆုံး လေယာဉ် စက်သေနတ်နဲ့ ပစ်ခတ်ပြီးမှ ဗုံးကြဲတာလို့ ကိုယ်တိုင်ကြုံရသူ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ “လေကြောင်းတက်လာတယ်လို့ အသိကလာပြောပြီး ပြောတဲ့သူက ခြံပြင်မရောက်သေးဘူး ဂျက်ဖိုက်တာနဲ့ ကြဲသွားပြီ။ မျက်စိရှေ့တင် လည်ပင်းပြတ်သေတာ တစ်ဦး ဗိုက်ပေါက်ထွက်တာက တစ်ဦးပါ။ ရော့ကတ်တွေနဲ့ ပစ်သွားတော့ ဆီပေပါလေးလုံးကလည်း ချက်ချင်းကို မီးလောင်သွားတာ။ ကျွန်တော်တို့လည်း အနားကို ကပ်မရဘူး။ ဂျိုင်ရိုကော်ပတာတွေပါ တက်လာတော့ နောက်ဆုတ် ထွက်ပြေးလာရတယ်” လို့ ဆီခြံလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။ အဲ့ဒီ ဒီဇင်ဘာ ၁၈ရက် ညပိုင်းမှာပဲ စစ်အုပ်စုက ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်ရာ ရွာခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုက ဗုံးကြဲလို့ ဒီဇင်ဘာ ၁၆ရက်က ရွှေဘိုနယ်မှာ ခြောက်ဦး၊ ဒီဇင်ဘာ ၁၇ရက်က ခင်ဦးနယ် မြစ်ကူးဆိပ်တွေမှာ ခုနှစ်ဦးထက်မနည်း၊ ဒီဇင်ဘာ ၁၈ရက်ကခင်ဦးနယ် လမ်းဆုံလမ်းမနဲ့ ကျေးရွာတွေမှာ နှစ်ဦးထက်မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဝက်လက်နယ်ကိုလည်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်နေပြီး ဒီဇင်ဘာ ၁၈ရက် ညဦးပိုင်းက ဝက်လက်နယ် ဆည်တောရွာကို မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ မိသားစုလိုက်အပါအဝင် ရွာခံပြည်သူ လေးဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပါတယ်။ အထက်ပါ အချက်အလက်တွေဟာ MFP က စုစောင်းရရှိတဲ့ အချက်အလက်တချို့သာ ဖြစ်ပြီး အတည်ပြုမရနိုင်သေးတဲ့ ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်ပါတယ်။ စစ်အုပ်စုဟာ ရွှေဘိုနဲ့ ခင်ဦးမြို့နယ် သာမက နယ်မြေထိစပ်နေတဲ့ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနဲ့ တန့်ဆည် စတဲ့ မြို့နယ်တွေကိုလည်း မြေပြင်တိုက်ပွဲ မရှိဘဲ ယခုရက်ပိုင်း ထင်တိုင်းကျဲ လေကြောင်း တိုက်ခိုက်နေပြီး နေ့ညမရှောင် ဗုံးလာကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် - NLTA ရဲ့ အဆိုအရ ဒီဇင်ဘာ ၁၂ရက်ကနေ ၁၈ ရက်အထိ တစ်ပါတ်တာအတွင်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ရွေဘို၊ မုံရွာနဲ့ ယင်းမာပင် လေးခရိုင်ထဲက ၁၁မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၆ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၆၂ ကြိမ် ကျူးလွန်ခဲ့ပါတယ်။ အထက်ပါ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို ဗုံးလိုက်ကြဲ သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး PDF တွေမို့ လိုက်လံ သတ်ဖြတ်ခဲ့တာလို့ စစ်အုပ်စုက ဒီဇင်ဘာ ၁၉ရက်မှာ နိုင်ငံပိုင် ရုပ်သံတွေကတဆင့် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး နိုဝင်ဘာလကလည်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်ခဲ့ကာ ကလေးသူငယ် ၃၀ ကျော် အပါအဝင် ပြည်သူ ၁၃၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် နေကြတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၆နဲ့ ၁၇ရက်တွေမှာ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – MFP၊ ပေးပို့ PDF တွေမို့ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့ကြောင်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo - စစ်အုပ်စု MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
2 days ago | [YT] | 968
View 310 replies
စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ စစ်အုပ်စု လက်ထဲ ပြန်ပါသွား၊ စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊ ထင်လင်း/MFP၊ ဒီဇင်ဘာ - ၁၉ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နဲ့ မန္တလေး-သပိတ်ကျင်း ကားလမ်းပေါ်က လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၈ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူ ထိမ်းချုပ်သွားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို တိုက်ခိုက် သုတ်သင်ကာ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ အပါအဝင် စဉ့်ကူးနယ် တနယ်လုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စဉ့်ကူးတနယ်လုံး စစ်ရှုံးကာ လက်လွှတ်ရပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူတွေ စဉ့်ကူးမြို့ပေါ် မနေဝံ့ဘဲ ယနေ့အချိန်ထိ ရှောင်တိမ်းနေကြရပါတယ်။ စစ်ရှုံးထားတဲ့ စဉ့်ကူးမြို့ကို ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက ယခု နိုဝင်ဘာလကုန်ပိုင်းမှာ မတ္တရာဘက်ကနေတဆင့် စစ်ကြောင်းတွေ ဖြန့်ခွဲကာ လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ထိုးစစ်ဆင်လာပြီး ဒီဇင်ဘာ ၁၈ရက်မှာ လက်ပန်လှရွာနဲ့ ညပိုင်းမှာ စဉ့်ကူးမြို့ကို ပြန်ရသွားတာလို့ ဆိုပါတယ်။ “လက်ပံလှကို မနေ့ကတည်းက ဝင်သွားတာ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းထက် ဒရုန်းနဲ့ လေကြောင်းကို အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး လေကြောင်းကနေ ထင်တိုင်းကျဲ ဗုံးကြဲကာ အခုလို စစ်ရှုံးနယ်မြေတွေကို ပြန်လည် သိမ်းယူနေတာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းက စဉ့်ကူးတနယ်လုံး၊ သပိတ်ကျင်းမြို့နယ်က ၈၀ရာခိုင်နှုန်းတဲ့ မတ္တရာမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေး - မတ္တရာ - သပိတ်ကျင်း ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ခဲ့သလို မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေကိုပါ တစ်နှစ်ကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ရေးပြင်ဆင်ခဲ့ပြီးနောက် ဇွန်လက စလို့ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ၊ မြို့ရွာတွေ ပြန်ရရေး မန္တလေးမြို့ကနေ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့ကတဆင့် မန္တလေး - မတ္တရာ - သပိတ်ကျင်း ကားလမ်းအတိုင်း တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ဇူလိုင်လမှာ မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် ဩဂုတ်လမှာ မန္တလေး - မတ္တရာ ကားလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလအတွင်း မတ္တရာနယ်ကို စစ်အုပ်စု ပြန်ရပြီး ယခု ဒီဇင်ဘာမှာ စဉ့်ကူးမြို့နဲ့ စဉ့်ကူးနယ်က အရေးပါတဲ့ နယ်မြေတချို့ကို ပြန်လည် သိမ်းယူနိုင်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သပိတ်ကျင်းမြို့ စစ်ရှုံးပြီးနောက် သပိတ်ကျင်းနယ်၊ ၇မိုင်ကျေးရွာနဲ့ တွင်းငယ်ရွာအနီးက စစ်စခန်းတွေထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို လေကြောင်းကနေ အင်အားဖြည့်ကာ ပြီးခဲ့တဲ့ ဇွန်လမှာ ခိုအောင်းနေရာကနေ ဖောက်ထွက်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာလည်း သပိတ်ကျင်းမြို့ကို ဇူလိုင်လမှာ ပြန်ရသွားပါတယ်။ လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်း - မန္တလေး ကားလမ်းအတိုင်း အောက်ဘက်ကို ဆင်းလာနေပြီး ဒီဇင်ဘာ ၁၅ရက်က ဇရပ်ကွင်းရွာကို ပြန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ သပိတ်ကျင်းတနယ်လုံးနီးပါးလည်း စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီး မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ဖျားပိုင်းမှာရှိတဲ့ ရွှေတောနယ်မြေ တချို့သာ တော်လှန်ရေးတပ်တွေ လက်ထဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ တစ်နှစ်ကျော်ကြာ စစ်အုပ်စု ကင်းစင်ခဲ့တဲ့ စဉ့်ကူးမြို့နယ်မှာလည်း နယ်မြေအများစု စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့သာ ကျန်ရှိတော့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ လက်ရှိမှာ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်သေးတဲ့ ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲ သတ်ဖြတ်နေသလို စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတေကိုလည်း လေကြောင်းကနေ ဗုံးလိုက်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်က သပိတ်ကျင်းမြို့နယ် ချောင်းသလဲဆိပ်ကမ်းကနေ မြစ်ကူးပြီး ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရကာ ခရီးသည်တင် ကားတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်ရာမှာ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ စဉ့်ကူးမြို့နဲ့ ငါးမိုင်ခန့်အကွာ လက်ပန်လှရွာကို ဒီဇင်ဘာ ၁၈ရက်မှာ ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo - စစ်အုပ်စု MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
3 days ago | [YT] | 793
View 184 replies
