Democratic Press

"Your source for democracy, human rights, and breaking news – follow Democratic Press on Youtube."


Democratic Press

စစ်ဒဏ်ရော ရေဒဏ်ပါ နှစ်ထပ်ကွမ်း ခံစားနေရသည့် လေးမျက်နှာမြို့နယ်က ပြည်သူတွေရဲ့ ဘဝ



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆



မိုးသည်းထန်းစွာ ရွာသွန်းပြီး မြစ်ရေလျှံတက်လာသည့် ဩဂုတ်လ၏ သာမန်ရက်တစ်ရက်တွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ဒေသခံ ပြည်သူများအတွက်တော့ သဘာဝဘေးတစ်ခုတည်းမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်၏ တာဝန်မဲ့မှုများကြောင့် ဒုက္ခဆိုးနှင့် ရင်ဆိုင်လိုက်ရသည်။


တာပေါ်မှ ရေကျော်ရန် ၁ ပေခွဲခန့် လိုအပ်နေသေးချိန်၊ ပုံမှန်အားဖြင့် ကြိုတင်စောင့်ကြည့် ကာကွယ်ရေးစနစ်များ အလုပ်လုပ်သင့်သည့် အချိန်တွင် ရေကာတာ ကျိုးပေါက်သွားခဲ့ခြင်းက အကြမ်းဖက်စစ်တပ် လက်အောက်ခံ တိုင်းအုပ်ချုပ်ရေးအဖွဲ့၏ ပေါ့ဆမှုနှင့် စီမံခန့်ခွဲမှု လွဲမှားခြင်းကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။



"ဒီလိုရာသီ၊ ဒီလိုအချိန်မှာ ပုံမှန်အားဖြင့် ကြိုတင်စောင့်ကြည့်ရေးစနစ်တွေ၊ ကာကွယ်ရေးစနစ်တွေကို တိုင်းအစိုးရအဆက်ဆက် ဆောင်ရွက်လာခဲ့ကြတာ သမိုင်းကြောင်းအရ အားလုံးသိကြပါတယ်။ ယခုဖြစ်စဉ်မှာတော့ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ပြည်သူတွေ အိုးအိမ်စည်းစိမ် ပျက်စီးခဲ့ရတာပါ" ဟု ဒေသတွင်း အနှစ် ၄၀ နီးပါး နေထိုင်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။



ရေကာတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်အပါအဝင် မြစ်ကျိုး၊ သခွပ်ချောင်း၊ ဂျမ်းကုန်း၊ ညောင်ပင်ဝဲနှင့် အိုင်သပြု အစရှိသည့် ကျေးရွာပေါင်းများစွာ ရေအောက်ရောက်သွားခဲ့ရသည်။ ပြည်သူ ၉,၀၀၀ နီးပါး ရေဘေးဒဏ် အပြင်းအထန် ရင်ဆိုင်နေရသလို စာသင်ကျောင်းပေါင်း ၇၀ ကျော် ပိတ်ထားရသည်။


တောင်သူများ စိုက်ပျိုးထားသည့် လယ်မြေဧက ၁၀,၀၀၀ ဝန်းကျင် ရေလွှမ်းမိုးခံလိုက်ရပြီး အသက်မွေးဝမ်းကျောင်းများ ရုတ်ခြည်း ပျက်စီးခဲ့ရသည်။ ပို၍ ဆိုးရွားသည်မှာ ပင်မကျိုးပေါက်သည့် ပေ ၂၀၀ ကျော်အပေါက်ကို အကြမ်းဖက်စစ်တပ်ဘက်က ယနေ့ထက်ထိ မတားဆီးနိုင်သေးသည့်အတွက် အဆိုပါ ရေစီးသည် ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များ၏ အနိမ့်ပိုင်းဒေသများဆီသို့ပါ စီးဝင်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။



အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ တိုင်းအုပ်ချုပ်ရေးအဖွဲ့၏ တုံ့ပြန်ပုံကလည်း ဒေသခံများ၏ ဒုက္ခကို ပိုမိုကြီးမားစေခဲ့သည်။ လယ်မြေနှင့် အိုးအိမ် ပျက်စီးဆုံးရှုံးမှု တန်ဖိုး အလွန်မြင့်မားနေသော်လည်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို အားပေးနှစ်သိမ့်ခြင်း မရှိသည့်အပြင် တိုင်းတစ်တိုင်းလုံးရှိ လယ်ဧကများနှင့် ယှဉ်တွက်ကာ "ပျက်စီးဧကမှာ မပြောပလောက်သဖြင့် ဆန်စပါး ဖူလုံမှုရှိသည်" ဟုသာ တာဝန်မဲ့ ထုတ်ပြန်ခဲ့သည်။



ဤကဲ့သို့ ကိန်းဂဏန်းကြည့်၍ တာဝန်မဲ့သည့် ပြုမူဆောင်ရွက်ချက်များသည် မြေပြင်တွင် အရာရာ ဆုံးရှုံးလိုက်ရသည့် ပြည်သူတစ်ဦးချင်းစီ၏ ဒုက္ခကို လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။



ရေဘေးကပ်ဆိုးတစ်ခုတည်းကပင် ပြည်သူများကို နှိပ်စက်နေချိန်တွင် အကြမ်းဖက်စစ်တပ်သည် လေးမျက်နှာမြို့နယ်အတွင်းရှိ တုံးတော၊ ဝက်ကုန်း၊ စမ်းကုန်းနှင့် လဲခုံကြီး စသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့ညမပြတ် ရမ်းသမ်းပစ်ခတ်နေသည်။


သဘာဝဘေးကြုံနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးရမည့်အစား စစ်ရေးဖိအားများပေးကာ ခြိမ်းခြောက်နေသဖြင့် ပြည်သူများမှာ ရေနစ်သည့်ဒဏ်အပြင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး အန္တရာယ်ကိုပါ နှစ်ထပ်ကွမ်း ခံစားနေရသည်။



အခြားတိုင်းဒေသကြီးများမှ ပြည်သူ့လူမှုကူညီရေး အသင်းအဖွဲ့များ ရောက်ရှိလာမှုကြောင့် သာလျှင် ဒေသခံအချို့ အသက်ရှူချောင်ခဲ့ရသော်လည်း လက်ရှိတွင် ရေဘေးပိတ်မိနေသူများစွာ ကျန်ရှိနေသေးသလို စိုက်ပျိုးဧကများစွာအတွက် စိုးရိမ်မှုများလည်း မြင့်တက်နေဆဲဖြစ်သည်။



ဒေသခံများ၏ အမြင်တွင်မူ ယခုဖြစ်စဉ်သည် သဘာဝဘေးအန္တရာယ် သက်သက် မဟုတ်ပေ။ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေး အဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ၏ တာဝန်မဲ့မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင့် ဖြစ်ပေါ်လာရသည့် လူလုပ်ကပ်ဘေးတစ်ခုသာ ဖြစ်သည်။



ထို့ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြီးစီးပါက ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိခိုက်ဆုံးရှုံးစေခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် တာဝန်ရှိသူ အဆင့်ဆင့်ကို သာမန်အတိုင်း ခွင့်လွှတ်ပေးမည်မဟုတ်ဘဲ ပြည်သူ့ထံ တာဝန်ခံခိုင်းကာ စနစ်တကျ အရေးယူ ဆောင်ရွက်သွားမည်ဟု ဒေသခံများက ပြတ်ပြတ်သားသား တောင်းဆိုလျက် ရှိကြသည်။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

8 hours ago | [YT] | 77

Democratic Press

ဒူးပလာယာခရိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆



ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဒေါနအရှေ့ခြမ်းတွင် နယ်မြေစိုးမိုးရေးအတွက် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် တစ်ကြောင်းလုံးနီးပါး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင်က ယနေ့ ထုတ်ပြန်လိုက်သည်။



အဆိုပါ တိုက်ပွဲသည် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၃) နှင့် ခမရ (၂၁၀) တို့ဖြင့် ဖွဲ့စည်းထားသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



