Buddhism Dhamma Dana

The giving of Dhamma (dhamma-dana) refers to the gift of beneficial teachings and advice for others. While the material things that we gain can only benefit us in this life, progress made in the Dhamma benefits us now and in future lives as well.


Buddhism Dhamma Dana

Theravada Buddhism in Vietnam
Theravada Buddhism in Vietnam is primarily practiced by the Khmer ethnic minority in the Mekong Delta region of the country, where it is deeply intertwined with their cultural identity; unlike the dominant Mahayana Buddhism practiced by the majority Vietnamese population, Theravada Buddhism exists only in small pockets within the south of Vietnam, mainly among the Khmer people.
Key points about Theravada Buddhism in Vietnam:
Ethnic association:
The Khmer people in the Mekong Delta are the primary practitioners of Theravada Buddhism in Vietnam.
Limited geographic presence:
Due to the ethnic distribution, Theravada Buddhism is mostly concentrated in the southern part of Vietnam, particularly in the Mekong Delta.
Cultural significance:
Theravada Buddhism plays a significant role in the cultural identity of the Khmer community in Vietnam.
Historical influence:
Theravada Buddhism reached Vietnam through trade routes from neighboring countries like Cambodia and Thailand.

11 months ago | [YT] | 0

Buddhism Dhamma Dana

၂—သာမညဖလသုတ်
မင်းနှင့်အမတ်တို့ ဆိုင်ရာစကား
၁၅ဝ။အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် တစ်ထောင့် နှစ်ရာ့ ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ ရာဇဂြိုဟ်ပြည် (အဘယ) မင်းသား မွေးစားသော ဇီဝက၏ သရက် (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ၌ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မိုးလေးလအဆုံးကုမုဒြာကြာပွင့်ချိန် နှစ် ဥတု လတို့၏ ပြည့်ရာ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်ဖြစ်သော (တန်ဆောင်မုန်း) လပြည့်နေ့ ညဉ့်၌ မင်းအမတ်အပေါင်း ခြံရံလျက် မြတ်သော နန်းပြာသာဒ်၌ နေ၏။

ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ထိုဥပုသ်နေ့ဝယ် (ဤသို့) ဥဒါန်းကျူးရင့်၏ —

“အချင်းတို့ လသာသော ညဉ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသောညဉ့်သည် အလွန်လှစွတကား၊ အချင်းတို့ လသာသော ညဉ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသော ညဉ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသော ညဉ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်း”ဟု ကျူးရင့်၏။

၁၅၁။ ဤသို့ ဥဒါန်းကျူးရင့်သော် မင်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓ တိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏ —

“မင်းမြတ် ဤပူရဏကဿပသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုပူရဏကဿပကို ဆည်းကပ် တော်မူပါ၊ ပူရဏကဿပကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏”ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၂။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ —

“မင်းမြတ် ဤမက္ခလိဂေါသာလသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီ်ထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုမက္ခလိဂေါသာလကို ဆည်းကပ် တော်မူပါ၊ မက္ခလိဂေါသာလကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏”ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၃။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ —

“မင်းမြတ် ဤ အဇိတ ကေသကမ္ဗလသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုအဇိတကေသကမ္ဗလကို ဆည်း ကပ်တော်မူပါ၊ အဇိတကေသကမ္ဗလကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏”ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၄။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ —

“မင်းမြတ် ဤပကုဓကစ္စာယနသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုပကုဓကစ္စာယနကို ဆည်းကပ်တော်မူပါ၊ ပကုဓကစ္စာယနကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏”ဟုလျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၅။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း အားဤစကားကို လျှောက်၏ —

“မင်းမြတ် ဤသဉ္စယဗေလဋ္ဌပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုသဉ္စယဗေလဋ္ဌပုတ္တကို ဆည်းကပ် တော်မူပါ၊ သဉ္စယဗေလဋ္ဌပုတ္တကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏”ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၆။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ —

“မင်းမြတ် ဤနိဂဏ္ဌနာဋပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံး အရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုနိဂဏ္ဌနာဋပုတ္တကို ဆည်းကပ်တော်မူပါ၊ နိဂဏ္ဌနာဋပုတ္တ္တကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏”ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၇။ ထိုစဉ်အခါ၌ (အဘယ) မင်းသားမွေးစားသော ဇီဝကသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ ဝေဒေဟီမိဖုရား၏သားမဂဓတိုင်းရှင် အဇာတသတ်မင်းသည် (အဘယ) မင်းသား မွေးစားသော ဇီဝကအား “အချင်း ဇီဝကသင်သည်ကား အဘယ်ကြောင့် ဆိတ်ဆိတ် နေဘိသနည်း”ဟု ဆို၏။ “မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော ဤမြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ —

‘ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု ပျံ့နှံ့၍ ထွက်ပါ၏။

မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏”ဟု လျှောက်၏။

၁၅၈။ “အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့”။

“မင်းမြတ် ကောင်းပါပြီ”။

ဤသို့ (အဘယ) မင်းသား မွေးစားသော ဇီဝကသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဝန်ခံခဲ့၍ ဆင်မငါးရာတို့ကိုလည်းကောင်း၊ မင်း၏ စီးတော်ဆင်ကိုလည်းကောင်းပြင်ဆင်စေပြီးလျှင် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား “မင်းမြတ် သင် (မင်းမြတ်)၏ ဆင်ယာဉ်တို့ကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင် မင်းမြတ် သိတော်မူပါသည်” (သွားရန်မှာ သင် မင်းမြတ်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု ပြန်ကြား၏။

၁၅၉။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆင်မငါးရာတို့၌မောင်းမတို့ကို တစ်ဦးစီ စီးစေ၍ စီးတော်ဆင်ကို (ကိုယ်တိုင်) စီးပြီးလျှင် မီးရှူးတိုင်တို့ကို ဆောင်စေလျက် ကြီးစွာသော မင်း၏ ကျက်သရေဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်၍ (အဘယ) မင်းသား မွေးစားသောဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။

ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင် ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်း ဖြစ်၏၊ ထိုအခါဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည်ကြောက်ရွံ့ ထိတ်လန့် ကြက်သီးမွေးညင်းထသည် ဖြစ်၍ (အဘယ) မင်းသား မွေးစားသော ဇီဝကအားဤစကားကို ဆို၏ —

“အချင်း ဇီဝက ငါ့ကို မလှည့်ပတ်သည် မှန်၏လော့၊ အချင်း ဇီဝက ငါ့ကို မဖြားယောင်းသည် မှန်၏လော့၊ အချင်း ဇီဝက ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်း”ဟု ဆို၏။

“မင်းကြီး၁ ကြောက်တော်မမူပါလင့်၊ မင်းကြီး ကြောက်တော်မမူပါလင့်၊ မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ မင်းမြတ် သင့်ကို မဖြားယောင်းပါ၊ မင်းမြတ်၂ သင့်ကို ရန်သူတို့အား မအပ်နှင်းပါ၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏”ဟု လျှောက်၏။

၁၆ဝ။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆင်ဖြင့်သွားနိုင်သမျှ သောအရပ်ကို ဆင်ဖြင့် သွား၍ ဆင်မှ သက်ပြီးသော် ခြေကျင်သာလျှင် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ (အဘယ) မင်းသား မွေးစားသော ဇီဝကအား “အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်း”ဟု ဆို၏။ “မင်းကြီး အလယ်တိုင်ကို မှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ်သည် မြတ်စွာဘုရားပါတည်း”ဟု လျှောက်၏။

၁၆၁။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ —

“ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း”ဟု ဥဒါန်း ကျူးရင့်၏။

“မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီ”ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

“အရှင်ဘုရား ဥဒယဘဒ္ဒမင်းသားကို အကျွန်ုပ် ချစ်ပါ၏၊ အရှင်ဘုရား ယခုအခါ ရဟန်းသံဃာသည်အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ အကျွန်ုပ်၏ (သား) ဥဒယဘဒ္ဒမင်းသားသည် ဤငြိမ်သက်ခြင်းနှင့်ပြည့်စုံပါစေသတည်း”ဟု အဇာတသတ်မင်းက လျှောက်၏။