ရွှေဘို ရေဦးနယ် ဆေးရုံကို စစ်အုပ်စုက ညအချိန် ဗုံးကြဲ၊ဒေါ်လာ/MFP၊ ဒီဇင်ဘာ - ၁၈စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တမာတောကျေးရွာ တိုက်နယ်ဆေးရုံကို ဒီဇင်ဘာ ၁၇ရက် ည ၁၀နာရီကျော်အချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံတွေ ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီဇင်ဘာ ၁၀ရက် ညပိုင်းကလည်း ရခိုင်ပြည်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ၊ ကလေးသူငယ်တွေ အပါအဝင် လူ ၃၃ ဦးသေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့ပါတယ်။အာဏာသိမ်း စစ်အုပ်စုဟာ ဆေးရုံဆေးခန်၊ ဘုရားစေတီ သာသနိကအေဆာက်အအုံ၊ လူနေရပ်ကွက်တွေ၊ မြို့ရွာတွေ စတဲ့ အရပ်သားပစ်မှတ်တွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူအခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့ပါတယ်။MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။#Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
4 days ago | [YT] | 615
View 81 replies
ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့နေ၊ ရွာမီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ကားနဲ့ သယ်ထုတ်၊ သုထက်/MFP၊ ဒီဇင်ဘာ - ၁၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ ကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းဗုံးကြဲနေတဲ့ စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၁၇ရက် ညနေပိုင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ဖောကားတွေနဲ့ ခိုးယူ သယ်ထုတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခက ထွက်လာတဲ့ သံပြားကာကား ငါးစီးနဲ့ စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ဖြတ်ကာ အောင်ဇေယျမြို့သစ်ကတဆင့် ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေပြီး ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲကာ အခုလို မီးရှို့၊ ဖောက်ထွင်းလုယက်၊ ခိုးယူနေတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၇ရက် ဒီကနေ့ မနက် ၁၀နာရီအချိန် ယင်းမာပင်နယ် ကျောက်မှော်နဲ့ ပန်းတိမ်ပြင်ရွာတွေကို စစ်အုပ်စု စီးနင်းပြီးနောက် ရွာကို မီးရှို့တာလို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ရွာကို မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ ကြောင်အိမ်၊ ဗွီရို၊ ရေခဲသေတ္တာ၊ စလောင်း၊ ဆန်၊ဆီ စတဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူပြီး ဒိုင်နာ၊ဖောကားတွေနဲ့ အောင်ဇေယျအကျိုးကန်းကုန်းဆီ သယ်ဆောင်သွားတယ်လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။ "သူခိုးစစ်သားတွေက ပစ္စည်းတွေ ခိုးတယ်၊ ပြီးတော့ ရွာတွေကို မီးရှို့တယ်၊ အနားကပ်မရတော့ ရွာအရေတွက်နဲ့ အိမ်ခြေအရေတွက် မခန့်မှန်းနိုင်ဘူး၊ ညနေ ၆ နရီကျော်ထိ မီးတောက်မြင်ရတုန်းပဲ" အာဏာသိမ်း စစ်အုပ်စုဟာ ယင်းမာပင်နယ်ရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ အင်းပတ်၊ ကျွန်းပေါ်၊ နှောပင်၊ ကျားလျာ စတဲ့ ကျေးရွာ ခြောက်ရွာထက်မနည်းကို မြေပြင်စစ်ကြောင်းက စီးနင်းကာ ဖောက်ထွင်းခိုးယူ မီးရှို့နေပြီး မုံရွာ နမခ က တက်လာတဲ့ ပါရာမော်တာ - စက်တပ်လေထီးနဲ့လည်း ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။ စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ စုန်းချောင်း၊ နဘူးတော၊ သံပုရာပင်ရိုး၊ ကျော်မှော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း၊ နဘူးတော စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ နယ်မြေ စိုးမိုးနိုင်ရေးအတွက် အထက်ပါ ယင်းမာပင်နယ် ကျေးရွာတွေ အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။ ယင်းမာပင်နယ်ထဲ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ရွာတွေကို စီးနင်းလုယက် မီးရှို့နေပြီး လေကြောင်းက ဗုံးကြဲနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – Pyae Aung Naing MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
5 days ago | [YT] | 510
View 155 replies
မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာတွေ စီးနင်း၊ လူသတ်၊ မီးရှို့နေလို့ ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊ စစ်ဘေးဒုက္ခသည် ပြည်သူတွေ စားနပ်ရိက္ခာအပြင် အအေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်၊ ဘဦး/MFP၊ ဒီဇင်ဘာ - ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာအပြင် ရာသီဥတု အေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ချောင်းဦးနဲ့မုံရွာမြို့နယ်အစပ်က အိမ်ခြေ ထောင်ချီရှိတဲ့ ကျီကုန်းကျေးရွာ အပါအဝင် မုံရွာနဲ့ ချောင်းဦးမြို့ကြားက ကျေးရွာတွေကို နိုဝင်ဘာ လကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။ "စစ်ရှောင်ရတာ ၁၅ ရက် ကျော်ပြီ၊ လက်နက်ကြီးရန်၊ လေကြောင်းရန်ကလည်း ကြောက်နေရတယ်၊ ကူကယ်ရေး (ကူညီကယ်ဆယ်ရေး) လုပ်နေပေမယ့် စစ်ရှောင် အရေအတွက် များတော့ မလောက်ငှတော့တဲ့ အခြေနေနဲ့ ရင်ဆိုင်နေရတယ်" လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ချောင်းဦးမြို့နယ် တာဝန်ခံက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ရက်က စတင်ကာ ကျီကုန်းရွာထဲ စီးနင်း အထိုင်ချ တပ်စွဲနေပြီး ကျေးရွာအတွင်းက ရေခဲသေတ္တာ၊ အဲကွန်းနဲ့ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်ပစ္စည်းကအစ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် နေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးလို့ ရွာလုံးကျွတ်နီးပါး ပြာကျ ပျက်စီးသွားပြီလို့ ယူဆရကြောင်း ရွာခံတွေက ပြောပါတယ်။ ကျီကုန်းရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက် မီးရှိုတဲ့ စစ်အုပ်စုက ကျီကုန်းအရှေ့ရွာ ကျောင်းသစ်ကျောင်းကို ဖောက်ထွင်းခိုးယူချိန် ကျောင်းတိုက်အတွင်း သီတင်းသုံးတဲ့ အဘိဝံသ ဘွဲ့တော်ရ ဆရာတော် ဦးသုမနာဘိဝံသ အား သတ်ဖြတ်ခဲ့သလို နောက်ထပ် ရွာခံ လေးဦးထက်မနည်းကိုလည်း သတ်ဖြတ်ထားပြီး ရွာခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ကျီကုန်းရွာထဲကနေ ညစဉ်ညတိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေသလို စိတ်ထင်တိုင်း စစ်ကြောင်းထိုးစီးနင်းတာ၊ လေကြောင်း ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ စစ်အုပ်စု ရန်ကြောင့် ကျီကုန်းရွာ အပါအဝင် ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့်၊ အမြင့်၊ မြင်သာ၊ ပုံနမော် စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ချောင်းဦးမှာ စစ်ရှောင်ဦးရေက ထပ်တိုးနေတယ်။ ဆန်၊ ဆီ၊ အရေးပေါ် ရိက္ခာတွေ လိုအပ်တယ်” လို့ ဒေသတွင်း စစ်ရှောင်အရေး ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။ မုံရွာနဲ့ ချောင်းဦးနယ်အစပ် ကျေးရွာတွေက စစ်ဘေးရှောင်နေရသူ ၂၀၀၀၀ နီးပါ ရှိပြီး စားနပ်ရိက္ခာအပြင် ရာသီဥတု ချမ်းအေးတာကြောင့် စောင်နဲ့ အနွေးထည်လည်း လိုအပ်နေပြီး နာတာရှည်ရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စုဟာ မကြာခင် လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ မုံရွာနဲ့ ချောင်းဦးနယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးအတွက် လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။ ချောင်းဦးနယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – မောင်ကောင်း၊ CJ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
6 days ago | [YT] | 663
View 152 replies