တိုက်ပွဲအပြီး စစ်ကောင်စီတပ်ထံမှ ရုပ်အလောင်းများနှင့်အတူ MA-1 တစ်လက်၊ MA-2 နှစ်လက်၊ MA-3 နှစ်လက်၊ MA ပူးတွဲ တစ်လက်၊ RPG/GPG တစ်လက်၊ MA BMA တစ်လက်၊ ဘောက်ဝိုင်း တစ်ခု၊ MA ကျည်ဘောက် ၁၂ ခု၊ MA ကျည် ၇၅၅ တောင့်၊ ၆၀ မမ ဗုံးသီး သုံးလုံး၊ အီနာဂါ ဗုံးသီး ငါးလုံး၊ RPG ကျည် တစ်လုံးနှင့် ပို့ရမ်း တစ်လုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ရှင်းလင်းသိမ်းဆည်းရရှိခဲ့သည်။



ထို့အပြင် မတရားစစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စေလွှတ်ခံနေရသည့် စစ်ကောင်စီတပ်သားများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး အလင်းဝင်ရောက်ကြပါရန် KNU က တိုက်တွန်းနှိုးဆော်ထားသည်။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

10 hours ago | [YT] | 226

Democratic Press

ပြည်သူများအား စုစည်း၍ စစ်တပ်ထံ လက်နက်ချဟန် ပုံမှားရိုက်သူကို အင်းလေး PDF က သစ္စာဖောက်အဖြစ် ကြေညာ



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆




အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (အမှတ် ၁၀၀၉ တပ်ရင်း) မှ ရဲဘော်ဟောင်း တစ်ဦးသည် တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်သူများကို စုစည်းကာ စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရပခ) တွင် လက်နက်ချဟန် ပုံမှားရိုက်ရန် ဆောင်ရွက်နေသည့်အတွက် "တော်လှန်ရေး သစ္စာဖောက်" အဖြစ် တရားဝင် သတ်မှတ်ကြောင်း အင်းလေး PDF က အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်သည်။



အဆိုပါ ရဲဘော်ဟောင်းမှာ သာလေးကျေးရွာအုပ်စု၊ ချောင်းဆုံရွာတွင် နေထိုင်သူ ရဲဇော်ထက် (ခေါ်) မိုက်ခဲ ဖြစ်ပြီး အင်းပေါခုံရွာမှ ပျူစောထီးများဖြစ်ကြသည့် ဇော်လတ်၊ ညီညီထွန်း တို့နှင့် ပူးပေါင်းကာ တောင်ကြီးအခြေစိုက် ရပခ တိုင်းစစ်ဌာနချုပ်၌ CDM/PDF များ လက်နက်ဝင်ရောက်စွန့်လွှတ်သည့် ပုံစံမျိုး ဖြစ်လာစေရန် ကြံစည်နေသည်ကို ခိုင်လုံစွာ သတင်းရရှိထားခြင်းဖြစ်သည်။



"ရဲဘော်မိုက်ခဲက တပ်ရင်းမှာ နေကတည်းက ပျူစောထီးတွေနဲ့ ဆက်သွယ်မှုရှိနေတယ်လို့ ပြန်သိရတယ်။ အဲ့နောက် တပ်ကနေ ပြေးသွားတယ်။ အခု တောင်ကြီးကိုတက်ပြီး ရပခ မှာ လက်နက်ချပွဲ လုပ်ဖို့စီစဉ်နေတယ်လို့ စုံစမ်းသိရတယ်။ ဒါကြောင့် သစ္စာဖောက်အဖြစ် သတ်မှတ်တာပါ" ဟု အင်းလေး PDF ၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောကြားထားသည်။



ထို့ကြောင့် ၎င်း၏ သစ္စာဖောက်မှုတွင် ပူးပေါင်းပါဝင်သူများနှင့် ကူညီအားပေးသူများ အားလုံးကိုလည်း တပ်ရင်း၏ အပြင်းထန်ဆုံး နည်းလမ်းများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၉) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