၁၆၂။ ထို့နောက် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အရှင်ဘုရား ပြဿနာမေးရန် အကျွန်ုပ်အား အကယ်၍ မြတ်စွာဘုရား ခွင့်ပြုပါက တစ်စုံ တစ်ခုသောအကြောင်းအရာကို မြတ်စွာဘုရားအား အကျွန်ုပ် အနည်းငယ်မျှ မေးမြန်းလိုပါသည်”ဟု လျှောက်၏။ “မင်းကြီး မေးလိုရာကို မေးလော့”ဟု မိန့်တော်မူ၏။


https://suttacentral.net/dn2/my/pmt?lang=my&reference=none&highlight=false

11 months ago | [YT] | 12

Buddhism Dhamma Dana

၁—ဗြဟ္မဇာလသုတ်
ပရိဗ္ဗာဇကကထာ
နိဒါန်း

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ငါးရာခန့်မျှသော ရဟန်းသံဃာနှင့်အတူ ရာဇဂြိုဟ် (ပြည်) နှင့် နာဠန္ဒာ (မြို့) အကြား၌ ခရီးရှည်ကြွတော်မူ၏၊ သုပ္ပိယပရိဗိုဇ်သည်လည်း တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်နှင့်အတူ ရာဇဂြိုဟ် (ပြည်) နှင့် နာဠန္ဒာ (မြို့) အကြား၌ပင် ခရီးရှည်သွား၏။

ထို (ခရီး) ၌ သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏ အပြစ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ထိုဆရာတပည့်နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏။

၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း၁၌ တစ်ညဉ့်တည်းခိုရန် ချဉ်းကပ်တော်မူ၏၊ သုပ္ပိယပရိဗိုဇ်သည်လည်း တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်နှင့် အတူအမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း၌ပင် တစ်ညဉ့်တည်းခိုရန် ချဉ်းကပ်၏၊ ထိုအမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌လည်း သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ထိုဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သောစကားကို ပြောလျက် နေကုန်၏။

၃။ ထိုအခါ ညဉ့်၏ (အဆုံး) မိုးသောက်ချိန်၌ (အိပ်ရာမှ) ထကြ၍ တန်ဆောင်းဝန်း၌ များစွာသော ရဟန်းတို့ စုဝေးထိုင်နေကြရာတွင် ဤစကားဖြစ်ပေါ်၏ —

“အံ့ဖွယ်ရှိပါပေစွ ငါ့သျှင်တို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ငါ့သျှင်တို့၊ သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသော အလိုဆန္ဒကို (အတိုင်းမသိ) ကောင်းစွာ ထိုးထွင်းသိတော်မူပါပေ၏၊ ဤသုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသောအကြောင်း ဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ဤဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏”ဟု စကားဖြစ်ပေါ်၏။

၄။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို သိတော်မူသဖြင့် တန်ဆောင်းဝန်းသို့ ကြွတော်မူ၍ ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင် ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့၏ မပြီးသေးသော အကြားစကား၂သည်ကား အဘယ်နည်း”ဟု မိန့်တော်မူ၏၊ ဤသို့ မိန့်တော်မူသောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ လျှောက်ကြကုန်၏ —

“အသျှင်ဘုရား ညဉ့်၏ (အဆုံး) မိုးသောက်ချိန်၌ (အိပ်ရာမှ) ထကြ၍ ဤတန်ဆောင်းဝန်း၌ အကျွန်ုပ်တို့ စုဝေးထိုင်နေကြရာတွင် ဤစကားဖြစ်ပေါ်ပါသည် —

‘အံ့ဖွယ်ရှိပါပေစွ ငါ့သျှင်တို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ငါ့သျှင်တို့၊ သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသော အလိုဆန္ဒကို (အတိုင်းမသိ) ကောင်းစွာ ထိုးထွင်းသိတော်မူပါပေ၏၊ ဤသုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ဤဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှနောက်မှ အစဉ်လိုက်ကုန်၏’ဟု စကား ဖြစ်ပေါ်ပါသည်။

ဤသည်ကား အကျွန်ုပ်တို့၏ မပြီးသေးသော အကြားစကားဖြစ်ပါသည်၊ ထိုအခါ မြတ်စွာဘုရား ကြွရောက်တော်မူလာပါသည် အသျှင်ဘုရား”ဟု လျှောက်ကြကုန်၏။

၅။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင်။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။

မသိနိုင်ကြပါ အသျှင်ဘုရား။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ”ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။

၆။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ်တက်ကြွခြင်း မဖြစ်စေသင်။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက်ကြွကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်းဟုတ်ပေ၏၊ ဤအကြောင်းကြောင့်လည်း မှန်ပေ၏၊ စင်စစ်အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏”ဟုဟုတ်မှန်သည်ကိုဟုတ်မှန်သည့်အတိုင်း သင်တို့ ဝန်ခံရမည်။

၁။ မင်းကွန်း = မင်းတို့၏ နားနေရန် ပြုလုပ်ထားသော အဆောက်အအုံ။

၂။ အကြားစကား ဟူသည် = ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်း စသည်တို့၏ အကြား၌ ဖြစ်သော အလွတ်စကား (ဗြဟ္မဇာလသုတ်ဖွင့် အဋ္ဌကထာ)၊ ငါဘုရားမလာမီ အကြား၌ ဖြစ်သောစကား (ပေါဋ္ဌပါဒသုတ်ဖွင့် အဋ္ဌကထာ)။

စူဠသီလခန်း
၇။ ရဟန်းတို့ ပုထုဇဉ်၁သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် အနည်းငယ်မျှသာဖြစ်သော နိမ့်ကျသော သီလမျှဖြင့်သာ ပြောနိုင်ရာ၏၊ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ပြောနိုင်ရာသည့် အနည်းငယ်မျှသာဖြစ်သော နိမ့်ကျသော ထိုသီလမျှဟူသည် အဘယ်နည်း —

၈။ “ရဟန်းဂေါတမသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေတော်မူ၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

“ရဟန်းဂေါတမသည် မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်တော် မူ၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက်၊ စင်ကြယ်သောကိုယ်ဖြင့် နေတော်မူ၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

“ရဟန်းဂေါတမသည် မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်တော်မူ၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်တော်မူ၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၉။ “ရဟန်းဂေါတမသည် မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ အမှန်ကိုသာ ဆိုလေ့ရှိတော်မူ၏၊ မှန်သော စကားချင်း ဆက်စပ်စေတော်မူတတ်၏၊ တည်သောစကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတော်မမူ”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

“ရဟန်းဂေါတမသည် ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်တော်မူ၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တော်မူတတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတော်မူတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်တော်မူ၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်တော်မူ၏၊ ညီညွတ်ခြင်းကို နှစ်သက်တော်မူ၏၊ ညီညွတ်ခြင်းကိုပြုသော စကားကို ဆိုတော်မူတတ်၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

“ရဟန်းဂေါတမသည် ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသော စကားကိုသာ ဆိုတော်မူတတ်၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

“ရဟန်းဂေါတမသည် ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့် စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုတော်မူတတ်၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁ဝ။ “ရဟန်းဂေါတမသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

“ရဟန်းဂေါတမသည် ဆွမ်းတစ်နပ်သာ စားလေ့ရှိတော်မူ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ကောက်စိမ်း၂ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်း ဂေါတမသည် ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာ နိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏”၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

စူဠသီလခန်း ပြီး၏။

၁။ ပုထုဇဉ် = အရိယာမဟုတ်သူများ။

၂။ ကောက်စိမ်း = ဟူသည် ၁—သလေး (ကောက်ကြီး)၊ ၂—ကောက်လတ်၊ (ကောက်ကြမ်း)၊ ၃—လူး၊ ၄—နတ်ကောက် (ဂျုံ)၊ ၅—ပြောင်း၊ ၆—မုယော (ဗာလီ)၊ ၇—ဆပ် ဤစပါး ခုနစ်မျိုးတည်း။
https://suttacentral.net/dn1/my/pmt?lang=my&reference=none&highlight=false

11 months ago | [YT] | 7

Buddhism Dhamma Dana

မိုဘီဂျီနိုနဲ့ တိပိဋကဆရာတော်



ဒီတစ်ပတ်အစီအစဉ်မှာတော့ ....