စဉ့်ကူး လက်ပန်လှရွာတဝိုက် စစ်အုပ်စု ဗုံးပတ်ကြဲ၊ စက်သေနတ်နဲ့ပါ ပစ်လို့ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရ၊ စစ်ရှုံးနယ်မြေ ပြန်ရရေး ကြိုးစားတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်း မရောက်မီ ရွာတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်၊ ထင်လင်း/MFP၊ ဒီဇင်ဘာ - ၁၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်စိုးမိုးထားတဲ့ လက်ပံလှကျေးရွာနဲ့ အနီးဝန်းကျင် တဝိုက်ကို ဒီဇင်ဘာ ၁၁ရက်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ အမျိုးသားတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရပြီး အိုးအိမ်အဆောက်အဦးတွေလည်း မီးလောင်ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စဉ့်ကူးနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်မီ ကျေးရွာတွေနဲ့ အရပ်သားပစ်မှတ်တွေကို စိတ်ထင်တိုင်း ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၁ရက် ညနေ ၃နာရီကျော်အချိန် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ ပြည်စိုးအောင်ရပ်ကွက်ထဲကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို နောက်ထပ် တိုက်လေယာဉ် တစ်စီးနဲ့ အနိမ့်ပျံဝဲကာ ပင်လယ်ကြီးကျေးရွာထဲကို ဗုံးကြဲချပြီး စက်သေနတ်နဲ့ပါ ရမ်းကား ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပထမတစ်ခေါက်ကြဲတာက ပြည်စိုးအောင်ဘက်ကို ကြဲသွားတာ၊ အဲ့မှာ မီးလောင်သွားတယ်၊ နောက်တစ်ခေါ်တက်လာတဲ့ ဖိုက်တာကြဲတာက ပင်လယ်ကြီးဘက်ကို ကြဲတာလည်း နှစ်လုံး၊ ပထမတစ်လုံးကလည်း အုန်းဆိုပြီးတော့ နောက်ထပ် တစ်လုံး ဆက်တိုက်ကြဲ၊ ပြီးတော့ တစ်ပတ်ပတ်ပြီးတော့ စက်လတ်နဲ့ ဆွဲချသွားတာ၊ ပေါက်ကိုင်းကွေ့ဘက်ကနေ လာတဲ့လမ်း၊ အဲ့နားကနေ ဆွဲချသွားတာ တလျှောက်ကြီး”လို့ လက်ပံလှ ရွာခံတစ်ဦးက MFP ကို ပြောပါတယ်။ စစ်အုပ်စုက အဲ့ဒီလို ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာကြောင့် ဒေသခံပြည်သူ အမျိုးသား တစ်ဦး သေဆုံးကာ လေးဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက စဉ့်ကူးတနယ်လုံးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ စဉ့်ကူးနယ် အပါအဝင် မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်နယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ ပြန်လည် ကြိုးစားနေတဲ့ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်း မရောက်သေးမီ စဉ့်ကူးနယ်ကျေးရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ စဉ့်ကူးနယ်ထဲအထိ ဝင်ရောက်လာပြီး လက်ပံလှရွာနဲ့ ငါးမိုင်ကျော်အကွာ၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်က ရွှေပြည်ကျေးရွာအထိ ရောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းကို အဓိက အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီနဲ့ သာသနိကအဆောက်အအုံ စတဲ့ အရပ်သားပစ်မှတ်တွေကိုပါ ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။ စဉ့်ကူးနယ် လက်ပန်လှရွာအနီးတဝိုက်းက အရပ်သားပြည်သူနေရာတွေကို ဒီဇင်ဘာ ၁၁ရက်မှာ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – CJ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 920
View 214 replies
စဉ့်ကူး လက်ပန်လှအနီးက ရွှေပြည်ကျေးရွာကို စစ်အုပ်စု ပြန်သိမ်းယူ၊ နေ့စဉ် လေကြောင်းဗုံးကြဲလို့ ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊ ထင်လင်း/MFP၊ ဒီဇင်ဘာ - ၁၂ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ပြန်လည် ခြေချခွင့်ရဖို့ လေကြောင်းအားပြုပြီး ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေဟာ ဒီဇင်ဘာ ၁၁ရက် မနက်ပိုင်းမှာ ရွှေပြည်ကျေးရွာကို ပြန်လည် သိမ်းယူနိုင်သွားတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။ စဉ့်ကူးမြို့နယ်၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်မှာ ရှိတဲ့ ရွှေပြည်ကျေးရွာဟာ စဉ့်ကူးမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ လက်ပန်လှကျေးရွာနဲ့ ရှစ်မိုင်ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။ “ရွှေပြည်က ဒီမနက် (ဒီဇင်ဘာ၁၁) ဝင်သွားပြီ၊ စစ်ကြောင်းက နှစ်ကြောင်းထိုးနေတာ၊ အနောက်က ထုံးကြီးနဲ့ သုံးရွာကျော်လောက်ထိ ရောက်နေပြီ” လို့ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။ ၂၀၂၄ ဇွန်လကတည်းက စစ်ရှုံးပြီး လက်လွှတ်ထားရတဲ့ စဉ့်ကူးနယ်ထဲ ပြန်လည် ခြေချနိုင်ရေး အာဏာသိမ်း စစ်အုပ်စုက မန္တလေး - မတ္တရာ ကားလမ်းအတိုင်း အင်အား ၄၀၀ ခန့်၊ စစ်ကြောင်း အနည်းဆုံး နှစ်ကြောင်း ဖြန့်ခွဲကာ လေကြောင်းအားကိုးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရပြီး ယခုလဆန်းမှာ စဉ့်ကူးနယ်အစပ်ထိ ရောက်ရှိလာတဲ့ စစ်အုပ်စုဟာ တိုက်လေယာဉ်တွေ အဓိက အားပြုပြီး ဗုံးကြဲတာ၊ ဒရုန်း အလွန်အကျွံ အသုံးပြုကာ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတာလို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကက ပြောပါတယ်။ လက်ရှိမှာ မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်၊ မန္တလေး-မတ္တရာ ကားလမ်းမကြီးရဲ့ အရှေ့ခြမ်းရှိ မြသီတာနဲ့ မြကန်သာကျေးရွာဘက် စစ်အုပ်စု စစ်ကြောင်းထိုးလာသလို ကားလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်းမှာတော့ ယက္ကန်းစင်တောင်အနီးက ကျောက်ငနွားကျေးရွာနားမှာလည်း စစ်အုပ်စုက တစ်ဖွဲ့ ရှိနေပြီး ကားလမ်းဘေး ဝဲ၊ယာကို ဖြန့်ထိုးလာတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ မြသီတာနဲ့ မြကန်သာကျေးရွာတွေဘက်ကနေ ထိုးလာတဲ့ စစ်အုပ်စု ဟာ ဒီဇင်ဘာ ၆ရက်က အဲ့ဒီ ကျေးရွာတွေအနီး စိုက်ခင်းတွေမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီး ၃၀ ခန့်ကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ “၃၀ လောက်တော့ ရွာကလူတွေ အဖမ်းခံရတယ်ပေါ့နော်၊ မထင်မှတ်ဘဲ သူက အဲ့ဒီဘက်က တိုးလာတာဆိုတော့ မြသီတာ၊မြကန်သာဘက်ကပါ၊ ဇွတ်အတင်းတိုးလာပြီး အဲ့ဘက်က ၃၀ လောက်တော့ ဖမ်းထားတယ်ပေါ့၊ နောက်ဆက်တွဲကတော့ ထပ်ပြီး သတင်းတော့ မရသေးဘူးပေါ့”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ဖမ်းဆီးခံရသူအားလုံးဟာ အရပ်သားပြည်သူတွေ ဖြစ်ပြီး သူတိုရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရွှေပြည်ကျေးရွာအထိ စစ်အုပ်စု ပြန်လည် ရောက်ရှိလာတာကြောင့် စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာကြီးတွေ ဖြစ်တဲ့ လက်ပံလှ၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ကံတောင် အပါအဝင် မန္တလေး - မိုးကုတ် ကားလမ်းတလျှောက် ကျေးရွာတွေက ဒေသခံ အမြောက်အများဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ စစ်ရှောင်ဖို့ ငွေကြေးတတ်နိုင်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် စရိတ်စက မရှိလို့ ထွက်မပြေးနိုင်ဘဲ ကျန်နေသေးတဲ့ အရပ်သားပြည်သူ အများအပြားလည်း ကျန်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မတ္တရာနဲ့ စဉ့်ကူးနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးရာမှာ မြေပြင်စစ်ကြောင်း မရောက်မီ ဒေသခံ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး ကျေးရွာတွေ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီ၊ သာသနိက အဆောက်အအုံ စတဲ့ နေရာတွေကို ဗုံးကြဲ သတ်ဖြတ်တာကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေရပါတယ်။ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်က ကျေးရွာတွေကို လေကြောင်းဗုံးကြဲ သတ်ဖြတ်ခဲ့ရာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။ စဉ့်ကူးနယ်ကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးတနယ်လုံး စစ်အုပ်စု ကင်းစင်တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်အုပ်စုက တရုတ်အားကိုး၊ တရုတ်နဲ့ ရုရှားက ထောက်ပံ့ပေးတဲ့ လက်နက်အားကိုး၊ လေကြောင်းအားကိုးနဲ့ စဉ့်ကူးနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ စဉ့်ကူးနယ်က စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/Photo – MFP MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 565
View 89 replies
မန္တလေးမှာ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖို့ စစ်အုပ်စု နည်းမျိုးစုံ ကြိုးပမ်း၊ စည်ပင်နဲ့ ပျူစောထီးတွေက ပြည်သူကို အကြပ်ကိုင်ခြိမ်းခြောက် ခိုင်းစေခဲ့၊ ဇော်မောင်/MFP၊ ဒီဇင်ဘာ - ၁၀ မန္တလေးမြို့မှာ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေချိန် အာဏာသိမ်း စစ်အုပ်စုက နည်းမျိုးစုံသုံးကာ နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။ စစ်အုပ်စု သစ္စာခံ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ကာ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စည်ပင်ရုံးအရှေ့ဘက် ၂၆လမ်းနဲ့ ၂၇ လမ်းကြား၊ ၇၁ လမ်းကို ပိတ်ဆို့ကာ ပျော်ပွဲရွှင်ပွဲနဲ့ အပြေးပြိုင်ပွဲလို အားကစားပွဲတွေ လုပ်ခဲ့သလို စည်ပင်ဝန်ထမ်းတွေကို ရုံးပျက်ရင် အလုပ်ဖြုတ်၊ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။ "ဒီနေ့မလာရင် ဒဏ်ရိုက်မယ်၊ အရေးယူမယ်ဆိုလို့ သွားရသေးတယ်၊ ဒီနေ့ ရုံးကြီးရှေ့ (စည်ပင်ရုံးရှေ့) တ နေရာတည်း လုပ်တာတော့ မဟုတ်ဘူး၊ တခြားနေရာတွေမှာလည်း ဌာနအလိုက် အားကစားပွဲတွေ လုပ်ခိုင်းထားတာ ရှိတယ်" လို့ မန္တလေးစည်ပင်ဝန်ထမ်း တစ်ဦးက MFP ကို ပြောပါတယ်။ မြို့တွင်းနေရာအနှံ့မှာလည်း စစ်အုပ်စုက ဝိုင်ယာလက်တွေ ဖွင့်ကာ ကားတွေနဲ့ လှည့်ပတ်နေတာ တွေ့ရတယ်လို့ လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။ "နေရာအနှံ့ကို ရဲက ဝိုင်ယာလက်ဖွင့်ပြီး ပတ်ကင်းလှည့်တယ်၊ ဈေးတွေနားမှာ ရဲကားနဲ့ ရဲချထားတယ်၊ ဈေးမှာ ဆိုင်တွေ ဖွင့်၊ မဖွင့် လိုက်စစ်တယ်၊ မန္တလေးဈေးချိုဆိုရင် ရောင်းသူပဲရှိတယ် ၊ဝယ်သူမရှိဘူး" ဒါ့အပြင် စည်ပင်နဲ့ ပျူစောထီးတွေက မန္တလေးမြို့ပေါ်ရှိ စျေးဆိုင်တွေကို မဖြစ်မနေ ဖွင့်ခိုင်းကာ စောင့်ကြည့်နေခဲ့သလို စျေးဆိုင်ဝန်ထမ်းတွေကို ခွင့်မယူဖို့၊ စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေကိုလည်း ခွင့်မယူဖို့ အကြပ်ကိုင်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၆လမ်းနဲ့ ၇၇လမ်းကြား၊ ၃၆လမ်းပေါ်မှာ ပျူစောထီးတွေ စုဝေးကာ ဒီကနေ့ ၁၂နာရီအချိန်ကစလို့ ဆောင်းဘောက်တွေ ဖွင့်ကာ ချောတိုင်တက်ပွဲ လုပ်ခဲ့ပြီး မွန်းလွဲ ၂နာရီကျော်အချိန် ချောတိုင်တက်ပွဲ ပြီးဆုံးပြီးနောက်မှာလည်း ဆောင်းဘောက်နဲ့ သီချင်းတွေ ဆက်ဖွင့်ကာ မူးရူးသောက်စား ကခုန်နေကြတယ်လို့ ဒေသခံမြေပြင်ကင်းထောက်တွေက ဆိုပါတယ်။ စစ်အုပ်စုရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ ကြားကပဲ မန္တလေးမှာ အသံတိတ်သပိတ် လှုပ်ရှားမှု အောင်မြင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်း မနက် ၁၀နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 897