10 hours ago | [YT] | 77

Democratic Press

မော်လမြိုင်က ချစ်သူလမ်းကြားမှာ အထီးကျန်စွာ သေဆုံးခဲ့ရသူ



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆




အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ "ချစ်သူလမ်းကြား" သီချင်းကို ကြားလိုက်ရတိုင်း ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနိုင်သလို၊ မော်လမြိုင်မြို့ တောင်ရိုးတန်း View Point အောက်ဘက်က ချစ်သူလမ်းကြားလေးဟာလည်း တစ်ချိန်က အချစ်တွေ၊ နူးညံ့သိမ်မွေ့မှုတွေ ကိန်းအောင်းရာ နေရာလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။



ဒီလမ်းလေးဟာ ညနေစောင်း နေဝင်ဆည်းဆာချိန်နဲ့ ညဦးပိုင်း လရောင်အောက်တွေမှာ ချစ်သူစုံတွဲတွေ လာရောက်ဆုံတွေ့တတ်ကြတဲ့ နေရာလေးပါ။ ချစ်သူတွေဟာ ဒီလမ်းကြားလေးထဲက မှောင်ရိပ်တွေအောက်မှာ လက်ချင်းချိတ်၊ ပခုံးချင်းယှဉ်လို့ အနာဂတ်အကြောင်းတွေ တိုးတိုးတိတ်တိတ် ပြောဆိုရင်း နွေးထွေးလုံခြုံတဲ့ ကမ္ဘာငယ်လေးတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။



အချိန်လင့်လို့ လမ်းခွဲပြီး အိမ်ပြန်ကြတော့မယ့် ချစ်သူစုံတွဲတွေ ရှိတတ်တာကြောင့်၊ ညဦးပိုင်းအချိန်ဆိုရင် ဆိုင်ကယ်တက္ကစီသမားတွေဟာ ဒီချစ်သူလမ်းကြားလေးထဲကို ဖြတ်သွားဖြတ်လာနဲ့ ခရီးသည် လာရောက်ရှာဖွေလေ့ ရှိကြပါတယ်။



သို့သော်လည်း နူးညံ့သိမ်မွေ့တဲ့ ချစ်သူတို့ရဲ့ ခြေရာတွေ ထပ်ခဲ့တဲ့ ဒီလမ်းလေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတော့ အလွန်တရာ ရက်စက်ကြမ်းကြုတ်တဲ့ သွေးစွန်းရာ ဇာတ်ခုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။



ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်။
သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ်နေ အသက် ၄၅ နှစ်အရွယ် ဦးအောင်ဟိန်းဦးဟာ မိသားစုဝမ်းရေးအတွက် ဆိုင်ကယ်တက္ကစီမောင်းနှင်ရန် နေအိမ်မှ ထွက်ခွာသွားခဲ့ပါတယ်။ ညပိုင်းအချိန် ချစ်သူလမ်းကြားမှာ အိမ်ပြန်မယ့် ခရီးသည်တွေကို သူ လာရောက်ရှာဖွေခဲ့မိပုံ ရပါတယ်။


ဒါပေမယ့် ည ၁၁ နာရီကျော်လွန်လာသည်အထိ ဖခင်ဖြစ်သူ အိမ်ပြန်မရောက်လာတဲ့အခါ မိသားစုဝင်တွေ စိုးရိမ်တကြီး ဖုန်းဆက်သွယ်ခဲ့ကြပါတယ်။ ဖုန်းဝင်နေပေမယ့် တစ်ဖက်က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။


နောက်တစ်နေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီမှာတော့ မိသားစုဝင်တွေ ထပ်မံဆက်သွယ်လိုက်တဲ့ ဖုန်းကို လမ်းလုပ်သားတစ်ဦးက ကိုင်ဆောင်ဖြေကြားခဲ့ပါတယ်။ ဖုန်းကျကျန်ရစ်ခဲ့တဲ့ တည်နေရာကို သိလိုက်ရပြီးနောက် မိသားစုဝင်တွေဟာ ချစ်သူလမ်းကြား ဘေးခြုံစပ်အနီးကို ရင်တထိတ်ထိတ်နဲ့ လိုက်လံရှာဖွေခဲ့ကြပါတယ်။