ထူးထူးခြားခြား စိတ်ဝင်စားစရာ အကြောင်း အရာတစ်ခုကို တင်ဆက်ထားပါတယ်။

ဗုဒ္ဓစာပေမှာ အဆင့်မြင့်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ ပိဋကတ်သုံးပုံစလုံးကို အာဂုံဆောင်နိုင်၊ ရေးမှတ် ထားနိုင်အောင် ကြိုးစားသင်ယူခဲ့တဲ့ တိပိဋကဓရ ဆရာတော်တစ်ပါးရဲ့ သူဘယ်လို ကြိုးစားသင်ယူခဲ့သလဲဆိုတဲ့ အကြောင်း ဖြစ်ပါ တယ်။

ပိဋကတ်သုံးပုံဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနေကြ စကားလုံးတွေ ဖြစ်ပေမယ့် ဒီစာပေထဲမှာပါတဲ့ ဘုရားဟောတရားတော်တွေကို 'က' ကြီးက 'အ' အထိ သိနိုင်၊ အာဂုံဆောင်ထားနိုင်ဖို့ လုပ်ရတဲ့ အလုပ်ကတော့ ကမ္ဘာမှာ အခက်ခဲဆုံးအလုပ်တွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။

ဒါကြောင့်လည်း ဗုဒ္ဓစာပေနဲ့ အမြဲတမ်းရင်းနှီးကျွမ်းဝင်နေတဲ့ ဘုရားသားတော် ရဟန်း သံဃာတော်တွေတောင် ဘုရားဟောတရားတွေ အကုန်အစင် မှတ်သားထားနိုင်ဖို့က အလွန်တရာမှကိုပဲ မလွယ်ကူတဲ့ ကိစ္စပါ။



တိပိဋကဓရ ဆရာတော်တစ်ပါးဖြစ်အောင် ဘယ်လို ကြိုးစားသင်ယူခဲ့ရပါသလဲ

မြန်မာနိုင်ငံက သံဃာ လေးသိန်းလောက်မှာ သောင်း ဂဏန်းလောက် ရှိတဲ့ သံဃာတော်တွေ ပိဋကတ်စာပေးပွဲ ဖြေကြပေမယ့် အောင်တဲ့သူက အရမ်းအရမ်းကိုပဲ ရှားပါးပါတယ်။

နှစ် (၆၀) လောက်အတွင်း ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်၊ အနက်သဘော ရေးဖြေပါ ပြီးစီးအောင်မြင်နိုင်သူက (၁၂) ပါးပဲ ပေါ်ထွန်းခဲ့ ပြီး လောလောဆယ် သက်ရှိထင်ရှားရှိတဲ့ ဆရာတော်က (၈) ပါးပဲ ရှိပါတယ်။

အဲဒီထဲက ဆရာတော်တစ်ပါးကတော့ အရှင် ဂန္ဓမာလာ လင်္ကာရ ဖြစ်ပါတယ်။

မြင်းခြံမြို့နယ်ဇာတိဖြစ်တဲ့ ဆရာတော်ဟာ မြင်းခြံအပြင် မုံရွာ၊ မန္တလေး၊ စစ်ကိုင်း မင်းကွန်း စတဲ့ အထက်မြန်မာပြည်က ကျောင်းတိုက်တွေမှာ ဗုဒ္ဓ စာပေကို လေ့လာသင်ယူခဲ့ပါတယ်။

၂၀၀၁ မှာ ဆရာတော်ဟာ သင်ရိုး ပိဋကတ် သုံးပုံလုံးကို အာဂုံရော သဘောရေးဖြေပါ ပြီးစီး အောင်မြင် တော်မူခဲ့ပါတယ်။



ဘီဘီစီရုံးကို ကြွရောက် ချီးမြှင့်ချိန် ကိုမိုးမြင့်က မေးမြန်းလျောက်ထားခဲ့ပါတယ်

အဲဒီနောက် ဆရာတော်ဟာ စင်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်ကြီးမှာ ပဓာန နာယကဆရာတော် ဖြစ်လာပြီး ပြည်တွင်းပြည်ပမှာ သာသနာပြု လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

ဆရာတော်ဟာ လောလာဆယ် အင်္ဂလန်နိုင်ငံမှာ ခေတ္တသီတင်းသုံးနေခိုက် လန်ဒန်က ဘီဘီစီရုံး ကို ကြွရောက် ချီးမြှင့်လို့ အခွင့်သာခိုက် လူငယ် ပရိတ်သတ်တွေ အတွက် ကိုမိုးမြင့်က မေးမြန်း လျောက်ထားကြည့်ထားပါတယ်။


ဒုတိယအပိုင်းမှာတော့ ပိဋကသုံးပုံလုံးကို အောင်မြင်ထားတဲ့ ဆရာတော် အနေနဲ့ လက်ရှိ အင်္ဂလန်က အောက်စဖို့ဒ်မှာ ဘာတွေ ထပ်သင်ကြားဖို့ လိုလို့ ဆက်လက် ပညာသင်နေရ သလဲ။ သာသနာပြုမယ့် ရဟန်းတော်တွေ ဘာတွေ လေ့လာထားသင့်သလဲ ဆိုတဲ့ အကြောင်း တွေကို တင်ဆက်ပေးထားပါတယ်။
https://www.bbc.com/burmese/programmes/2010/08/100807_mobigeno_tipitaka1

11 months ago (edited) | [YT] | 7

Buddhism Dhamma Dana

Map of the Land of the Buddha
Sixth century BC India was in a state of profound social and philosophical revolution. In the land watered by the Ganges, new monarchical states, such as Kosala and Magadha were expanding. While the cities of 6th century BC swarmed with shifting new populations, the roads were busy with the movement of religious wanderers and teachers. It was into this climate that Sidhartha Gautama, the Buddha-to-be, was born into the Shakya clan, whose capital was Kapilavastu, at the Lumbini Grove in the foothills of the Himalayas.

Main Events in the Life of Gautama Buddha

Birth (Lumbini) – 624 B.C.E.
Marriage (Kapilavastu) – 608 B.C.E
Renunciation (Kapilavastu) – 595 B.C.E
Enlightenment (Bodh Gaya) – 589 B.C.E
1st Year after Enlightenment (Sarnath) – 588 B.C.E.
Death / Parinirvana at Kushinagar – 544 B.C.E

11 months ago | [YT] | 1

Buddhism Dhamma Dana

Brahmanimantanikasutta—Pitaka Myanmar Translation
၉— ဗြဟ္မနိမန္တနိကသုတ်
၅ဝ၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့” ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား” ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ့ကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏—

ရဟန်းတို့ ငါသည် အခါတစ်ပါး၌ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ နေ၏။ ရဟန်းတို့ ထိုအခါ ဗကဗြဟ္မာအား—

“ဤဗြဟ္မလောကသည် မြဲ၏၊ ဤဗြဟ္မလောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည် သီးသန့်ဖြစ်၏၊ ဤဗြဟ္မလောကသည် ရွေ့လျောခြင်းသဘော မရှိ၊ ဤဗြဟ္မလောက၌ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှ တစ်ပါးလွန်မြတ်သော ထွက်မြောက်ရာလည်း မရှိ” ဟု ဤသို့သဘောရှိသော ယုတ်ညံ့သော အယူသည် ဖြစ်ပေါ်နေ၏။

ရဟန်းတို့ ထိုအခါ ငါသည် ဗကဗြဟ္မာ၏ စိတ်အကြံအစည်ကို (ငါ၏) စိတ်ဖြင့် သိ၍ ခွန်အားရှိသောယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် အင်ကြင်းပင်မင်းအရင်း၌ ကွယ်ခဲ့၍ ထိုဗြဟ္မလောက၌ ထင်ရှားဖြစ်၏။

ရဟန်းတို့ ဗကဗြဟ္မာသည် လာနေသော ငါ့ကို အဝေးမှပင် မြင်၍ “အသျှင်မြတ် လာပါလော့၊ အသျှင်မြတ် (အသျှင်မြတ်၏) လာခြင်းသည် ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ်ဤဗြဟ္မလောက သို့ လာခြင်း၏ အလှည့်ကို ကြာမြင့်မှပင် ပြုဘိ၏၊ အသျှင်မြတ် ဤဗြဟ္မလောကသည်မြဲ၏၊ ဤဗြဟ္မ လောကသည် ခိုင်ခံ့၏၊ ဤဗြဟ္မလောကသည် တည်တံ့၏၊ ဤဗြဟ္မလောကသည်သီးသန့်ဖြစ်၏၊ ဤဗြဟ္မ လောကသည် ရွေ့လျောခြင်းသဘောမရှိ၊ ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်၊ ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သောထွက်မြောက်ရာလည်း မရှိ” ဟု ဆို၏။