View 136 replies
ပေါက်မြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင် ၂၀၀၀ အရေးပေါ်အကူအညီ လိုအပ်၊ နွေဦး/MFP ၊ ဒီဇင်ဘာ-၉ မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ ၂၀၀၀ ဝန်းကျင် ဒီဇင်ဘာလ ၃ ရက်ကစတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ ပေါက်မြို့နယ်အခြေစိုက် စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)ကနေ အင်အား ၁၅၀ ပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဒီဇင်ဘာ ၃ရက်မှာ ချောင်းကူးနဲ့ ပျမကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ကာ ရွာထဲ တပ်စွဲနေထိုင်နေတာကြောင့် ကျေးရွာ ငါးရွာက အိမ်ထောင်စု ၄၅၇စု၊ လူဦးရေ ၁,၇၀၀ ဟာ တောတောင်တွအထဲမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။ စစ်အုပ်စု ရန်ကြောင့် စိုက်ပျိုးထားတဲ့ လယ်ယာသီးနှံတွေကိုလည်း အချိန်မီ မရိတ်သိမ်းနိုင်ဘဲ တောတောင်တွေ အထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေအထဲမှာ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးသူငယ်တွေ ပါဝင်နေသလို ဆောင်းတွင်းကာလ ဖြစ်တာကြောင့် အနွေးထည်နဲ့ အမိုးအကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့လည်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့က သတင်းထုတ်ပြန်ပါတယ်။ အခုကာလဟာ အအေးပိုတဲ့ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအထဲက ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုတချို့ တောတောင်တွေအထဲ မလုံမခြုံ စစ်ရှောင်နေရကာ မကြာခဏ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုကြပါတယ်။ Photo - လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 633
View 49 replies
မုံရွာ ချောင်းဦးက အိမ်ခြေထောင်ချီတဲ့ ကျီကုန်းရွာကို စစ်အုပ်စု ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူ သယ်ထုတ်ပြီးနောက် ရွာကို မီးတင်ရှို့၊ ဒေသခံပြည်သူတချို့လည်း အသတ်ခံထားရ၊ မောင်သက်/MFP၊ ဒီဇင်ဘာ - ၈ စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်ရှိ စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်းရွာကို အာဏာသိမ်း စစ်အုပ်စုက ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်းတာဖြစ်ပြီး ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ နေအိမ်တွေ ဖောက်ထွင်း၊ တန်ဘိုးရှိ ပစ္စည်းတွေကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ နမခ ဆီ သယ်ထုတ်ပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၈ရက် ညနေပိုင်းမှာ ရွာကို စတင်မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။ “အိမ်ခြေတစ်ထောင်ကျော်ရှိပြီး စီးပွားရေးအရ အချက်အချာကျတဲ့ စည်ဖြိုးလှတဲ့၊ ရှေးကျွန်းအိမ်တွေ ပေါများလှတဲ့၊ အိမ်ကြီးရခိုင်တွေ ပေါများလှတဲ့ ကျီးကုန်းအရှေ့ရွာ၊ အနောက်ရွာ နှစ်ရွာလုံးကို စခ တွေ မီးရှို့ဖျက်ဆီးသွားတဲ့နေ့ ဒီနေ့ 8-12 2025။ မျက်ရည်တွေ အလိုလို တဖြိုင်ဖြိုင်ကျတဲ့နေ့။ ပစ္စည်းတွေကို အားရအောင်ထုတ်ခိုးပြီးမှ မီးရှို့ဖျက်ဆီးသွားကြ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် နိုဝင်ဘာ ၃၀ရက်နောက်ပိုင်း နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးပြီး ဖြစ်သလို ရွာခံပြည်သူ အမျိုးသား နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း အဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၈ရက် ဒီကနေ့မှာလည်း စစ်အုပ်စုက ကျီကုန်းရွာခံပြည်သူ အမျိုးသား သုံးဦးကို ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သတင်းကြားရပေမယ့် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ ကျီကုန်းကျေးရွာအတွင်းရှိ နေအိမ်တွေ ဖောက်ထွင်းကာ ရေခဲသေတ္တာ၊ အဲကွန်း၊ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်းသုံး ပစ္စည်းကအစ လိုချင်သမျှ ပစ္စည်းတွေကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခ၊ ပျူစခန်းနဲ့ ချောင်းဦးမြို့ပေါ်ဆီ သယ်ထုတ်ယူဆောင်ပြီးမှ ရွာကို မီးရှို့တာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။ စစ်အုပ်စုဟာ ကျီကုန်းရွာထဲက ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီးနဲ့ သယ်ထုတ်နေတာ ဖြစ်ပြီး နေ့ရောညပါ ခိုးယူသယ်ထုတ်တာလို့ ဆိုပါတယ်။ ကျီကုန်းရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ညပိုင်းမှာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ရှိလို့ ကျီကုန်း၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။ အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၀,၀၀၀ ကျော် အပါအဝင် နိုင်ငံတဝန်း အိမ်ခြေ ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Data for Myanmar က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ မုံရွာနဲ့ ချောင်းဦးနယ်အစပ်က အိမ်ခြေ ထောင်ချီရှိတဲ့ ကျီကုန်းရွာကို စစ်အုပ်စုက ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကိုမီးရှို့ဖျက်ဆီးစဉ်/Photo - CJ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း
2 weeks ago | [YT] | 411
View 162 replies
Load more
Mandalay Free Press - MFP
စဉ့်ကူးနဲ့သပိတ်ကျင်းကနေ မြစ်ကူးကာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စု လိုက်လံ ဗုံးကြဲ သတ်ဖြတ်၊
သုံးရက်အတွင်း ပြည်သူ ၂၀ ခန့် သေဆုံးကာ ကားအစီးရေ ဆယ်ချီပျက်စီး၊
PDF တွေမို့ ဗုံးလိုက်ကြဲသတ်နေတာလို့ စစ်အုပ်စု အောင်ပွဲခံသတင်းဖြန့်၊
ထင်လင်း/MFP၊ ဒီဇင်ဘာ - ၂၀
မန္တလေးတိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက လိုက်လံ ဗုံးကြဲ သတ်ဖြတ်လို့ သုံးရက်အတွင်း စစ်ဘေးရှောင်တွေ၊ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိပြီး ကားအစီးရေ ဆယ်နဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေ နှစ်နဲ့ချီကြာ သိမ်းပိုက်ထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်က စစ်ခန်းတွေ၊ မြို့၊ရွာတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ တွေ့သမျှပြည်သူ ဖမ်းဆီး သတ်ဖြတ်နေသလို မြို့၊ရွာတွေပေါ် တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတာကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘို၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တွေထဲ စစ်ဘေးရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ရက်အထိ သုံးရက်အတွင်း စစ်ဘေးရှောင်ပြည်သူနဲ့ ခရီးသွားတွေ စုဝေးနေတဲ့ ဧရာဝတီမြစ်ဆိပ်တွေ၊ ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦးနယ်ထဲက လမ်းဆုံလမ်းမတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ အကြိမ်ရေ ဒါဇင်နဲ့ချီကာ လေကြောင်းတိုက်ခိုက်လို့ ရဟန်းသံဃာနဲ့ အမျိုးသမီးတွေ အပါအဝင် လမ်းပေါ်မှာ သေဆုံးတဲ့ ပြည်သူ ၂၀ ခန့် ရှိပါတယ်။
စစ်အုပ်စုက ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းကို ဒီဇင်ဘာ ၈ရက်ကတည်းက ခရီးသွားတွေ ဖြတ်သန်းခွင့် မပေးတော့ဘဲ ပိတ်ဆို့ထားပြီးနောက် အထက်ပါအတိုင်း လမ်းဆုံလမ်းမတွေကို လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး လမ်းပေါ် ပိတ်မိနေတဲ့ ခရီးသွားနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လေကြောင်းအန္တရာယ်က ကင်းလွတ်မယ်ထင်တဲ့နေရာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
