HTP-Civil Engineering

လိုင်းကျင်းတူးခြင်းနဲ့ အုတ်မြစ်ချခြင်း
ဘာကွာပါသလဲ?

#အင်ဂျင်နီယာကမေးတာဆိုရင် Load Bearing အဆောက်အဦဆိုရင် လိုင်းကျင်းတူးပြီး R.C Frame အဆောက်အဦဆိုရင် အုတ်မြစ်ချရတယ်လို့ ဖြေပေးပါမယ်။

အားလုံးနားလည်အောင်ပြောရမယ်ဆိုရင် တိုင်၊ထုတ်၊ယက်မ၊ကြမ်းခင်းတွေအနေနဲ့ ဝန်ကူးပြောင်းတဲ့စနစ်ဆိုတာ R.C frame ဖြစ်ပြီး သူ့အလေးချိန်နဲ့သူရပ်တည်အောင်တည်ဆောက်ရတဲ့စနစ်ကို Loading Bearing လို့ သတ်မှတ်ပါတယ်။

Load bearing အမျိုးအစားတွေကို ရှေးယခင်က အသုံးများကြပါတယ်(ယနေ့ခေတ်လည်း သုံးကြပါသေးတယ်)။ ဥပမာ လိုင်းကျင်းပတ်ချာလည်တူးပြီး ဖောင်ဒီရှင်းအဖြစ်အသုံးပြုခြင်း၊ ခါးပတ်တန်းနေရာတွင် DPC ကျောက်ထုတ်ပါးပါးခံထားခြင်း၊ ၁၃လက်မခွဲအုတ်ရိုးတိုင်(သို့မဟုတ်)သစ်သားတိုင်များအသုံးပြုခြင်း၊ နံရံများကို ၉လက်မအုတ်ရိုးစီခြင်းစသဖြင့် အဆောက်အဦအလေးချိန်များအောင် ထုထည်ကြီးမားအောင် လုပ်ရပါတယ်။ ထုထည်ကြီးပြီး အလေးချိန်များနေမှ အဆောက်အဦရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပေးမှာပါ။ ဥပမာ ကိုယ်အလေးချိန်ပေါင် ၂၀၀ရှိသူကို ပေါင်တစ်ရာရှိတဲ့လူက တော်ရုံနဲ့ တိုးတိုက်လည်း မယိမ်းမယိုင် ရပ်နိုင်မှာပါ။ ဒါမျိုးကို Load bearing structure လို့ သတ်မှတ်ရပါတယ်။

R.C frame မှာကျတော့ သံကူကွန်ကရစ်အုတ်မြစ်ချပြီး တိုင်တိုလောင်းခြင်း၊ ခါးပတ်တန်း(G.B or P.B)ဖြင့်ချုပ်ခြင်း၊ အထပ်အလိုက် ထုတ်(beam) ဖြင့် ချုပ်ခြင်း အပြီးသတ် အမိုးထုတ်ဖြင့် ချုပ်ခြင်း ကြမ်းခင်းလောင်းခြင်းတွေလုပ်ရပါတယ်။ သူ့ရဲ့စနစ်က ကြမ်းခင်းမှတဆင့် ထုတ်ဆီ၊ ထုတ်မှ တိုင်ဆီ စသဖြင့် အပေါ်ဆုံးကနေ တဆင့်ပြီးတဆင့် ဝန်အလေးချိန်တွေ ကူးပြောင်းလာပြီး နောက်ဆုံး အုတ်မြစ်ကနေမြေကြီးဆီမှာ အဆုံးသတ်သွားပါတယ်။ သူ သူ့အလေးချိန်ကြောင့် ရပ်တည်တာမဟုတ်ပဲ အချိတ်အဆက် ဖရိန်စနစ်နဲ့ဖြစ်တဲ့အတွက် ထုထည်ကြီးမားစရာမလိုပဲ။ နံရံတွေကို ၄လက်မခွဲအုတ်စီခြင်းတွေ လုပ်ရပါတယ်။

အသုံးပြုပုံအနေဖြင့် အထပ်နိမ့်တွေမှာ Load bearing အမျိုးအစားတည်ဆောက်ကြပြီး အထပ်မြင့်တွေမှာ R.C frame confined masonry building အမျိုးအစားတည်ဆောက်ကြရပါတယ်။

ကုန်ကျစရိတ်အနေဖြင့် ဒီတိုင်းစဉ်းစားရင်ကို အာစီဖရိန်က ပိုများနေမှာ သေချာပါတယ်။

ဒဏ်ခံရမှုမှာတော့ load bearing မှာ သူ့အလေးချိန်က ခံနိုင်သလောက်သာ ရပ်တည်နိုင်မှာဖြစ်ပြီး အများအားဖြင့် ငလျင်ဒဏ်ခံရတဲ့အခါမှာ မတူညီတဲ့ ကျွံကျမှု Differential settlement လို့ခေါ်တဲ့ တဖက်စောင်းနိမ့်ကျတာတွေဖြစ်တတ်ပါတယ်။ အာစီဖရိန်တွေဟာ ‌ပုံမှန်အားဖြင့် ခံနိုင်ရည်ပိုကောင်းပါတယ်။

ကျွန်တော့်အနေနဲ့တော့ အထပ်နိမ့်ဆိုလည်းကုန်ကျစရိတ်အားဖြင့် ပိုကုန်ကျပေမယ့်(အနည်းအကျဉ်း) အာစီဖရိန်အုတ်မြစ်ချခြင်းကို ပိုကြိုက်ပါတယ်။ ရေရှည်မှာ ပိုစိတ်ချရပါတယ်။ အိပ်ရေးဝအောင် အိပ်လို့ရတာပေါ့။ ဈေးနှုန်းသက်သက်သာသာနဲ့ အိမ်ရှင်တတ်နိုင်သလောက်နဲ့တည်ဆောက်ပေးတာဟာ စေတနာမှန်ပေမယ့်။ မပြောပ လောက်တဲ့ကုန်ကျစရိတ်နဲ့ စိတ်ချလက်ချ အိပ်လို့ရအောင် နားလည်အောင်လည်း ရှင်းပြဖြစ်ပါတယ်။

ဒီလောက်ပါပဲဗျား
ထန်ပီး(TP-CONSTRUCTION)
NYRDDC,MDY
HTP Civil Engineering
www.facebook.com/thangpinayhein92?mibextid=ZbWKwL

1 year ago | [YT] | 59