ရဟန်းတို့ ဤသို့ ဆိုသော် ငါသည် ဗကဗြဟ္မာအား ဤသို့ ပြောဆို၏—

“အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွတကား၊ အချင်းတို့ ဗကဗြဟ္မာသည် မိုက်မဲလေစွ တကား။ မမြဲသည်သာလျှင် ဖြစ်လျက် ‘မြဲ၏’ဟု ဆိုတုံဘိ၏၊ မခိုင်ခံ့သည်သာလျှင် ဖြစ်လျက် ‘ခိုင်ခံ့၏’ဟုဆိုတုံဘိ၏၊ မတည်တံ့သည်သာလျှင် ဖြစ်လျက် ‘တည်တံ့၏’ဟု ဆိုတုံဘိ၏၊ သီးသန့်မဟုတ်သည်သာလျှင် ဖြစ်လျက် ‘သီးသန့် ဖြစ်၏’ဟု ဆိုတုံဘိ၏၊ ရွေ့လျောခြင်းသဘောရှိသည်သာလျှင် ဖြစ်လျက် ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆိုတုံဘိ၏။ ပဋိသန္ဓေနေရာ အိုရာ သေရာ ရွေ့လျှောရာ (ပဋိသန္ဓေအားဖြင့်) ကပ်ရောက်ရာဖြစ်လျက် ‘ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆိုတုံဘိ၏။ ဗြဟ္မလောကမှ တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိလျက်လည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆိုတုံဘိ၏” ဟု (ပြောဆို၏)။

၅ဝ၂။ ရဟန်းတို့ ထိုအခါ မာရ်နတ်ယုတ်သည် တစ်ဦးသော အလုပ်အကျွေး ဗြဟ္မပါရိသဇ္ဇဗြဟ္မာကိုပူးဝင်၍ “ရဟန်း ရဟန်း ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ဤဗကဗြဟ္မာကို မထိခိုက်လင့်၊ ရဟန်း ဤဗကဗြဟ္မာသည် ဗြဟ္မာကြီးတည်း၊ လွှမ်းမိုးနိုင်သူတည်း၊ မည်သူကမှ မလွှမ်းမိုးနိုင်သူတည်း၊ (အလုံးစုံကို) မြင်တတ်သူတည်း၊ အလိုအတိုင်းဖြစ်စေနိုင်သူတည်း၊ အစိုးရသူတည်း၊ ပြုတတ်သူတည်း၊ ဖန်ဆင်းတတ်သူ တည်း၊ အမြတ်ဆုံးဖြစ်သူတည်း၊ စီမံသူတည်း၊ (ဈာန်၌) လေ့လာပြီးသူတည်း၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖတည်း။ ရဟန်းလောက၌ ပထဝီဓာတ်ကို ကဲ့ရဲ့တတ်ကုန်စက်ဆုပ်တတ်ကုန်သော၊ အာပေါဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ တေဇောဓာတ်ကိုကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ် ကုန်သော၊ ဝါယောဓာတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ သတ္တဝါကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ မာရ်နတ်ကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ် တတ်ကုန်သော၊ ဗြဟ္မာကို ကဲ့ရဲ့တတ်ကုန် စက်ဆုပ်တတ်ကုန်သော၊ ့သင့်ထက် ရှေးကျသည့် သမဏ ဗြာဟ္မဏတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ယုတ်ညံ့သော ဘုံဘဝ၌ တည်ကုန်၏။

ရဟန်း လောက၌ ပထဝီဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ အာပေါဓာတ်ကိုချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ တေဇောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဝါယောဓာတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သတ္တဝါကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ မာရ်နတ်ကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ ဗြဟ္မာကို ချီးမွမ်းတတ်ကုန် အလွန်နှစ်သက်တတ်ကုန်သော၊ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ မြတ်သော ဘုံဘဝ၌ တည်ကုန်၏။

ရဟန်း ထို (အကြောင်း) ကြောင့် သင့်ကို ငါ ဤသို့ ဆို၏၊ အချင်း သင့်ကို တိုက်တွန်း၏၊ ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏ စကားကို မလွန်ဆန်လင့်။ ရဟန်း သင်သည် ဗြဟ္မာ၏ စကားကို အကယ်၍ လွန်ဆန်ပါမူ ယောကျာ်းသည် ရောက်လာသောကျက်သရေကို တုတ်ဖြင့် မောင်းနှင်ထုတ်သကဲ့သို့လည်းကောင်း၊ ယောကျာ်းသည် ချောက်ကမ်းပါးပြတ်၌ကျသော် မြေကို လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း၊ မကိုင်စွဲ မဆောက်တည်နိုင်ရာသကဲ့သို့လည်းကောင်း ဤအတူ ဤဥပမာနှင့် ပြည့်စုံခြင်းသည် သင့်အား ဖြစ်ပါလိမ့်မည်။ အချင်းသင့်ကို တိုက်တွန်း၏၊ ဗြဟ္မာပြောဆိုသော စကားကိုသာလျှင် သင်လိုက်နာလော့၊ သင်သည် ဗြဟ္မာ၏စကားကို မလွန်ဆန်လင့်၊ သင်သည် စုဝေးနေသော ဗြဟ္မာပရိသတ်ကို မြင်သည်မဟုတ်လော” ဟု (ဆို၏)။

ရဟန်းတို့ ဤသို့လျှင် ငါ့ကို မာရ်နတ်ယုတ်သည် ဗြဟ္မာ၏ ပရိသတ်ဖြစ်အောင် ဆွဲဆောင်၏။

ရဟန်းတို့ ဤသို့ဆိုသော် ငါသည် မာရ်နတ်ယုတ်ကို ဤသို့ မိန့်ဆို၏။

“မာရ်ယုတ် သင့်ကို ငါသိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်၊ မာရ်ယုတ် သင်သည် မာရ်နတ်ဖြစ်၏။ မာရ်ယုတ် ဗြဟ္မာသည်လည်းကောင်း၊ ဗြဟ္မာ့ပရိသတ်သည်လည်းကောင်း၊ အလုပ် အကျွေးဗြဟ္မာသည်လည်းကောင်း အလုံးစုံသော သူတို့ပင် သင့်လက်သို့ ရောက်ကုန်၏၊ အလုံးစုံသော သူတို့ပင်သင့်အလိုသို့ လိုက်ကုန်၏၊ မာရ်ယုတ် ‘ဤရဟန်းသည်လည်း ငါ့လက်သို့ ရောက်သူဖြစ်ရာ၏၊ ဤရဟန်းသည်လည်း ငါ့အလိုသို့ လိုက်သူဖြစ်ရာ၏” ဟု သင့်အား ဤအကြံအစည်သည် ဖြစ်၏၊ မာရ်ယုတ် ငါကား သင့်လက်ရောက်သည် မဟုတ်၊ သင့်အလိုသို့ လိုက်သူ မဟုတ်” ဟု (မိန့်ဆို၏)။

၅ဝ၃။ ရဟန်းတို့ ဤသို့ မိန့်ဆိုသော် ဗကဗြဟ္မာသည် ငါ့အား ဤသို့ ပြောဆို၏။

“အသျှင်မြတ် ငါသည် မြဲသည်သာလျှင် ဖြစ်သည်ကို ‘မြဲ၏’ဟု ဆို၏၊ ခိုင်ခံ့သည်သာလျှင် ဖြစ်သည် ကို ‘ခိုင်ခံ့၏’ဟု ဆို၏၊ တည်တံ့သည်သာလျှင် ဖြစ်သည်ကို ‘တည်တံ့၏’ဟု ဆို၏။ သီးသန့်သာလျှင်ဖြစ်သည်ကို ‘သီးသန့်ဖြစ်၏’ဟု ဆို၏၊ ရွေ့လျောခြင်းသဘောမရှိသည်သာလျှင် ဖြစ်သည်ကို ‘ရွေ့လျောခြင်းသဘောမရှိ’ဟု ဆို၏။ ပဋိသန္ဓေ မနေရာ, မအိုရာ, မသေရာ, မရွေ့လျောရာ, (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်ရာကိုသာလျှင်’ ငါသည် ဤဗြဟ္မလောက၌ ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော၊ (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်’ဟု ဆို၏၊ (ဤဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိသည်ကိုလည်း ‘ဤဗြဟ္မလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာ မရှိ’ဟု ဆို၏။