“မန္တလေးစစ်ရှောင်တွေက တအားများတာကိုး၊ လမ်းတလျှောက် ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနဲ့ ရှိနေတာ။ နေပူရတဲ့အထဲ ကွန်ကရစ်တံတားအောက်တွေမှာ လိုက်ပုန်းနေကြရတာ၊ ညဘက်တွေဆိုလည်း ဆိုင်ကယ်လေးတွေ ဘေးထိုးပြီး ခွေခေါက်အိပ်နေကြတာ” လို့ ခင်ဦးနယ်ခံ တစ်ဦးက MFP ကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်က မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးနဲ့ ရွှေဘိုနယ် အရှေ့မြောက်ခြမ်း မအူလမ်းခွဲထိပ်၊ အမှတ် ၃ လမ်းမပေါ်ကို ငါးကြိမ်၊ ရွှေဘိုနယ် အရှေ့တောင်ခြမ်း ဂွေးကုန်းရွာအနီးကို လေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ခရီးသွားကားသမား နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ အဲ့ဒီနောက် မိနစ်ပိုင်းသာ ခြားပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီး၊ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံပြီး ရွှေဘိုနယ် ဂွေးကုန်းရွာအနီးကို ၁၀ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ခရီးသွားလာနေတဲ့ ဘုန်းတော်ကြီး တစ်ပါးနဲ့ အဖွားအိုတစ်ဦး အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်မှာလည်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကနေ ဧရာဝတီမြစ်ကူးကာ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာကြတဲ့ ပြည်သူတွေကို ခင်ဦးမြို့နယ်ဘက်ခြမ်း၊ ကျောက်ကြီးနဲ့ ချောင်းသလဲ မြစ်ကူးဆိပ်တွေမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်လို့ စစ်ဘေးရှောင် ပြည်သူ အနည်းဆုံး ခုနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်း ရှိပြီး ခရီးသွားကား ဒါဇင်နဲ့ချီ ပျက်စီးခဲ့တယ်လို့လည်း မြင်တွေ့ခဲ့သူတွေက MFP ကို ပြောပါတယ်။
ဆက်လက်ပြီး ဒီဇင်ဘာ ၁၈ရက်မှာလည်း ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ခင်ဦးမြို့နယ် မြေနီသျှို လမ်းဆုံနဲ့ လက်ပံကုန်းရွာ တဝိုက်ကို စစ်အုပ်စုက ဂျက်ဖိုက်တာ လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ အကြိမ်ကြိမ် ဗုံးကြဲ၊ စက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်
မြေနီသျှိုလမ်းဆုံ ဗုံးကြဲခဲရမှုအတွင်း ကားလမ်းပိတ်မိနေလို့ အနီးအနားက စက်ဆုံးဆီဆိုင်မှာ စတားလင့်အင်တာနက် အသုံးပြုနေကြတဲ့ ခရီးသွားပြည်သူတွေထဲက တစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရပြီး လမ်းပေါ်မှာ ပိတ်မိနေတဲ့ ခရီးသွားကား အမြောက်အများ ထိခိုက်ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
“ဂျက်ဖိုက်တာက ပထမ တစ်ပါတ်၊ နှစ်ပါတ်၊ သုံးပတ် ဝဲပြီးတော့ ဆီခြံထဲကို (ဗုံး) ချသွားတာ။ မီးတွေ အကုန်လောင်သွားတာ။ ဒီဘက်မှာ ဘာမှလည်း မရှိဘဲနဲ့ လာချသွားတာ။ အဲ့ဒီဘက် (ဆီခြံ)က Wifi(ဝိုင်ဖိုင်) ရှိတဲ့ဘက်ကို သုံးခါ ချသွားတာ” လို့ ကိုယ်တိုင်မြင်တွေ့ရသူ ဒေသခံအမျိုးသမီးက ပြောပါတယ်။
စစ်အုပ်စုက ဆီခြံကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ပြီး ပထမဆုံး လေယာဉ် စက်သေနတ်နဲ့ ပစ်ခတ်ပြီးမှ ဗုံးကြဲတာလို့ ကိုယ်တိုင်ကြုံရသူ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
“လေကြောင်းတက်လာတယ်လို့ အသိကလာပြောပြီး ပြောတဲ့သူက ခြံပြင်မရောက်သေးဘူး ဂျက်ဖိုက်တာနဲ့ ကြဲသွားပြီ။ မျက်စိရှေ့တင် လည်ပင်းပြတ်သေတာ တစ်ဦး ဗိုက်ပေါက်ထွက်တာက တစ်ဦးပါ။ ရော့ကတ်တွေနဲ့ ပစ်သွားတော့ ဆီပေပါလေးလုံးကလည်း ချက်ချင်းကို မီးလောင်သွားတာ။ ကျွန်တော်တို့လည်း အနားကို ကပ်မရဘူး။ ဂျိုင်ရိုကော်ပတာတွေပါ တက်လာတော့ နောက်ဆုတ် ထွက်ပြေးလာရတယ်” လို့ ဆီခြံလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။
အဲ့ဒီ ဒီဇင်ဘာ ၁၈ရက် ညပိုင်းမှာပဲ စစ်အုပ်စုက ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်ရာ ရွာခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ဗုံးကြဲလို့ ဒီဇင်ဘာ ၁၆ရက်က ရွှေဘိုနယ်မှာ ခြောက်ဦး၊ ဒီဇင်ဘာ ၁၇ရက်က ခင်ဦးနယ် မြစ်ကူးဆိပ်တွေမှာ ခုနှစ်ဦးထက်မနည်း၊ ဒီဇင်ဘာ ၁၈ရက်ကခင်ဦးနယ် လမ်းဆုံလမ်းမနဲ့ ကျေးရွာတွေမှာ နှစ်ဦးထက်မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဝက်လက်နယ်ကိုလည်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်နေပြီး ဒီဇင်ဘာ ၁၈ရက် ညဦးပိုင်းက ဝက်လက်နယ် ဆည်တောရွာကို မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ မိသားစုလိုက်အပါအဝင် ရွာခံပြည်သူ လေးဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
အထက်ပါ အချက်အလက်တွေဟာ MFP က စုစောင်းရရှိတဲ့ အချက်အလက်တချို့သာ ဖြစ်ပြီး အတည်ပြုမရနိုင်သေးတဲ့ ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်ပါတယ်။
စစ်အုပ်စုဟာ ရွှေဘိုနဲ့ ခင်ဦးမြို့နယ် သာမက နယ်မြေထိစပ်နေတဲ့ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနဲ့ တန့်ဆည် စတဲ့ မြို့နယ်တွေကိုလည်း မြေပြင်တိုက်ပွဲ မရှိဘဲ ယခုရက်ပိုင်း ထင်တိုင်းကျဲ လေကြောင်း တိုက်ခိုက်နေပြီး နေ့ညမရှောင် ဗုံးလာကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် - NLTA ရဲ့ အဆိုအရ ဒီဇင်ဘာ ၁၂ရက်ကနေ ၁၈ ရက်အထိ တစ်ပါတ်တာအတွင်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ရွေဘို၊ မုံရွာနဲ့ ယင်းမာပင် လေးခရိုင်ထဲက ၁၁မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၆ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၆၂ ကြိမ် ကျူးလွန်ခဲ့ပါတယ်။
အထက်ပါ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို ဗုံးလိုက်ကြဲ သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး PDF တွေမို့ လိုက်လံ သတ်ဖြတ်ခဲ့တာလို့ စစ်အုပ်စုက ဒီဇင်ဘာ ၁၉ရက်မှာ နိုင်ငံပိုင် ရုပ်သံတွေကတဆင့် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး နိုဝင်ဘာလကလည်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်ခဲ့ကာ ကလေးသူငယ် ၃၀ ကျော် အပါအဝင် ပြည်သူ ၁၃၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် နေကြတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၆နဲ့ ၁၇ရက်တွေမှာ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – MFP၊ ပေးပို့
PDF တွေမို့ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့ကြောင်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo - စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
2 days ago | [YT] | 968
View 310 replies
Mandalay Free Press - MFP
စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ စစ်အုပ်စု လက်ထဲ ပြန်ပါသွား၊
စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊
ထင်လင်း/MFP၊ ဒီဇင်ဘာ - ၁၉
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နဲ့ မန္တလေး-သပိတ်ကျင်း ကားလမ်းပေါ်က လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၈ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူ ထိမ်းချုပ်သွားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို တိုက်ခိုက် သုတ်သင်ကာ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ အပါအဝင် စဉ့်ကူးနယ် တနယ်လုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စဉ့်ကူးတနယ်လုံး စစ်ရှုံးကာ လက်လွှတ်ရပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူတွေ စဉ့်ကူးမြို့ပေါ် မနေဝံ့ဘဲ ယနေ့အချိန်ထိ ရှောင်တိမ်းနေကြရပါတယ်။
စစ်ရှုံးထားတဲ့ စဉ့်ကူးမြို့ကို ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက ယခု နိုဝင်ဘာလကုန်ပိုင်းမှာ မတ္တရာဘက်ကနေတဆင့် စစ်ကြောင်းတွေ ဖြန့်ခွဲကာ လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ထိုးစစ်ဆင်လာပြီး ဒီဇင်ဘာ ၁၈ရက်မှာ လက်ပန်လှရွာနဲ့ ညပိုင်းမှာ စဉ့်ကူးမြို့ကို ပြန်ရသွားတာလို့ ဆိုပါတယ်။
