Powerful Ghathataws အစွမ်းထက်ဂါထာတော်များ

🍀ညောင်ပင်ပျိုး ပေါင်ကျိုး၊
ညောင်ကိုင်းချိုး ရွှေအိုးရ 💰💰
( မြန်မာစကားပုံ )
====================

🎄ရှေးသရောအခါက အရပ်လေးမျက်နှာမှ ခရီး သွားများ လာရောက်နားခိုကြရသော ညောင်ပင် ကြီးတစ်ပင်ရှိသည်။ တစ်နေ့တွင် လူတစ်ယောက် သည် ဤညောင်ပင်ကြီး ဝေဝေဆာဆာရှိနေသော ကြောင့် ဤနေရာတွင် လူပေါင်းစုံလာစုနေကြသည်။ လူရှုပ်သည်။ ညောင်ပင်မရှိမှ အေးမည်ဟုဆိုကာ ညောင်ပင်ပေါ်သို့တက်၍ ညောင်ကိုင်းများကို ဓားဖြင့် ခုတ်သည်။ ဤသို့ တက်ခုတ်စဉ် ညောင်ပင်ခွကြားမှ ရွှေဒင်္ဂါးအပြည့်ပါသော ရွှေအိုးတစ်လုံးကိုရလိုက်သောကြောင့် ဆက်မခုတ်တော့ဘဲ ရွှေအိုးပိုက်လျက် ဝမ်းသာအားရ ထွက်ခွာသွားသည်။

🎄အခြားသူတစ်ဦးသည် ဤညောင်ပင်ကြီးကြောင့် လူအများ ချမ်းချမ်းသာသာ နားခိုရသည်။ ညောင်ပင်ကြီး ပို၍ရှင်သန်အောင် လုပ်မည်ဟု ရည်ရွယ်ပြီး ညောင်ပင်အောက်တွင် တံမြက်လှည်းသည်။ ရေဖျန်းသည်။ ညောင်ပင်အခြေကို မြေဖို့ပေးသည်။ ဤသို့ပြုလုပ်စဉ် ဆွေးနေသော ညောင်ကိုင်းတစ်ကိုင်းသည် သူ့အပေါ် တည့်တည့်ကျိုးကျလာရာ ထိုသူမှာ ပေါင်ကျိုးရရှာသည်။

🎄ဤတွင် ဤအကြောင်းအရာနှစ်ခုကို သိကြ သောလူများသည် ညောင်ပင်အောက်တွင် စုဝေးပြီး “လောကကြီးတွင် ကောင်းမှုအကျိုး၊ မကောင်းမှု အပြစ် ဟူသည်မရှိ၊ လောကကြီးက ဖြစ်ချင်သလို ဖြစ်နေသော လောကကြီးပါတကား” ဟု ပြောဆို နေကြလေတော့သည်။

🎄အကြောင်းစုံသိနေသော ညောင်ပင်စောင့်နတ် မှာ “လူအများ အသိအမြင်မှားလျက် အကုသိုလ် များပြုကာ ဒုက္ခရောက်ကြပေတော့မည်” ဟု မနေ သာတော့ဘဲ ကိုယ်ထင်ပြလျက် တရားဟောရပေ တော့သည်။

🎄 “အချင်းတို့၊ အယူမမှားကြကုန်လင့်။ စင်စစ် ညောင်ကိုင်းချိုး၍ ရွှေအိုးရသူကား ရှေးဘဝကုသိုလ်ကံကြောင့် ယခုဘဝ ရှင်ဘုရင်ဖြစ်ရမည့်သူပင်တည်း။ သို့သော် သူ၏ညောင်ပင်ကို ဖျက်ဆီးသော အကုသိုလ်ကံကြောင့် ဘုရင်မဖြစ်တော့ဘဲ ရွှေအိုးမျှနှင့် ကျေနပ်လိုက်ရလေတော့သည်။

🎄 ညောင်ပင်ပျိုး၍ ပေါင်ကျိုးသောသူကား စင်စစ် ထိုနေ့မှာပင် သေရမည့်သူပင်တည်း။ သို့သော် ညောင်ပင်ပျိုးသော ကုသိုလ်ကံကြောင့် အသက်မသေတော့ဘဲ ပေါင်ကျိုးရုံမျှဖြင့် ပြီးသွားရခြင်းပေတည်း။ လောကတွင် ကံ၊ ကံ၏အကျိုးဟူသည်ကား ဧကန်ရှိသည်။ ကောင်းမှုသည် ကောင်းကျိုးကိုပေးသည်။ မကောင်းမှုသည် မကောင်းကျိုးကိုပေးသည်။ အချင်းတို့၊ အယူမမှားကြကုန်လင့်။”

🎄 အယူမှားတော့မည့်လူအများ ညောင်ပင်စောင့် ရုက္ခစိုးကြောင့် အမြင်မှန်ဖြင့် ချမ်းသာခဲ့ကြရသည်။

🎄 ကံတရား၏ ဆန်းကြယ်ပုံကို ဖော်ပြသော ဤဖြစ်ရပ်ကိုအကြောင်းပြု၍ “ညောင်ပင်ပျိုး ပေါင်ကျိုး၊ ညောင်ကိုင်းချိုး ရွှေအိုးရ” ဟူသော ဆိုရိုးစကား (စကားပုံ) ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

************************

လေးစားစွာဖြင့် မောင်ကျော်ပြည့်ဝင်း (လုမ္ဗိနီ)
#ဘ၀လမ်းညွှန် #ideaverse #hightlightseveryone
#မေတ္တာဖြင့်စာပေမျှဝေသူ
#ပန်းနုလေးမေမေ

8 months ago | [YT] | 25