အဲဒီအခါမှာတော့ လမ်းဘေးခြုံအတွင်းမှာ လည်ပင်းကို ဓားနဲ့ သုံးချက်တိတိ အညှာအတာမဲ့ ထိုးသွင်းခံထားရတဲ့ ဦးအောင်ဟိန်းဦးရဲ့ ရုပ်အလောင်းကို ကြေကွဲဖွယ်ရာ တွေ့ရှိခဲ့ကြရပါတယ်။ သူ့ရဲ့ လုပ်ကိုင်စားသောက်ရာ ဆိုင်ကယ်လည်း ပျောက်ဆုံးနေခဲ့ပါတယ်။



ချစ်သူတွေ ကြည်နူးခဲ့ကြတဲ့ လမ်းဘေးခြုံစပ်လေးမှာ မိသားစုကို လုပ်ကျွေးနေတဲ့ ဖခင်တစ်ယောက်ဟာ အကူအညီမဲ့စွာ၊ အထီးကျန်စွာနဲ့ အသက်ငွေ့ငွေ့လေး ပျောက်ကွယ်သွားခဲ့ရရှာပါတယ်။


ဒီလို သွေးအေးအေးနဲ့ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြသူတွေကတော့ အသက် ၁၉ နှစ်နဲ့ ၂၀ အရွယ်သာ ရှိသေးတဲ့ လူငယ်သုံးဦး ဖြစ်နေခဲ့ပါတယ်။ တိုးချစ်လင်း၊ ဖြိုးဝေကျော် နဲ့ လရောင်ခန့် လို့ အမည်ရတဲ့ အဆိုပါ လူငယ်သုံးဦးဟာ မော်လမြိုင်မြို့က Bar တစ်ခုနဲ့ စားသောက်ဆိုင်တွေမှာ လုပ်ကိုင်ဖူးသူတွေ ဖြစ်ပါတယ်။



CCTV မှတ်တမ်းတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုတွေအရ၊ အဲဒီလူငယ်သုံးဦးဟာ လူသတ်လုယက်လာတဲ့ ဆိုင်ကယ်ကို မြိုင်သာယာရပ်ကွက်က ရွှေသံစဉ် KTV ကို စီးသွားခဲ့ကြပြီး၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ ညီမဖြစ်သူထံ ပိုက်ဆံအချို့ကို အပ်နှံကာ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။



ဦးအောင်ဟိန်းဦးရဲ့ အသက်နဲ့လဲခဲ့ရတဲ့ ဆိုင်ကယ်ကိုတော့ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ ၁၄ သိန်း ၇ သောင်းကျပ်နဲ့ ရောင်းချခဲ့ကြပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့အရောက်မှာတော့ ထွက်ပြေးပုန်းရှောင်နေတဲ့ ကျူးလွန်သူ လူငယ်သုံးဦးစလုံးကို မြဝတီ၊ ကြံခင်း နဲ့ ဇင်းကျိုက်မြို့တို့မှာ အသီးသီး ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အရေးယူထားပါတယ်။



ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ နေထိုင်ဖြတ်သန်းနေရတဲ့ ခေတ်ကာလရဲ့ အကျည်းတန်မှုကို ထင်ရှားစွာ သက်သေပြနေပါတယ်။ အာဏာမသိမ်းခင် အချိန်ကာလတွေတုန်းက "ချစ်သူလမ်းကြား" ရဲ့ အမှောင်ရိပ်တွေဟာ ချစ်သူတွေအတွက် လုံခြုံမှု၊ နွေးထွေးမှုနဲ့ ဆွတ်ပျံ့ကြည်နူးမှုတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။