“လက်ပံလှကို မနေ့ကတည်းက ဝင်သွားတာ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းထက် ဒရုန်းနဲ့ လေကြောင်းကို အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး လေကြောင်းကနေ ထင်တိုင်းကျဲ ဗုံးကြဲကာ အခုလို စစ်ရှုံးနယ်မြေတွေကို ပြန်လည် သိမ်းယူနေတာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းက စဉ့်ကူးတနယ်လုံး၊ သပိတ်ကျင်းမြို့နယ်က ၈၀ရာခိုင်နှုန်းတဲ့ မတ္တရာမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေး - မတ္တရာ - သပိတ်ကျင်း ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ခဲ့သလို မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေကိုပါ တစ်နှစ်ကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ရေးပြင်ဆင်ခဲ့ပြီးနောက် ဇွန်လက စလို့ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ၊ မြို့ရွာတွေ ပြန်ရရေး မန္တလေးမြို့ကနေ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့ကတဆင့် မန္တလေး - မတ္တရာ - သပိတ်ကျင်း ကားလမ်းအတိုင်း တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ဇူလိုင်လမှာ မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် ဩဂုတ်လမှာ မန္တလေး - မတ္တရာ ကားလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလအတွင်း မတ္တရာနယ်ကို စစ်အုပ်စု ပြန်ရပြီး ယခု ဒီဇင်ဘာမှာ စဉ့်ကူးမြို့နဲ့ စဉ့်ကူးနယ်က အရေးပါတဲ့ နယ်မြေတချို့ကို ပြန်လည် သိမ်းယူနိုင်တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ သပိတ်ကျင်းမြို့ စစ်ရှုံးပြီးနောက် သပိတ်ကျင်းနယ်၊ ၇မိုင်ကျေးရွာနဲ့ တွင်းငယ်ရွာအနီးက စစ်စခန်းတွေထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို လေကြောင်းကနေ အင်အားဖြည့်ကာ ပြီးခဲ့တဲ့ ဇွန်လမှာ ခိုအောင်းနေရာကနေ ဖောက်ထွက်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာလည်း သပိတ်ကျင်းမြို့ကို ဇူလိုင်လမှာ ပြန်ရသွားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်း - မန္တလေး ကားလမ်းအတိုင်း အောက်ဘက်ကို ဆင်းလာနေပြီး ဒီဇင်ဘာ ၁၅ရက်က ဇရပ်ကွင်းရွာကို ပြန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ သပိတ်ကျင်းတနယ်လုံးနီးပါးလည်း စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီး မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ဖျားပိုင်းမှာရှိတဲ့ ရွှေတောနယ်မြေ တချို့သာ တော်လှန်ရေးတပ်တွေ လက်ထဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
တစ်နှစ်ကျော်ကြာ စစ်အုပ်စု ကင်းစင်ခဲ့တဲ့ စဉ့်ကူးမြို့နယ်မှာလည်း နယ်မြေအများစု စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့သာ ကျန်ရှိတော့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်သေးတဲ့ ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲ သတ်ဖြတ်နေသလို စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတေကိုလည်း လေကြောင်းကနေ ဗုံးလိုက်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်က သပိတ်ကျင်းမြို့နယ် ချောင်းသလဲဆိပ်ကမ်းကနေ မြစ်ကူးပြီး ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရကာ ခရီးသည်တင် ကားတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်ရာမှာ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
စဉ့်ကူးမြို့နဲ့ ငါးမိုင်ခန့်အကွာ လက်ပန်လှရွာကို ဒီဇင်ဘာ ၁၈ရက်မှာ ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo - စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
3 days ago | [YT] | 793
View 184 replies
Mandalay Free Press - MFP
ရွှေဘို ရေဦးနယ် ဆေးရုံကို စစ်အုပ်စုက ညအချိန် ဗုံးကြဲ၊
ဒေါ်လာ/MFP၊ ဒီဇင်ဘာ - ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တမာတောကျေးရွာ တိုက်နယ်ဆေးရုံကို ဒီဇင်ဘာ ၁၇ရက် ည ၁၀နာရီကျော်အချိန် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံတွေ ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ရက် ညပိုင်းကလည်း ရခိုင်ပြည်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ၊ ကလေးသူငယ်တွေ အပါအဝင် လူ ၃၃ ဦးသေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ဆေးရုံဆေးခန်၊ ဘုရားစေတီ သာသနိကအေဆာက်အအုံ၊ လူနေရပ်ကွက်တွေ၊ မြို့ရွာတွေ စတဲ့ အရပ်သားပစ်မှတ်တွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူအခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
4 days ago | [YT] | 615
View 81 replies
Mandalay Free Press - MFP
ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့နေ၊
ရွာမီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်းတွေ ကားနဲ့ သယ်ထုတ်၊
သုထက်/MFP၊ ဒီဇင်ဘာ - ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ ကျေးရွာတွေကို မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းဗုံးကြဲနေတဲ့ စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၁၇ရက် ညနေပိုင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ဖောကားတွေနဲ့ ခိုးယူ သယ်ထုတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခက ထွက်လာတဲ့ သံပြားကာကား ငါးစီးနဲ့ စစ်အုပ်စုဟာ ချင်းတွင်းတံတားကို ဖြတ်ကာ အောင်ဇေယျမြို့သစ်ကတဆင့် ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေပြီး ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲကာ အခုလို မီးရှို့၊ ဖောက်ထွင်းလုယက်၊ ခိုးယူနေတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ရက် ဒီကနေ့ မနက် ၁၀နာရီအချိန် ယင်းမာပင်နယ် ကျောက်မှော်နဲ့ ပန်းတိမ်ပြင်ရွာတွေကို စစ်အုပ်စု စီးနင်းပြီးနောက် ရွာကို မီးရှို့တာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ရွာကို မီးမရှို့မီ နေအိမ်တွေ ဖောက်ထွင်းကာ ကြောင်အိမ်၊ ဗွီရို၊ ရေခဲသေတ္တာ၊ စလောင်း၊ ဆန်၊ဆီ စတဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို ခိုးယူပြီး ဒိုင်နာ၊ဖောကားတွေနဲ့ အောင်ဇေယျအကျိုးကန်းကုန်းဆီ သယ်ဆောင်သွားတယ်လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
"သူခိုးစစ်သားတွေက ပစ္စည်းတွေ ခိုးတယ်၊ ပြီးတော့ ရွာတွေကို မီးရှို့တယ်၊ အနားကပ်မရတော့ ရွာအရေတွက်နဲ့ အိမ်ခြေအရေတွက် မခန့်မှန်းနိုင်ဘူး၊ ညနေ ၆ နရီကျော်ထိ မီးတောက်မြင်ရတုန်းပဲ"
အာဏာသိမ်း စစ်အုပ်စုဟာ ယင်းမာပင်နယ်ရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ အင်းပတ်၊ ကျွန်းပေါ်၊ နှောပင်၊ ကျားလျာ စတဲ့ ကျေးရွာ ခြောက်ရွာထက်မနည်းကို မြေပြင်စစ်ကြောင်းက စီးနင်းကာ ဖောက်ထွင်းခိုးယူ မီးရှို့နေပြီး မုံရွာ နမခ က တက်လာတဲ့ ပါရာမော်တာ - စက်တပ်လေထီးနဲ့လည်း ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ရှိ စုန်းချောင်း၊ နဘူးတော၊ သံပုရာပင်ရိုး၊ ကျော်မှော်၊ ကျွန်းပေါ်၊ ကျားလျှာ၊ အင်းပတ်၊ ကျောက်ကုန်း၊ နဘူးတော စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ နယ်မြေ စိုးမိုးနိုင်ရေးအတွက် အထက်ပါ ယင်းမာပင်နယ် ကျေးရွာတွေ အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို လေကြောင်းဗုံးကြဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
ယင်းမာပင်နယ်ထဲ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ရွာတွေကို စီးနင်းလုယက် မီးရှို့နေပြီး လေကြောင်းက ဗုံးကြဲနေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – Pyae Aung Naing
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
5 days ago | [YT] | 510
View 155 replies
Mandalay Free Press - MFP
မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာတွေ စီးနင်း၊ လူသတ်၊ မီးရှို့နေလို့ ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊
စစ်ဘေးဒုက္ခသည် ပြည်သူတွေ စားနပ်ရိက္ခာအပြင် အအေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်၊
ဘဦး/MFP၊ ဒီဇင်ဘာ - ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာအပြင် ရာသီဥတု အေးဒဏ်ကြောင့် စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးနဲ့မုံရွာမြို့နယ်အစပ်က အိမ်ခြေ ထောင်ချီရှိတဲ့ ကျီကုန်းကျေးရွာ အပါအဝင် မုံရွာနဲ့ ချောင်းဦးမြို့ကြားက ကျေးရွာတွေကို နိုဝင်ဘာ လကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
"စစ်ရှောင်ရတာ ၁၅ ရက် ကျော်ပြီ၊ လက်နက်ကြီးရန်၊ လေကြောင်းရန်ကလည်း ကြောက်နေရတယ်၊ ကူကယ်ရေး (ကူညီကယ်ဆယ်ရေး) လုပ်နေပေမယ့် စစ်ရှောင် အရေအတွက် များတော့ မလောက်ငှတော့တဲ့ အခြေနေနဲ့ ရင်ဆိုင်နေရတယ်" လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ချောင်းဦးမြို့နယ် တာဝန်ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ရက်က စတင်ကာ ကျီကုန်းရွာထဲ စီးနင်း အထိုင်ချ တပ်စွဲနေပြီး ကျေးရွာအတွင်းက ရေခဲသေတ္တာ၊ အဲကွန်းနဲ့ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်ပစ္စည်းကအစ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် နေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးလို့ ရွာလုံးကျွတ်နီးပါး ပြာကျ ပျက်စီးသွားပြီလို့ ယူဆရကြောင်း ရွာခံတွေက ပြောပါတယ်။
ကျီကုန်းရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက် မီးရှိုတဲ့ စစ်အုပ်စုက ကျီကုန်းအရှေ့ရွာ ကျောင်းသစ်ကျောင်းကို ဖောက်ထွင်းခိုးယူချိန် ကျောင်းတိုက်အတွင်း သီတင်းသုံးတဲ့ အဘိဝံသ ဘွဲ့တော်ရ ဆရာတော် ဦးသုမနာဘိဝံသ အား သတ်ဖြတ်ခဲ့သလို နောက်ထပ် ရွာခံ လေးဦးထက်မနည်းကိုလည်း သတ်ဖြတ်ထားပြီး ရွာခံတချို့ကိုလည်း ဓားစာခံ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျီကုန်းရွာထဲကနေ ညစဉ်ညတိုင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေသလို စိတ်ထင်တိုင်း စစ်ကြောင်းထိုးစီးနင်းတာ၊ လေကြောင်း ဗုံးကြဲတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကျီကုန်းရွာ အပါအဝင် ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့်၊ အမြင့်၊ မြင်သာ၊ ပုံနမော် စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ချောင်းဦးမှာ စစ်ရှောင်ဦးရေက ထပ်တိုးနေတယ်။ ဆန်၊ ဆီ၊ အရေးပေါ် ရိက္ခာတွေ လိုအပ်တယ်” လို့ ဒေသတွင်း စစ်ရှောင်အရေး ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
