Dhamma Latt Saung ဓမ္မလက်ဆောင်

" သဘောကိုသိအောင်ရှုပါ "
တချို့တချို့ယောဂီတွေက
ဟာ..သေခါနီးကာလကြရင်နာလိမ့်မယ်၊
ဒီထက်မက နာလိမ့်မယ်၊
အခုကတည်းက မနာအောင်လုပ်ထားမှ၊
ကြိုးစားထားမှဆိုတော့-
မနာအောင်ကြိုးစားလို့ ရချင်ရမယ်၊
သေခါနီးမှာ မနာပဲတော့မနေဘူး၊
မနာပဲသေတဲ့သူလည်း တစ်ယောက်မှမရှိဘူး။
အရှင်မဟာမောဂ္ဂလာန်ဆိုရင်
ခိုးသားငါးရာက လာနှိပ်စက်လိုက်တာ
မနာပဲနဲ့ ပရိနိဗ္ဗာန်စံတာလား..?
နာပြီးမှ ပရိနိဗ္ဗာန်စံတာလား..?
နာပြီးမှ ပရိနိဗ္ဗာန်စံတာပါ။
တစ်သက်လုံးဉာဏ်ကိန်းလာတဲ့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ
ဗေဠုဝရွာကနေ ကုသိနာရုံကိုကြွတဲ့အခါ
ဟိုဖက်ဒီဖက် ရဟန်းတော်တွေကတွဲပြီး
လေးငါးရက်လောက်သွားရတဲ့ခရီးကို
ရက်နှစ်ဆယ်သုံးဆယ်နဲ့ကြွလာရတာ
မနာလို့လား၊နာလို့လား..?
မြတ်စွာဘုရားရှင်တောင်မှ
ဒီရောဂါရဲ့ဒဏ်ကိုရှောင်လို့ရရဲ့လား..?
သေခါနီးကာလမှာ နာမယ်ကျင်မယ်၊
အခုကတည်းက မနာအောင်လုပ်ထားမယ်ဆိုရင်
လောလောဆယ်တော့ ရချင်ရမယ်၊
သေခါနီးကာလကြရင် မရပါဘူး။
အဲဒါကြောင့်မို့လို့
အနာပျောက်အောင် တရားရှုရမှာလား..?
သူ့သဘောကိုသိအောင်ရှုရမှာလား..?
သူ့သဘောကို သိအောင်ရှုရမှာနော်။
ဒါ ဘုန်းကြီးတို့ရဲ့မူပဲ၊
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဿရပဲ၊
မိုးကုတ်ဆရာတော်ဘုရားကြီးက
အနာပျောက်အောင်ရှုခိုင်းတာမဟုတ်ဘူး၊
သူ့သဘောသိအောင် ရှုခိုင်းတာ၊
သူ့သဘောဆိုတာ တခြားလား..?
ဖြစ်ပျက်လား..? ဖြစ်ပျက်နော်။
ဖြစ်ပျက်ကိုမြင်ရင်
သူ့သဘောကဖြစ်ပျက်၊ရှုတဲ့ဉာဏ်က မဂ်၊
ဖြစ်ပျက်က ဘာသစ္စာ၊ ဒုက္ခသစ္စာ၊
ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ၊
အဲဒီအချိန်မှာ ကိလေသာလေးတွေသေတာက
သမုဒယသစ်စာသတော။
အကြောင်းသမုဒယသစ္စာသိမ်းတော့
အကျိုးဒုက္ခသစ္စာ မငြိမ်းဘူးလား..?
အကြောင်းသိမ်းလို့ အကျိုးငြိမ်းတာက
ဘာသစ္စာလဲ..? နိရောဓသစ္စာ၊
အဲဒါ တခြားလား၊နိဗ္ဗာန်လား..?
အဲဒီလိုနိဗ္ဗာန်ကိုအာရုံပြုနိုင်အောင်
ကြိုးစားပြီးရှုပါလို့တိုက်တွန်းရင်း
အားလုံး သာဓုခေါ်လိုက်ကြ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့
(သဗ်ဗဒါနံ ဓမ်မဒါန ဇိနာတိ)

2 years ago | [YT] | 128