ဒါပေမယ့် တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေတဲ့ အခုလို အကြမ်းဖက်စစ်တပ် အာဏာရှင်လက်ထက်မှာတော့ တစ်ချိန်က ချစ်သူတွေ မှောင်ရိပ်ခိုခဲ့ကြတဲ့ အဲဒီနေရာလေးတွေဟာ လူသတ်သမားတွေ၊ လုယက်သူတွေ ကြီးစိုးရာ၊ အသက်အန္တရာယ်အတွက် လုံခြုံမှု огုံးဝကင်းမဲ့နေတဲ့ ခြောက်ခြားစရာ အမှောင်ရိပ်တွေအဖြစ် အပြီးတိုင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတော့တယ်။




#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

13 hours ago (edited) | [YT] | 55

Democratic Press

ဘန်ကောက် ဈာပနအတွင်း ပစ်ခတ်မှုကျူးလွန်သူ အမျိုးသား ဘုရင်မ ကူဘွန်အိမ်ရာ၌ မိမိကိုယ်ကို ပစ်ခတ်သေဆုံး



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆



ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ကျင်းပနေသည့် ဈာပနအခမ်းအနားအတွင်း အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သူ အမျိုးသားသည် ချစ်သူဖြစ်သူအား ဓားစာခံအဖြစ် ဖမ်းဆီးထားစဉ် မိမိကိုယ်ကို ပြန်လည်ပစ်ခတ်သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။



အဆိုပါဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ညနေပိုင်းက ဘန်ခပီခရိုင်ရှိ ဝပ်ဘွန်းထောင်လန်း (Wat Bueng Thong Lang) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပနေသည့် “လင်” အမည်ရှိ အမျိုးသမီး၏ ဈာပနတွင် စတင်ခဲ့ခြင်းဖြစ်သည်။




သံသယရှိသူ “ဘန်ဆန်” ဆိုသူသည် သေဆုံးသူ “လင်” ၏ ချစ်သူဖြစ်သူ “အေ” ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် “အေ” မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အနီးတွင်ရှိနေသည့် အခြားသူ ၂ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။


ကနဦး စုံစမ်းသိရှိချက်များအရ သေဆုံးသူ “အေ” သည် ယခင်က “လင်” သေဆုံးခဲ့သည့်အမှုတွင် သေနတ်မတော်တဆ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆို၍ အာမခံဖြင့် လွတ်မြောက်နေသူဖြစ်ပြီး၊ ဈာပနသို့ လာရောက်တောင်းပန်စဉ် ယခုကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။



ပစ်ခတ်မှုကျူးလွန်ပြီးနောက် သံသယရှိသူ “ဘန်ဆန်” သည် ဘန်ကောက်မြို့၊ ကူဘွန် ၂၇ လမ်းရှိ အိမ်ရာတစ်ခုသို့ ထွက်ပြေးသွားခဲ့ပြီး၊ ၎င်း၏ ချစ်သူအမျိုးသမီးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ Facebook Live လွှင့်ခဲ့သည်။


သတင်းရရှိသည်နှင့် ရဲတပ်ဖွဲ့က အဆိုပါနေရာကို ၄ နာရီကျော်ကြာ ဝိုင်းရံပိတ်ဆို့ ညှိနှိုင်းခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း ဘေးကင်းစေရန် နေအိမ်အတွင်း၌သာ နေထိုင်ကြရန် သတိပေးခဲ့သည်။


ထို့နောက် ဩဂုတ် ၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် သံသယရှိသူ “ဘန်ဆန်” သည် မိမိကိုယ်ကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး၊ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသမီးမှာမူ ဘေးကင်းစွာ လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်တစ်ခုလုံးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။



#ThailandNews #BangkokNews #CrimeNews #BreakingNews #WatBuengThongLang

18 hours ago | [YT] | 22

Democratic Press

ICRC ဌာနေကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြောင်း အကြမ်းဖက်စစ်တပ် သတင်းထုတ်ပြန်


Democratic Press
ဩဂုတ် ၃၊ ၂၀၂၆


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ လိုလားသူ (စစ်လော်ဘီ) မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။