မုံရွာနဲ့ ချောင်းဦးနယ်အစပ် ကျေးရွာတွေက စစ်ဘေးရှောင်နေရသူ ၂၀၀၀၀ နီးပါ ရှိပြီး စားနပ်ရိက္ခာအပြင် ရာသီဥတု ချမ်းအေးတာကြောင့် စောင်နဲ့ အနွေးထည်လည်း လိုအပ်နေပြီး နာတာရှည်ရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မကြာခင် လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ မုံရွာနဲ့ ချောင်းဦးနယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးအတွက် လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
ချောင်းဦးနယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – မောင်ကောင်း၊ CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
6 days ago | [YT] | 663
View 152 replies
Mandalay Free Press - MFP
စဉ့်ကူး လက်ပန်လှရွာတဝိုက် စစ်အုပ်စု ဗုံးပတ်ကြဲ၊ စက်သေနတ်နဲ့ပါ ပစ်လို့ ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရ၊
စစ်ရှုံးနယ်မြေ ပြန်ရရေး ကြိုးစားတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်း မရောက်မီ ရွာတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်၊
ထင်လင်း/MFP၊ ဒီဇင်ဘာ - ၁၂
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်စိုးမိုးထားတဲ့ လက်ပံလှကျေးရွာနဲ့ အနီးဝန်းကျင် တဝိုက်ကို ဒီဇင်ဘာ ၁၁ရက်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ အမျိုးသားတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရပြီး အိုးအိမ်အဆောက်အဦးတွေလည်း မီးလောင်ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စဉ့်ကူးနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်မီ ကျေးရွာတွေနဲ့ အရပ်သားပစ်မှတ်တွေကို စိတ်ထင်တိုင်း ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၁ရက် ညနေ ၃နာရီကျော်အချိန် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ ပြည်စိုးအောင်ရပ်ကွက်ထဲကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို နောက်ထပ် တိုက်လေယာဉ် တစ်စီးနဲ့ အနိမ့်ပျံဝဲကာ ပင်လယ်ကြီးကျေးရွာထဲကို ဗုံးကြဲချပြီး စက်သေနတ်နဲ့ပါ ရမ်းကား ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပထမတစ်ခေါက်ကြဲတာက ပြည်စိုးအောင်ဘက်ကို ကြဲသွားတာ၊ အဲ့မှာ မီးလောင်သွားတယ်၊ နောက်တစ်ခေါ်တက်လာတဲ့ ဖိုက်တာကြဲတာက ပင်လယ်ကြီးဘက်ကို ကြဲတာလည်း နှစ်လုံး၊ ပထမတစ်လုံးကလည်း အုန်းဆိုပြီးတော့ နောက်ထပ် တစ်လုံး ဆက်တိုက်ကြဲ၊ ပြီးတော့ တစ်ပတ်ပတ်ပြီးတော့ စက်လတ်နဲ့ ဆွဲချသွားတာ၊ ပေါက်ကိုင်းကွေ့ဘက်ကနေ လာတဲ့လမ်း၊ အဲ့နားကနေ ဆွဲချသွားတာ တလျှောက်ကြီး”လို့ လက်ပံလှ ရွာခံတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက အဲ့ဒီလို ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာကြောင့် ဒေသခံပြည်သူ အမျိုးသား တစ်ဦး သေဆုံးကာ လေးဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ နှစ်လယ်ပိုင်းကတည်းက စဉ့်ကူးတနယ်လုံးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
စဉ့်ကူးနယ် အပါအဝင် မတ္တရာ၊ သပိတ်ကျင်းနဲ့ မိုးကုတ်နယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ ပြန်လည် ကြိုးစားနေတဲ့ စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်း မရောက်သေးမီ စဉ့်ကူးနယ်ကျေးရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ စဉ့်ကူးနယ်ထဲအထိ ဝင်ရောက်လာပြီး လက်ပံလှရွာနဲ့ ငါးမိုင်ကျော်အကွာ၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်က ရွှေပြည်ကျေးရွာအထိ ရောက်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းကို အဓိက အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီနဲ့ သာသနိကအဆောက်အအုံ စတဲ့ အရပ်သားပစ်မှတ်တွေကိုပါ ထင်တိုင်းကျဲ ဗုံးကြဲနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။
စဉ့်ကူးနယ် လက်ပန်လှရွာအနီးတဝိုက်းက အရပ်သားပြည်သူနေရာတွေကို ဒီဇင်ဘာ ၁၁ရက်မှာ စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 920
View 214 replies
Mandalay Free Press - MFP
စဉ့်ကူး လက်ပန်လှအနီးက ရွှေပြည်ကျေးရွာကို စစ်အုပ်စု ပြန်သိမ်းယူ၊
နေ့စဉ် လေကြောင်းဗုံးကြဲလို့ ပြည်သူ သောင်းချီ ထွက်ပြေးနေရ၊
ထင်လင်း/MFP၊ ဒီဇင်ဘာ - ၁၂
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ပြန်လည် ခြေချခွင့်ရဖို့ လေကြောင်းအားပြုပြီး ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေဟာ ဒီဇင်ဘာ ၁၁ရက် မနက်ပိုင်းမှာ ရွှေပြည်ကျေးရွာကို ပြန်လည် သိမ်းယူနိုင်သွားတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက MFP ကို ပြောပါတယ်။
စဉ့်ကူးမြို့နယ်၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်မှာ ရှိတဲ့ ရွှေပြည်ကျေးရွာဟာ စဉ့်ကူးမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ လက်ပန်လှကျေးရွာနဲ့ ရှစ်မိုင်ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။
“ရွှေပြည်က ဒီမနက် (ဒီဇင်ဘာ၁၁) ဝင်သွားပြီ၊ စစ်ကြောင်းက နှစ်ကြောင်းထိုးနေတာ၊ အနောက်က ထုံးကြီးနဲ့ သုံးရွာကျော်လောက်ထိ ရောက်နေပြီ” လို့ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
၂၀၂၄ ဇွန်လကတည်းက စစ်ရှုံးပြီး လက်လွှတ်ထားရတဲ့ စဉ့်ကူးနယ်ထဲ ပြန်လည် ခြေချနိုင်ရေး အာဏာသိမ်း စစ်အုပ်စုက မန္တလေး - မတ္တရာ ကားလမ်းအတိုင်း အင်အား ၄၀၀ ခန့်၊ စစ်ကြောင်း အနည်းဆုံး နှစ်ကြောင်း ဖြန့်ခွဲကာ လေကြောင်းအားကိုးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရပြီး ယခုလဆန်းမှာ စဉ့်ကူးနယ်အစပ်ထိ ရောက်ရှိလာတဲ့ စစ်အုပ်စုဟာ တိုက်လေယာဉ်တွေ အဓိက အားပြုပြီး ဗုံးကြဲတာ၊ ဒရုန်း အလွန်အကျွံ အသုံးပြုကာ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတာလို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကက ပြောပါတယ်။
လက်ရှိမှာ မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်၊ မန္တလေး-မတ္တရာ ကားလမ်းမကြီးရဲ့ အရှေ့ခြမ်းရှိ မြသီတာနဲ့ မြကန်သာကျေးရွာဘက် စစ်အုပ်စု စစ်ကြောင်းထိုးလာသလို ကားလမ်းမကြီးရဲ့ အနောက်ဘက်ခြမ်းမှာတော့ ယက္ကန်းစင်တောင်အနီးက ကျောက်ငနွားကျေးရွာနားမှာလည်း စစ်အုပ်စုက တစ်ဖွဲ့ ရှိနေပြီး ကားလမ်းဘေး ဝဲ၊ယာကို ဖြန့်ထိုးလာတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
မြသီတာနဲ့ မြကန်သာကျေးရွာတွေဘက်ကနေ ထိုးလာတဲ့ စစ်အုပ်စု ဟာ ဒီဇင်ဘာ ၆ရက်က အဲ့ဒီ ကျေးရွာတွေအနီး စိုက်ခင်းတွေမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီး ၃၀ ခန့်ကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“၃၀ လောက်တော့ ရွာကလူတွေ အဖမ်းခံရတယ်ပေါ့နော်၊ မထင်မှတ်ဘဲ သူက အဲ့ဒီဘက်က တိုးလာတာဆိုတော့ မြသီတာ၊မြကန်သာဘက်ကပါ၊ ဇွတ်အတင်းတိုးလာပြီး အဲ့ဘက်က ၃၀ လောက်တော့ ဖမ်းထားတယ်ပေါ့၊ နောက်ဆက်တွဲကတော့ ထပ်ပြီး သတင်းတော့ မရသေးဘူးပေါ့”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဖမ်းဆီးခံရသူအားလုံးဟာ အရပ်သားပြည်သူတွေ ဖြစ်ပြီး သူတိုရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရွှေပြည်ကျေးရွာအထိ စစ်အုပ်စု ပြန်လည် ရောက်ရှိလာတာကြောင့် စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာကြီးတွေ ဖြစ်တဲ့ လက်ပံလှ၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ကံတောင် အပါအဝင် မန္တလေး - မိုးကုတ် ကားလမ်းတလျှောက် ကျေးရွာတွေက ဒေသခံ အမြောက်အများဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
စစ်ရှောင်ဖို့ ငွေကြေးတတ်နိုင်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပေမယ့် စရိတ်စက မရှိလို့ ထွက်မပြေးနိုင်ဘဲ ကျန်နေသေးတဲ့ အရပ်သားပြည်သူ အများအပြားလည်း ကျန်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ မတ္တရာနဲ့ စဉ့်ကူးနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးရာမှာ မြေပြင်စစ်ကြောင်း မရောက်မီ ဒေသခံ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး ကျေးရွာတွေ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘုရားစေတီ၊ သာသနိက အဆောက်အအုံ စတဲ့ နေရာတွေကို ဗုံးကြဲ သတ်ဖြတ်တာကြောင့် မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ အိမ်မှာ မနေရဲဘဲ ထွက်ပြေးနေရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်က ကျေးရွာတွေကို လေကြောင်းဗုံးကြဲ သတ်ဖြတ်ခဲ့ရာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