ရဟန်း လောက၌ သင့်ထက် ရှေးကျသည့် သမဏဗြာဟ္မဏတို့၏ ကျင့်ကြံမှုသည် သင်၏ အသက်နှင့်အမျှပင် ဖြစ်ပေ၏။ ထိုသမဏဗြာဟ္မဏတို့သည် ဗြဟ္မလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိသည်ကိုလည်း ‘(ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာသည်ရှိ၏’ဟူ၍လည်းကောင်း၊ (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိသည်ကိုလည်း (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာသည် မရှိ’ဟူ၍လည်းကောင်း သိကုန်ရာ၏။ ရဟန်း ထိုအကြောင်းကြောင့်သင့်ကို ငါ ဤသို့ ဆို၏၊ (ဗြဟ္မလောကမှ) တစ်ပါး လွန်မြတ်သော ထွက်မြောက်ရာကို တွေ့မြင်လိမ့်မည်မဟုတ်၊ ပင်ပန်းရုံ ဆင်းရဲရုံသာ ဖြစ်ပေလိမ့်မည်။ “ရဟန်း အကယ်၍ သင်သည် ပထဝီကို စွဲလမ်းမူငါ၏အနီး၌ ဖြစ်သူ ငါ၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်။

အာပေါကို။ တေဇောကို။ ဝါယောကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို အကယ်၍စွဲလမ်းမူ ငါ၏အနီး၌ ဖြစ်သူ ငါ၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူဖြစ်ပေလိမ့်မည်” ဟု (ဆို၏)။

ဗြဟ္မာ ငါသည်လည်း ဤသို့ သိ၏၊ “အကယ်၍ ပထဝီကို စွဲလမ်းမူ သင်၏ အနီး၌ဖြစ်သူ သင်၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်လိမ့်မည်။ အာပေါကို။ တေဇောကို။ ဝါယောကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို အကယ်၍ စွဲလမ်းမူ သင်၏အနီး၌ဖြစ်သူ သင်၏တည်ရာ၌ ဖြစ်သူ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူ ဖြစ်ပေလိမ့်မည်” ဟု (သိ၏)။

ဗြဟ္မာ စင်စစ် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသော အာနုဘော်ရှိသူတည်း၊ ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟု သင်၏ ဖြစ်ပုံကိုလည်း ငါ သိ၏၊ အစွမ်းသတ္တိကိုလည်း ငါ သိ၏ဟု (ဆို၏)။

အသျှင်မြတ် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသော အာနုဘော်ရှိသူတည်း၊ ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟု အဘယ်သို့ ငါ၏ ဖြစ်ပုံကို သင်သိသနည်း၊ အစွမ်းသတ္တိကိုလည်း သင်သိသနည်းဟု (မေး၏)။

အရပ်မျက်နှာတို့၌ တင့်တယ် ထွန်းလင်းစေလျက် လ နေတို့ လှည့်လည်ရာ (လောကဓာတ်တစ်ခု) ပမာဏအားဖြင့် ဤတစ်ထောင်သော လောက၌ သင်၏ အာဏာသည် ဖြစ်၏။

ဤတစ်ထောင်သော လောက၌ မြတ်သော ယုတ်သော သတ္တဝါကို သိသည့်အပြင် တပ်မက်မှုရှိသူတပ်မက်မှုကင်းသူကိုလည်းကောင်း၊ ဤစကြဝဠာ, တစ်ပါးသော စကြဝဠာကိုလည်းကောင်း၊ သတ္တဝါတို့ပဋိသန္ဓေနေပုံ စုတေပုံကိုလည်းကောင်း သိ၏။

ဗြဟ္မာ ဤသို့လျှင် “ဗကဗြဟ္မာသည် ဤသို့ ကြီးသော တန်ခိုးရှိသူတည်း၊ ဤသို့ ကြီးသောအာနုဘော်ရှိသူတည်း၊ ဗကဗြဟ္မာသည် ဤသို့ များသော အကျော်အစော အခြံအရံရှိသူတည်း” ဟုသင်၏ ဖြစ်ပုံကိုလည်း ငါ သိ၏၊ အစွမ်းသတ္တိကိုလည်း ငါ သိ၏။

၅ဝ၄။ ဗြဟ္မာ တစ်ပါးသော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ထိုဘုံဘဝကို သင် မသိ၊ မမြင်၊ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ အာဘဿရာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း၊ ယင်းအာဘဿရဘုံဘဝမှ သင် ရွေ့လျော၍ ဤဘုံ၌ ဖြစ်၏၊ ထိုသင့်အား အလွန်ကြာမြင့်စွာနေခြင်းဖြင့် ထိုအောက်မေ့မှု သတိသည် မေ့ပျောက်နေ၏၊ ထို့ကြောင့် ထိုဘုံဘဝကို သင်မသိ၊ မမြင်။ ထိုဘုံဘဝကို ငါ သိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။

ဗြဟ္မာ သုဘကိဏှာမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ဝေဟပိ ္ဖ ုလ်မည်သောဘုံဘဝသည်။ အဘိဘူမည်သော ဘုံဘဝသည် ရှိသေးသည်သာလျှင်တည်း။ ထိုဘုံဘဝကို သင် မသိ၊ မမြင်။ ထိုဘုံဘဝကို ငါသိ၏၊ မြင်၏။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည်မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏။

ဗြဟ္မာ ငါသည် မြေကို မြေအားဖြင့် သိ၍ ပထဝီဟူသမျှ၏ ပထဝီသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ မြေကို မစွဲယူ၊ မြေ၌ မစွဲယူ၊ မြေအားဖြင့် မစွဲယူ၊ မြေကို ငါပိုင်ဥစ္စာဟု မစွဲယူ၊ မြေကိုမစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့် တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက့်အလွန် နိမ့်ကျပေအံ့နည်း၊ စင်စစ်မှာမူ ငါသာလျှင် သင့်ထက် လွန်ကဲ၏။

ဗြဟ္မာ ငါသည် ရေကို။ပ။ ဗြဟ္မာ ငါသည် မီးကို။ပ။ ဗြဟ္မာ ငါသည် လေကို။ပ။ ဗြဟ္မာ ငါသည် သတ္တဝါတို့ကို။ပ။ ဗြဟ္မာ ငါသည် နတ်တို့ကို။ပ။ ဗြဟ္မာ ငါသည် မာရ်နတ်ကို။ပ။ ဗြဟ္မာ ငါသည်ဗြဟ္မာကို။ပ။ ဗြဟ္မာ ငါသည် အာဘဿရဗြဟ္မာကို။ပ။ ဗြဟ္မာ ငါသည် သုဘကိဏှဗြဟ္မာတို့ကို။ပ။ ဗြဟ္မာငါသည် ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ပ။ ဗြဟ္မာ ငါသည် အဘိဘူဗြဟ္မာတို့ကို။ပ။ ဗြဟ္မာ ငါသည် အလုံးစုံ (ဘုံသုံးပါးတရား) ကို အလုံးစုံအားဖြင့် သိ၍ အလုံးစုံဟူသမျှ၏ အလုံးစုံသဘောအားဖြင့် မရောက်ရာသည့်နိဗ္ဗာန်ကို သိ၍ အလုံးစုံကို မစွဲယူ၊ အလုံးစုံ၌ မစွဲယူ၊ အလုံးစုံအားဖြင့် မစွဲယူ၊ အလုံးစုံကို ငါပိုင်ဥစ္စာဟုမစွဲယူ၊ အလုံးစုံကို မစွဲဆို။ ဗြဟ္မာ ဤသို့ ငါသိသောကြောင့်လည်း သင်နှင့်တူမျှသည် မဟုတ်၊ အဘယ်မှာ သင့်အောက် အလွန်နိမ့်ကျပေအံ့နည်း။ စင်စစ်မှာမူ ငါသည်သာလျှင် သင့်ထက် လွန်ကဲ၏ဟု (မိန့်ဆို၏)။









https://suttacentral.net/mn49/my/pmt?lang=en&reference=none&highlight=false

11 months ago | [YT] | 1

Buddhism Dhamma Dana

ထေရီပဒါန်
၁ - မဟာဂေါတမီ

"ဘိက္ခုတို့ ညဉ့်၏ အပိုင်းအခြားကို သိကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် မဟာဂေါတမီသည် အမြတ်ဆုံး ဖြစ်၏။"

