​Knowledge Hub

မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်မှု...
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

မြတ်စွာဘုရားဟာ ရဟန်းတွေကို အမြဲဆုံးမလေ့ရှိတဲ့ အချက် (၂) ချက်ရှိတယ်။

အဲဒီအချက်ဟာ ဘာလဲဆိုတော့ စကားပြောမယ်ဆိုရင် တရားစကားတွေပဲ ပြောဖို့၊

ဒုတိယအချက်အနေနဲ့ တရားစကား မပြောဘူးဆိုရင် မြင့်မြတ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့နေဖို့ ဟောတယ်။

မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကို အင်မတန်မှ လိုလားတဲ့
သူ ဖြစ်တယ်နော်။

တိတ်ဆိတ်ငြိမ်သက်မှုဟာ သိပ်အရေးကြီးတယ်။တခြားဘာသာဝင်တွေရဲ့ဘုရားကျောင်းတွေကို ဝင်သွားပြီး ကြည့်လိုက်တယ်ဆိုရင် တိတ်ဆိတ်နေတာပဲနော်။

ငြိမ်ပြီးတော့ စကားမပြောဘဲနဲ့ လူမှရှိရဲ့လားလို့ ထင်ရလောက်အောင်ပဲ တိတ်ဆိတ်နေတယ်။

မြတ်စွာဘုရားရဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ အဆုံးအမတွေ ရှိလျက်နဲ့
မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေက မလိုက်နာပါလား။

တို့တစ်တွေဟာ ဘုရားရဲ့ အဆုံးအမကို ဒီအချက်လေးတောင် မလိုက်နာဘူးဆိုရင် အခြားအရာတွေဆိုရင် လိုက်နာဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်နော်။

ကြည့်လေ ရွှေတိဂုံဘုရားပေါ် သွားဖူးဖူး၊ ဆူးလေဘုရားပေါ် သွားဖူးဖူး၊
ဘုရားပေါ်ပဲ သွားဖူးဖူး ဘုရားပေါ် လှည့်ပတ်ကြည့် ဆူညံသွားကြတာများတယ်။

ဘုရားကိုလှည့်ပြီး ဈေးထဲဝင်သလို အတိုင်းအတာ တစ်ခုဖြစ်နေတယ်။
ရိုသေမြတ်နိုးမှု အင်မတန်မှ အားနည်းတယ်နော်။

မြန်မာလူမျိုးတွေရဲ့ အနေအထားဟာ အဲလိုဖြစ်နေတယ်
အများစုကိုပြောတာ။လူတိုင်းကိုတော့ မဆိုလိုပါဘူး။ထပ်ပြီး ဘယ်သူကမှ သုတေသနလုပ်မကြည့်

လို့ လုပ်ကြည့်လို့ရှိရင် နေ့စဉ်ဘုရားပေါ်တက်လာတဲ့သူ ဘယ်နှယောက်လောက်ရှိလဲ။

စကားမပြောဘဲနဲ့ မြတ်စွာဘုရားကို မြတ်မြတ်နိုးနိုး ရှိခိုးပြီးသွားတဲ့သူ ဘယ်နှယောက်ရှိလဲ။

စကားပြော လှည့်ပတ်လျှောက်ကြည့်တဲ့ သူက ဘယ်နှယောက်၊ ဘုရားတောင်မှဦးမချဘဲနဲ့ ထွေလီကာလီ စကားတွေပြောပြီး ဘုရားပေါ်က ပြန်ဆင်းသွားတဲ့သူ ဘယ်ယောက်ဆိုတာ နေ့စဉ် သုတေသန လုပ်ကြည့်ဖို့ကောင်းတဲ့ အနေအထားဖြစ်နေတယ်။

မြန်မာပြည်မှာ ဘုန်းကြီးတို့ တစ်ခါ ဆူးလေဘုရားမှာ တရားပွဲရှိလို့ တရားသွားဟောတယ်။

ဘုရားဖူးတဲ့ သူတွေက အပြင်ဘက်ကနေ ဆူညံနေလို့တရား ဟောလို့မဖြစ်ပါဘူး။

ဘုရားဖူးလို့ ပြောတဲ့သူတွေက ဘုရားကို လှည့်ပတ်ပြီး ဆူညံဆူညံနဲ့ စကားပြောသွားတယ်။

နောက်ဆို ဆူးလေဘုရားပွဲက ပင့်တဲ့ တရားပွဲဆို ဘယ်တော့မှမသွားတော့ဘူး ။

ဘာဖြစ်လို့တုန်းဆိုတော့ ဘုရားကြိုက်တဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို မလိုက်နာနိုင်တော့ ဘုရားဟောတဲ့တရားကို ဟောဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတဲ့နေရာဖြစ်သွားတယ်။

တခြားနိုင်ငံတွေမှာ အင်မတန်မှ အံ့သြစရာကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်မှုရှိတယ်။

တို့နိုင်ငံမှာ ဗုဒ္ဓဘာသာလို့ပြောပြီး မြတ်စွာဘုရားရဲ့ အဆုံး
အမတွေ ရှိပါလျက်နဲ့ ဘုရားစကားကို ဘာဖြစ်လို့ နားမထောင်ကြတာပါလိမ့်မလဲ။

ဘုရားပေါ်တက်လဲ မတိတ်ဆိတ်ဘူး၊ ဘုန်းကြီးကျောင်းသွားလဲ မတိတ်ဆိတ်ဘူး၊ ဆူညံပြီးတော့ နေလေ့ရှိကြတာ အံ့သြစရာကောင်းတဲ့ အနေအထားတစ်ခုပဲ။

မစဉ်းစား မဆင်ခြင်ဘဲ နေလို့ရှိရင် မသိနိုင်ဘူး ဒီကိစ္စက စဉ်းစားဆင်ခြင်ဖို့ ကောင်းတယ်။

ပြီးတော့ လုပ်တာက ဘာသာရေးပွဲတော် ဖွင့်တာက ကာမသီချင်းတွေ၊ဘာသာရေးနဲ့ ကာမနဲ့ဟာ ဆန့်ကျင်ဘက်ပဲ။

ဘာသာရေးပွဲဆိုတော့ ဘာသာရေးသီချင်းလောက်ပဲ ဖွင့်သင့်တာပေါ့။အဲလို စည်းကမ်းတွေ တို့ဆီမှာမရှိဘူး။

ဖွင့်တဲ့နေရာက ဖွင့်လိုက်တဲ့သီချင်းတွေက နားမကြားသာတဲ့ သီချင်းမျိုး...ဒါတွေကို မစဉ်းစားကြဘူးလားလို့ ဒီလိုတွေးတောမိတယ်။

တိတ်ဆိတ်ငြိမ်သက်မှုဟာ အင်မတန်မှကို မြတ်နိုးစရာ ကောင်းတယ်။

ဗုဒ္ဓဘာသာဝင်တိုင်းသတိထားလိုက်နိုင်ဖို့ အရေးကြီးတယ်နော်။

(တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူများ တရားတော်မှ ကောက်နုတ်ချက်)

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

3 days ago | [YT] | 133