စဉ့်ကူးနယ်ကို ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးတနယ်လုံး စစ်အုပ်စု ကင်းစင်တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက တရုတ်အားကိုး၊ တရုတ်နဲ့ ရုရှားက ထောက်ပံ့ပေးတဲ့ လက်နက်အားကိုး၊ လေကြောင်းအားကိုးနဲ့ စဉ့်ကူးနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
စဉ့်ကူးနယ်က စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/Photo – MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 565
View 89 replies
Mandalay Free Press - MFP
မန္တလေးမှာ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖို့ စစ်အုပ်စု နည်းမျိုးစုံ ကြိုးပမ်း၊
စည်ပင်နဲ့ ပျူစောထီးတွေက ပြည်သူကို အကြပ်ကိုင်ခြိမ်းခြောက် ခိုင်းစေခဲ့၊
ဇော်မောင်/MFP၊ ဒီဇင်ဘာ - ၁၀
မန္တလေးမြို့မှာ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေချိန် အာဏာသိမ်း စစ်အုပ်စုက နည်းမျိုးစုံသုံးကာ နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု သစ္စာခံ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ကာ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စည်ပင်ရုံးအရှေ့ဘက် ၂၆လမ်းနဲ့ ၂၇ လမ်းကြား၊ ၇၁ လမ်းကို ပိတ်ဆို့ကာ ပျော်ပွဲရွှင်ပွဲနဲ့ အပြေးပြိုင်ပွဲလို အားကစားပွဲတွေ လုပ်ခဲ့သလို စည်ပင်ဝန်ထမ်းတွေကို ရုံးပျက်ရင် အလုပ်ဖြုတ်၊ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။
"ဒီနေ့မလာရင် ဒဏ်ရိုက်မယ်၊ အရေးယူမယ်ဆိုလို့ သွားရသေးတယ်၊ ဒီနေ့ ရုံးကြီးရှေ့ (စည်ပင်ရုံးရှေ့) တ နေရာတည်း လုပ်တာတော့ မဟုတ်ဘူး၊ တခြားနေရာတွေမှာလည်း ဌာနအလိုက် အားကစားပွဲတွေ လုပ်ခိုင်းထားတာ ရှိတယ်" လို့ မန္တလေးစည်ပင်ဝန်ထမ်း တစ်ဦးက MFP ကို ပြောပါတယ်။
မြို့တွင်းနေရာအနှံ့မှာလည်း စစ်အုပ်စုက ဝိုင်ယာလက်တွေ ဖွင့်ကာ ကားတွေနဲ့ လှည့်ပတ်နေတာ တွေ့ရတယ်လို့ လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
"နေရာအနှံ့ကို ရဲက ဝိုင်ယာလက်ဖွင့်ပြီး ပတ်ကင်းလှည့်တယ်၊ ဈေးတွေနားမှာ ရဲကားနဲ့ ရဲချထားတယ်၊ ဈေးမှာ ဆိုင်တွေ ဖွင့်၊ မဖွင့် လိုက်စစ်တယ်၊ မန္တလေးဈေးချိုဆိုရင် ရောင်းသူပဲရှိတယ် ၊ဝယ်သူမရှိဘူး"
ဒါ့အပြင် စည်ပင်နဲ့ ပျူစောထီးတွေက မန္တလေးမြို့ပေါ်ရှိ စျေးဆိုင်တွေကို မဖြစ်မနေ ဖွင့်ခိုင်းကာ စောင့်ကြည့်နေခဲ့သလို စျေးဆိုင်ဝန်ထမ်းတွေကို ခွင့်မယူဖို့၊ စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေကိုလည်း ခွင့်မယူဖို့ အကြပ်ကိုင်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၆လမ်းနဲ့ ၇၇လမ်းကြား၊ ၃၆လမ်းပေါ်မှာ ပျူစောထီးတွေ စုဝေးကာ ဒီကနေ့ ၁၂နာရီအချိန်ကစလို့ ဆောင်းဘောက်တွေ ဖွင့်ကာ ချောတိုင်တက်ပွဲ လုပ်ခဲ့ပြီး မွန်းလွဲ ၂နာရီကျော်အချိန် ချောတိုင်တက်ပွဲ ပြီးဆုံးပြီးနောက်မှာလည်း ဆောင်းဘောက်နဲ့ သီချင်းတွေ ဆက်ဖွင့်ကာ မူးရူးသောက်စား ကခုန်နေကြတယ်လို့ ဒေသခံမြေပြင်ကင်းထောက်တွေက ဆိုပါတယ်။
စစ်အုပ်စုရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ ကြားကပဲ မန္တလေးမှာ အသံတိတ်သပိတ် လှုပ်ရှားမှု အောင်မြင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်း မနက် ၁၀နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 897
View 136 replies
Mandalay Free Press - MFP
ပေါက်မြို့နယ်က နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင် ၂၀၀၀ အရေးပေါ်အကူအညီ လိုအပ်၊
နွေဦး/MFP ၊ ဒီဇင်ဘာ-၉
မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ ၂၀၀၀ ဝန်းကျင် ဒီဇင်ဘာလ ၃ ရက်ကစတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ပေါက်မြို့နယ်အခြေစိုက် စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)ကနေ အင်အား ၁၅၀ ပါတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ဒီဇင်ဘာ ၃ရက်မှာ ချောင်းကူးနဲ့ ပျမကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ကာ ရွာထဲ တပ်စွဲနေထိုင်နေတာကြောင့် ကျေးရွာ ငါးရွာက အိမ်ထောင်စု ၄၅၇စု၊ လူဦးရေ ၁,၇၀၀ ဟာ တောတောင်တွအထဲမှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် စိုက်ပျိုးထားတဲ့ လယ်ယာသီးနှံတွေကိုလည်း အချိန်မီ မရိတ်သိမ်းနိုင်ဘဲ တောတောင်တွေ အထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေအထဲမှာ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးသူငယ်တွေ ပါဝင်နေသလို ဆောင်းတွင်းကာလ ဖြစ်တာကြောင့် အနွေးထည်နဲ့ အမိုးအကာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့လည်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့က သတင်းထုတ်ပြန်ပါတယ်။
အခုကာလဟာ အအေးပိုတဲ့ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအထဲက ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုတချို့ တောတောင်တွေအထဲ မလုံမခြုံ စစ်ရှောင်နေရကာ မကြာခဏ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုကြပါတယ်။
Photo - လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး
1 week ago | [YT] | 633
View 49 replies
Mandalay Free Press - MFP
မုံရွာ ချောင်းဦးက အိမ်ခြေထောင်ချီတဲ့ ကျီကုန်းရွာကို စစ်အုပ်စု ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူ သယ်ထုတ်ပြီးနောက် ရွာကို မီးတင်ရှို့၊
ဒေသခံပြည်သူတချို့လည်း အသတ်ခံထားရ၊
မောင်သက်/MFP၊ ဒီဇင်ဘာ - ၈
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်ရှိ စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်းရွာကို အာဏာသိမ်း စစ်အုပ်စုက ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်းတာဖြစ်ပြီး ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ နေအိမ်တွေ ဖောက်ထွင်း၊ တန်ဘိုးရှိ ပစ္စည်းတွေကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ နမခ ဆီ သယ်ထုတ်ပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၈ရက် ညနေပိုင်းမှာ ရွာကို စတင်မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
“အိမ်ခြေတစ်ထောင်ကျော်ရှိပြီး စီးပွားရေးအရ အချက်အချာကျတဲ့ စည်ဖြိုးလှတဲ့၊ ရှေးကျွန်းအိမ်တွေ ပေါများလှတဲ့၊ အိမ်ကြီးရခိုင်တွေ ပေါများလှတဲ့ ကျီးကုန်းအရှေ့ရွာ၊ အနောက်ရွာ နှစ်ရွာလုံးကို စခ တွေ မီးရှို့ဖျက်ဆီးသွားတဲ့နေ့ ဒီနေ့ 8-12 2025။ မျက်ရည်တွေ အလိုလို တဖြိုင်ဖြိုင်ကျတဲ့နေ့။ ပစ္စည်းတွေကို အားရအောင်ထုတ်ခိုးပြီးမှ မီးရှို့ဖျက်ဆီးသွားကြ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် နိုဝင်ဘာ ၃၀ရက်နောက်ပိုင်း နေအိမ် ၁၄ လုံး မီးရှို့ဖျက်ဆီးပြီး ဖြစ်သလို ရွာခံပြည်သူ အမျိုးသား နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း အဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၈ရက် ဒီကနေ့မှာလည်း စစ်အုပ်စုက ကျီကုန်းရွာခံပြည်သူ အမျိုးသား သုံးဦးကို ထပ်မံ သတ်ဖြတ်ခဲ့တယ်လို့ သတင်းကြားရပေမယ့် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ကျီကုန်းကျေးရွာအတွင်းရှိ နေအိမ်တွေ ဖောက်ထွင်းကာ ရေခဲသေတ္တာ၊ အဲကွန်း၊ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်းသုံး ပစ္စည်းကအစ လိုချင်သမျှ ပစ္စည်းတွေကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခ၊ ပျူစခန်းနဲ့ ချောင်းဦးမြို့ပေါ်ဆီ သယ်ထုတ်ယူဆောင်ပြီးမှ ရွာကို မီးရှို့တာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ကျီကုန်းရွာထဲက ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီးနဲ့ သယ်ထုတ်နေတာ ဖြစ်ပြီး နေ့ရောညပါ ခိုးယူသယ်ထုတ်တာလို့ ဆိုပါတယ်။
ကျီကုန်းရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ညပိုင်းမှာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ရှိလို့ ကျီကုန်း၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၀,၀၀၀ ကျော် အပါအဝင် နိုင်ငံတဝန်း အိမ်ခြေ ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Data for Myanmar က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မုံရွာနဲ့ ချောင်းဦးနယ်အစပ်က အိမ်ခြေ ထောင်ချီရှိတဲ့ ကျီကုန်းရွာကို စစ်အုပ်စုက ကိုးရက်ကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကိုမီးရှို့ဖျက်ဆီးစဉ်/Photo - CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း
2 weeks ago | [YT] | 411
View 162 replies
Load more