၂ - ခေမာ

"ဘိက္ခုတို့ ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ခေမာသည် အမြတ်ဆုံး ဖြစ်၏။"

၃ - ဥပ္ပလဝဏ္ဏာ

"ဘိက္ခုတို့ တန်ခိုးနှင့် ပြည့်စုံသော ငါ၏ သာဝကာ ဘိက္ခုနီတို့တွင် ဥပ္ပလာဝဏ္ဏာသည် အမြတ်ဆုံး ဖြစ်၏။"

၄ - ပဋာစာရာ

"ဘိက္ခုတို့ ဝိနည်းကို ဆောင်ကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ပဋာစာရာသည် အမြတ်ဆုံး ဖြစ်၏။"

၅ - ဓမ္မဒိန္နာ

"ဘိက္ခုတို့ တရားဟောတတ်ကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ဓမ္မိဒိန္နာသည် အမြတ်ဆုံး ဖြစ်၏။"

၆ - နန္ဒာ

"ဘိက္ခုတို့ ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် နန္ဒာသည် အမြတ်ဆုံး ဖြစ်၏။"

၇ - သောဏာ

"ဘိက္ခုတို့ လုံ့လ ဝီရိယ ထက်သန်ကုန်သော ငါ ၏ သာဝိကာ ဘိက္ခုနီတို့တွင် သောဏာသည် အမြတ်ဆုံး ဖြစ်၏။"

၈ - ဗာကုလာ

"ဘိက္ခုတို့ ဒိဗ္ဗစက္ခု အဘိညာဉ်ကို ရကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ဗာကုလာသည် အမြတ်ဆုံး ဖြစ်၏။"

၉ - ကုဏ္ဍလ ကေသာ

"ဘိက္ခုတို့ ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အမြတ်ဆုံး ဖြစ်၏။"

၁၀ - ဘဒ္ဒါကာပိလာနီ

"ဘိက္ခုတို့ ရှေး၌ နေဖူးသော ခန္ဓာ အစဉ်ကို အောက်မေ့နိုင်ကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ဘဒ္ဒါကာပိလာနီသည် အမြတ်ဆုံး ဖြစ်၏။"

၁၁ - ဘဒ္ဒါကစ္စာနာ

"ဘိက္ခုတို့ မြတ်သော အဘိညာဉ်သို့ ရောက်ကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ဘဒ္ဒါကစ္စာနာသည် အမြတ်ဆုံး ဖြစ်၏။"

၁၂ - ကိသာ ဂေါတမီ

"ဘိက္ခုတို့ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံး ဖြစ်၏။"

၁၃ - သိင်္ဂါလက မာတာ

"ဘိက္ခုတို့ သဒ္ဓါတရား အားကြီးကုန်သော ငါ၏ သာဝိကာ ဘိက္ခုနီတို့တွင် သိင်္ဂါလကမာတာသည် အမြတ်ဆုံး ဖြစ်၏။"

11 months ago | [YT] | 5

Buddhism Dhamma Dana

ထေရာပဒါန်
၁ - အညာသိ ကောဏ္ဍည

"ဘိက္ခုတို့ ည၏ အပိုင်းအခြားကို သိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် အညာသိ ကောဏ္ဍညသည် အမြတ်ဆုံး ဖြစ်၏"

၂ - သာရိပုတ္တ

"ဘိက္ခုတို့ ပညာကြီးမြတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် သာရိပုတ္တသည် အမြတ်ဆုံး ဖြစ်၏"

၃ - မောဂ္ဂလ္လာန

"ဘိက္ခုတို့ တန်ခိုးကြီးကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မောဂ္ဂလ္လာနသည် အမြတ်ဆုံး ဖြစ်၏။"

၄ - မဟာ ကဿပ

"ဘိက္ခုတို့ ကိုယ်တိုင် ဓုတင်ဆောင်၍ သူတစ်ပါးတို့အားလည်း ဓုတင်ဆောင်ရန် ဟောပြောသော ငါ၏ သာဝက ဘိက္ခုတို့တွင် မဟာကဿပ သည် အမြတ်ဆုံး ဖြစ်၏"

၅ - အနုရုဒ္ဓ

"ဘိက္ခုတို့ ဒိဗ္ဗစက္ခု အဘိညာဉ်ရသော ငါ၏ သာဝက ဘိက္ခုတို့တွင် အနုရုဒ္ဓသည် အမြတ်ဆုံး ဖြစ်၏။"

၆ - ဘဒ္ဒိယ

"ဘိက္ခုတို့ မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကာဠိဂေါဓာ အမည်ရှိသော သာကီဝင် မင်းသမီး၏သား ဘဒ္ဒိယသည် အမြတ်ဆုံး ဖြစ်၏။"

၇ - လကုဏ္ဍက ဘဒ္ဒိယ

ဘိက္ခုတို့ အသံသာယာကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် လကုဏ္ဍက ဘဒ္ဒိယသည် အမြတ်ဆုံး ဖြစ်၏"

၈ - ပိဏ္ဍောလ ဘာရဒွါဇ

"ဘိက္ခုတို့ ခြင်္သေ့မင်းကဲ့သို့ ရဲ့ရင့်စွာ ကြုံးဝါးနိုင်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ပိဏ္ဍောလ ဘာရဒွါဇသည် အမြတ်ဆုံး ဖြစ်၏။"

၉ - မန္တာဏိပုတ္တ - ပုဏ္ဏ

"ဘိက္ခုတို့ တရားဟောတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မန္တာဏိ ပုဏ္ဏေးမ၏သား ပုဏ္ဏသည် အမြတ်ဆုံး ဖြစ်၏။"

၁၀ - မဟာကစ္စာန

ဘိက္ခုတို့ အကျဉ်းအားဖြင့် ဟောကြားသော တရား၏ အနက်ကို ဝေဖန်တတ်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မဟာကစ္စနသည် အမြတ်ဆုံး ဖြစ်၏။"

၁၁ - စူဠပန္ထက

ဘိက္ခုတို့ စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် စူဠပန္ထကသည် အမြတ်ဆုံး ဖြစ်၏။"

ဘိက္ခုတို့ ရူပါဝစရ ဈာန်အရာ၌ ကျွမ်းကျင် လိမ္မာကြကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် စူဠပန္ထကသည် အမြတ်ဆုံး ဖြစ်၏။"

၁၂ - မဟာပန္ထက

ဘိက္ခုတို့ အရူပါဝစရ ဈာန်အရာ၌ ကျွမ်းကျင် လိမ္မာကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မဟာပန္ထကသည် အမြတ်ဆုံး ဖြစ်၏။"

၁၃ - သုဘူတိ

"ဘိက္ခုတို့ ကိလေသာ ကင်းသော နေခြင်းရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် သုဘူတိသည် အမြတ်ဆုံး ဖြစ်၏။"

"ဘိက္ခုတို့ မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် သုဘူတိသည် အမြတ်ဆုံး ဖြစ်၏။"

၁၄ - ခဒိရ ရေဝတ

"ဘိက္ခုတို့ တောကျောင်း၌ နေကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ခဒိရ ရေဝတသည် အမြတ်ဆုံး ဖြစ်၏။"

၁၅ - ကင်္ခါ ရေဝတ

"ဘိက္ခုတို့ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကင်္ခါ ရေဝတသည် အမြတ်ဆုံး ဖြစ်၏။"

၁၆ - သောဏ ကောဠိဝိသ

"ဘိက္ခုတို့ ထက်သော လုံ့လရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကောဠိဝိသ အနွယ်၌ဖြစ်သော သောဏသည် အမြတ်ဆုံး ဖြစ်၏။"

၁၇ - သောဏကုဋိကဏ္ဏ

"ဘိက္ခုတို့ စကားချိုသာစွာ ပြောဆိုတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကုဋိကဏ္ဏသောဏသည် အမြတ်ဆုံး ဖြစ်၏။"

၁၈ - သီဝလိ

"ဘိက္ခုတို့ လာဘ်များကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် သီဝလိသည် အမြတ်ဆုံး ဖြစ်၏။"

၁၉ - ဝက္ကလိ

ဘိက္ခုတို့ သဒ္ဓါတရား အားကြီးကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဝက္ကလိသည် အမြတ်ဆုံး ဖြစ်၏။"

၂၀ - ရာဟုလ

"ဘိက္ခုတို့ အကျင့်သိက္ခာကို လိုလားကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ရာဟုလာသည် အမြတ်ဆုံး ဖြစ်၏။"

၂၁ - ရဋ္ဌပါလ

"ဘိက္ခုတို့ သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ရဋ္ဌပါလသည် အမြတ်ဆုံး ဖြစ်၏။"

၂၂ - ကုဏ္ဍဓာန

"ဘိက္ခုတို့ စာရေးတံမဲကို ပထမ ယူတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကုဏ္ဍဓာနသည် အမြတ်ဆုံး ဖြစ်၏။"

၂၃ - ဝင်္ဂီသ

"ဘိက္ခုတို့ ဆန်းကြယ်သောဉာဏ် ပဋိဘာန် ရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဝင်္ဂီသသည် အမြတ်ဆုံး ဖြစ်၏။"

၂၄ - ဥပသေန ဝင်္ဂန္တ ပုတ္တ

"ဘိက္ခုတို့ ထက်ဝန်းကျင် ကြည်ညိုဖွယ် ရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဝင်္ဂန္တ ပုဏ္ဏား၏သား ဥပသေနသည် အမြတ်ဆုံး ဖြစ်၏။"

၂၅ - မလ္လ ပုတ္တ ဒဗ္ဗ

"ဘိက္ခုတို့ ကျောင်း၊ အိပ်ရာ၊ နေရာ ခင်းကျင်း စီမံတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မလ္လမင်း၏သား ဒဗ္ဗသည် အမြတ်ဆုံး ဖြစ်၏။"

၂၆ - ပိလိန္ဒဝစ္ဆ

"ဘိက္ခုတို့ နတ်တို့ ချစ်မြတ်နိုးကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ပိလိန္ဒဝစ္ဆသည် အမြတ်ဆုံး ဖြစ်၏။"

၂၇ - ဗာဟိယ ဒါရုစိယ

"ဘိက္ခုတို့ မဂ်ဖိုလ် အသိဉာဏ်ကို လျင်မြန်စွာ ရကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဗာဟိယတိုင်းသား ဒါရုစိယသည် အမြတ်ဆုံး ဖြစ်၏။"

၂၈ - ကုမာရ ကဿပ

"ဘိက္ခုတို့ ဆန်းကြယ်စွာ တရားဟောကြားကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကုမာရကဿပသည် အမြတ်ဆုံး ဖြစ်၏။"

၂၉ - မဟာကောဋ္ဌိက

"ဘိက္ခုတို့ ပဋိသမ္ဘိဒါ လေးပါးသို့ ရောက်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မဟာကောဋ္ဌိကသည် အမြတ်ဆုံး ဖြစ်၏။"

၃၀ - အာနန္ဒ

"ဘိက္ခုတို့ အကြားအမြင် များကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် အာနန္ဒသည် အမြတ်ဆုံး ဖြစ်၏။"

"ဘိက္ခုတို့ ငါ၏စကားကို ကြာမြင့်စွာ ဆောင်နိုင်သည့် သတိရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် အာနန္ဒသည် အမြတ်ဆုံး ဖြစ်၏။"

"ဘိက္ခုတို့ ငါဟောကြားသည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို သိစွမ်းနိုင်သည့် ပညာရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် အာနန္ဒသည် အမြတ်ဆုံး ဖြစ်၏။"

"ဘိက္ခုတို့ ငါ၏စကားကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းတို့၌ လုံ့လရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် အာနန္ဒသည် အမြတ်ဆုံး ဖြစ်၏။"

"ဘိက္ခုတို့ ငါ့ကို ဆည်းကပ်လုပ်ကျွေးခြင်းတို့၌ လုံ့လရှိကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် အာနန္ဒသည် အမြတ်ဆုံး ဖြစ်၏။"

၃၁ - ဥရုဝေလကဿပ

"ဘိက္ခုတို့ ပရိသတ် များကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဥရုဝေလကဿပသည် အမြတ်ဆုံး ဖြစ်၏။"

၃၂ - ကာဠုဒါယီ

"ဘိက္ခုတို့ ဆွေမျိုးတို့ကို ကြည်ညိုစေတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ကာဠုဒါယီသည် အမြတ်ဆုံး ဖြစ်၏။"

၃၃ - ဗာကုလ

"ဘိက္ခုတို့ အနာရောဂါ ကင်းကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဗာကုလသည် အမြတ်ဆုံး ဖြစ်၏။"

၃၄ - သောဘိတ

"ဘိက္ခုတို့ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ငါ၏ သာဝက ဘိက္ခုတို့တွင် သောဘိတသည် အမြတ်ဆုံး ဖြစ်၏။"

၃၅ - ဥပါလိ

"ဘိက္ခုတို့ ဝိနည်းကို ဆောင်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ဥပါလိသည် အမြတ်ဆုံး ဖြစ်၏။

၃၆ - နန္ဒက

"ဘိက္ခုတို့ ဘိက္ခုနီတို့ကို ဆုံးမကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် နန္ဒကသည် အမြတ်ဆုံး ဖြစ်၏။"

၃၇ - နန္ဒ

"ဘိက္ခုတို့ ဣန္ဒြေကို စောင့်စည်းကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် နန္ဒသည် အမြတ်ဆုံး ဖြစ်၏။"

၃၈ - မဟာကပ္ပိန

"ဘိက္ခုတို့ ဘိက္ခုတို့ကို ဆုံးမတတ်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မဟာကပ္ပိနသည် အမြတ်ဆုံး ဖြစ်၏။"

၃၉ - သာဂတ

"ဘိက္ခုတို့ တေဇောဓာတ် ဝင်စားရာ၌ ကျွမ်းကျင်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် သာဂတသည် အမြတ်ဆုံး ဖြစ်၏။

၄၀ - ရာဓ

"ဘိက္ခုတို့ တရားကို ထင်မြင်လွယ်သောဉာဏ် ပဋိဘာန်နှင့် ပြည့်စုံကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် ရာဓသည် အမြတ်ဆုံး ဖြစ်၏။"

၄၁ - မောဃရာဇ

"ဘိက္ခုတို့ ခေါင်းပါးသော သင်္ဃန်းကို ဆောင်ကုန်သော ငါ၏ သာဝက ဘိက္ခုတို့တွင် မောဃရာဇသည် အမြတ်ဆုံး ဖြစ်၏။"

11 months ago | [YT] | 9

Buddhism Dhamma Dana

ပိဋကသုံးပုံ
ပိဋကတ်မြန်မာပြန်များအကြောင်း

၄၅-နှစ် (၄၅-ဝါ) အတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူသည့် တရားစကားတော်များကို ၎င်း ထို ၄၅-နှစ် အတွင်း၌ ဖြစ်စေ ထို့နော်ကမှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကို ယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော် များကို၎င်း ပါဠိတော် (စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြရလေသည်။

ထိုပါဠိတော် (စကားတော်အစဉ်) တို့ကို သံဂါယနာတင်မှု ပြုတော်မူကြသည့် အရှင်မြတ်တို့က -


ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူခဲ့ ကြလေသည်။

ထို ၆-မျိုးတို့တွင် (၁) (၂) (၃) နှင့် (၆) တို့ကို ချန်ထား၍ ကျွန်ုပ်တို့ အထူးသိအပ်သည့် ပိဋကသုံးပုံ နှင့် နိကာယ်ငါးရပ် အကြောင်းကို ရေးသား ဖော်ပြပါအံ့။

နိကာယ်ငါးရပ်

"နိကာယ်" ဟူသော စကားမှာ 'နိကာယ' ဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ 'အပေါင်းအစု' ဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစား ပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို 'နိကာယ်ငါးရပ်' ဟု ခေါ်သည်။

ထို 'နိကာယ်ငါးရပ်' တို့မှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

(၁) ဒီဃနိကာယ = ရှည်‌သောသုတ်များကို စုပေါင်းထားခြင်း၊

(၂) မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း၊

(၃) သံယုတ္တနိကာယ = တရားသဘော အားဖြင့်၎င်း ဟောကြားချက် အားဖြင့်၎င်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် သုတ်တို့ကို ယှဉ်တွဲ၍ စု‌ပေါင်းထားခြင်း၊

(၄) အင်္ဂုတ္တရနိကာယ = အင်္ဂါတခုစီ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း၊ တနည်းဆိုသော် တပါး, နှစ်ပါး, သုံးပါး စသည်ဖြင့် ၁၁-မျိုးအထိ တရားသဘော အင်္ဂရပ်များကို တိုး၍ တိုး၍ ကျော်လွန်ပိုမို ပြဆိုအပ်သော သုတ်အသီးသီး တို့ကို စုပေါင်းထားခြင်း၊

(၅) ခုဒ္ဒကနိကာယ = အတိုင်းအရှည် ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်း၊

ဤသို့အားဖြင့် အစုနိကာယ်ပေါင်း ငါးခုရှိလေသည်။ ထိုနိကာယ်ငါးရပ်ကို ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, ခုဒ္ဒကနိကာယ်ဟု ခေါ်ဝေါ်လေ့ရှိသည်။

နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးပုံတို့၏ ဆက်သွယ်ပုံ ကိုလည်း သိအပ် သိထိုက်သည့် အားလျော်စွာ အမြွက်မျှ ဖော်ပြပါဦးအံ့။

မြတ်စွာဘုရား ဟောကြားတော်မူသော တရား‌တော်အားလုံးကို နိကာယ်အရ ပိုင်းခြားလျှင် အထက်၌ ပြခဲ့သည့်အတိုင်း ငါးစုဖြစ်၍ ပိဋကအရ ခွဲခြားလျှင် သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူ၍ သုံးစု ဖြစ်လေသည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့် ပါဠိတော်ကျမ်းရင်မှာ ၅၂ကျမ်း ဖြစ်သည်။ ယခုအခါ ဆဋ္ဌသံဂါယနာမှ ရိုက်နှိပ်ထုတ်ဝေသည့် အတိုင်းမှာ စာအုပ် ၄၀ ဖြစ်သည်။ အချို့ကျမ်းများကို တအုပ်တည်း၌ စုပေါင်းရိုက်နှိပ်သဖြင့် ကျမ်းအရေအတွက်အားဖြင့် ၅၂ကျမ်း ရှိသော်လည်း စာအုပ်အရေအတွက်မှာ ၄၀ သာဖြစ်ချေသည်။

ကျမ်းပေါင်း ၅၂ တို့မှာ


ထိုကျမ်းတို့ကို ပိဋကအရ ခွဲခြားဝေဘန်သော် အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)သုတ္တန်ပိဋက၌ အကျုံးဝင်သော နိကာယ်နှင့်ကျမ်းများမှာ


(၂)ဝိနည်းပိဋက၌ အကျုံးဝင်သော နိကာယ်နှင့် ကျမ်းများမှာ


(၃)အဘိဓမ္မာပိဋက၌ အကျုံးဝင်သော နိကာယ်နှင့် ကျမ်းများမှာ


ဟူ၍ပင် ဖြစ်ပါသည်။

နိကာယ်ငါးရပ်တို့၏ အကြောင်းအရာ

ယခုတဖန် နိကာယ်ငါးရပ် အသီးသီးတို့တွင် ပါဝင်သော အကြောင်းအရာများကို နိကာယ် တခုစီ တခုစီ ခွဲခြား၍ အကျဉ်းအားဖြင့် ဖော်ပြပါဦးအံ့။

၁။ ဒီဃနိကာယ (ဒီဃနိကာယ်)

ဒီဃနိကာယ (ရှည်သောသုတ်များအစု) ၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို "ဝဂ္ဂ" ဟုခေါ်သည်။ "ဝဂ္ဂ" ဟူသော ပါဠိစကား၏ အဓိပ္ပါယ်မှာ 'အစု' ဟုပင် ဖြစ်သည်။ မြန်မာအခေါ်အဝေါ်အားဖြင့် 'ဝဂ်' ဟုခေါ်သည်။

ထို ဝဂ္ဂ သုံးခုတို့မှာ -

(၁) သီလက္ခန္ဓဝဂ္ဂ (သီလက္ခန္ဓဝဂ်)

(၂) မဟာဝဂ္ဂ (မဟာဝဂ်)

(၃) ပါထိကဝဂ္ဂ (ပါထိကဝဂ်) တို့ပေတည်း။



(၁) သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) ပါဠိတော်တွင် သုတ်ပေါင်း ၁၃-သုတ် ပါရှိသည်။

11 months ago | [YT] | 6

Buddhism Dhamma Dana

ဩဝါဒပါတိမောက်
၁။

ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။

န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

တိတိက္ခာ - တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ - သူတစ်ပါးတို့ ပြစ်မှားစော်ကား စွပ်စွဲခြင်းနှင့် အချမ်းအပူစသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ - မွန်မြတ်စွာသော၊ တပေါ - သူတော်ကောင်းတို့အကျင့်ပေတည်း။

နိဗ္ဗာနံ - တဏှာမှလွတ်မြောက်ရာ နိဗ္ဗာန်တရားကို၊ ပရမံ - အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ - ဘုရားအဆူဆူတို့သည်၊ ဝဒန္တိ - ဟောတော်မူကုန်၏။

ပရူပဃာတီ - တစ်ပါးသော သတ္တဝါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော - ရဟန်းသူမြတ်သည်၊ န ဟောတိ - မဖြစ်နိုင်ပေ။

ပရံ - သူတစ်ပါးကို၊ ဝိဟေဌယန္တော - ညှဉ်းဆဲ နှိပ်စက်သောသူသည်၊ သမဏော - ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်၊ န ဟောတိ - မဖြစ်နိုင်ပါပေ။

၂။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။

သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

သဗ္ဗပါပဿ - အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ - မပြု မလုပ်ရခြင်းလည်းကောင်း၊ ကုသလဿ - အပြစ်ကင်းငြား ကောင်းမှုများကို၊ ဥပသမ္ပဒါ - ပြည့်စုံအောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ - မိမိစိတ်ကို အညစ်အကြေးသုတ်သင် သန့်ရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ - မကောင်းမှုကင်း ကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ - အဆူဆူသော ဘုရားရှင်တို့၏၊ သာသနံ - အဆုံးအမ ဩဝါဒပေတည်း။

၃။

အနူပဝါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော၊

မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္ထဉ္စသယနာသနံ၊

အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။

အနူပဝါဒေါ - သူတစ်ပါးတို့ကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနူပဃာတော - သူတစ်ပါးတို့ကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ - ပါတိမောက္ခသံဝရသီလနှင့် ဣန္ဒြိယသံဝရသီလ (၂) ပါး၌၊ သံဝရော စ - ထိန်းသိမ်း စောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ - ဆွမ်းခဲဘွယ် ဘောဇဉ်၌၊ မတ္တညုတာ - ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း။

ပန္ထဉ္စသယနာသနံ - လူနှင့်ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေ့လျော်ရခြင်းလည်းကောင်း။

အဓိစိတ္တေ - သာမန်စိတ်ထက် လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ - အမြဲကြိုးကုတ် အားထုတ်ရခြင်းလည်းကောင်း၊ ဧတံ - ဤအကျင့်တရား ခြောက်ပါးသည်၊ ဗုဒ္ဓါနံ - ဆူဆူထွဋ်ထား မြတ်စွာဘုရားတို့၏၊ သာသနံ - လိုရင်းနှုံးပြ ထုံးအရဖြင့် သုံးကြပစေ ဆုံးမတော်မူချက်ပါပေသတည်း။
https://sites.google.com/view/dmpl/%E1%80%90%E1%80%9B%E1%80%9B%E1%80%90%E1%80%94/%E1%80%A9%E1%80%9D%E1%80%92%E1%80%95%E1%80%90%E1%80%99%E1%80%80?authuser=0

11 months ago | [YT] | 11