ထိုသို့ လာရောက်တွေ့ဆုံရာတွင် တွေ့ဆုံမှုကို မည်သည့်နေရာ၌ ပြုလုပ်ခဲ့သည်၊ မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်နှင့် တွေ့ဆုံချိန် ကြာမြင့်မှု စသည့် အသေးစိတ်အချက်အလက်များကိုမူ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိပေ။



ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်ကာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိတွင် စစ်ကောင်စီက အမှုဆင်ထားသော ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားခြင်း ခံထားရသူဖြစ်သည်။



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်ရှိလာပြီဖြစ် သော်လည်း မိခင်ဖြစ်သူ အသက်ရှင်နေသည်ဆိုသည့် ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မရရှိသေးကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က ဇူလိုင်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံသဖွယ် ထိန်းသိမ်းထားပြီး မိသားစုဝင်များ၊ ပြင်ပကမ္ဘာတို့နှင့် အဆက်အသွယ် ပို့ထားကြောင်း၊ မည်သည့်နေရာ၌ ရှိနေသည်နှင့် ကျန်းမာရေးအခြေအနေကိုပါ ဖုံးကွယ်ထားကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ထောက်ပြထားသည်။



ထို့အပြင် အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိခင်ဖြစ်သူနှင့် ပတ်သက်၍ ယင်းကဲ့သို့ သတင်းအချက်အလက် ပိတ်ပင်ထားသည့် "တိတ်ဆိတ်မှုကို အဆုံးသတ်ရန်" နှင့် လက်ရှိအခြေအနေမှန်ကို ယုံကြည်စိတ်ချစွာ ထုတ်ပြန်ပေးရန်လည်း ကင်မ်အဲရစ်က တိုက်တွန်းတောင်




#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

19 hours ago | [YT] | 98

Democratic Press

ပြည်သူကို ဗုံးကြဲဖို့ ထွက်လာတဲ့ တိုက်​လေယာဥ် လမ်းခုလတ်မှာ ပျက်ကျ



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆



ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၅ နာရီ ၁၆ မိနစ်ခန့်က တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တစ်ကောင်နှင့် တိုက်မိပြီး (Bird Strike) အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်ကာ မီးလောင်မှုဖြစ်ပွား၍ ပျက်ကျခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။



ဖြစ်စဉ်အတွင်း လေယာဉ်မှူးသည် လေယာဉ်၏ အနေအထားကို လူနေအိမ်များရှင်းလင်းသည့် အရပ်မျက်နှာဘက်သို့ ဦးတည်လှည့်ပေးခဲ့ပြီးနောက် အရေးပေါ်ထွက်ခွာသည့်စနစ် (Eject) ကို အသုံးပြု၍ လေယာဉ်ပေါ်မှ ခုန်ထွက်ခဲ့သဖြင့် လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟု ဆိုသည်။




လက်ရှိတွင် အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အပျက်အစီးများ စုဆောင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသော်လည်း ပျက်ကျသွားသည့် လေယာဉ်အမျိုးအစား အသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

19 hours ago | [YT] | 48

Democratic Press

မိဘနှစ်ပါးကို ဝက်အထင်ဖြင့် ဆေးကြောင်သူတစ်ဦးက ဓားနှင့်ခုတ်သတ်



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆



ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်တွင် ဇူလိုင်လ (၃၀) ရက်က မူးယစ်ဆေးဝါး သုံးစွဲထားသည့် သားဖြစ်သူက ဆေးကြောင်ကာ အသက် (၇၀) ကျော်နှင့် (၈၀) ကျော်အရွယ် မိဘနှစ်ပါးကို ဓားဖြင့် ခုတ်သတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် အသက် (၈၃) နှစ်နှင့် အသက် (၇၃) နှစ်အရွယ်ရှိ မိဘနှစ်ပါးစလုံး နေရာတွင်ပင် သေဆုံးသွားခဲ့ရပြီး၊ ပြစ်မှုကျူးလွန်သူ သားဖြစ်သူအား မိုးကောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးဥပဒေအပြင် လူသတ်မှုဆိုင်ရာ ပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။



အိမ်နီးနားချင်းများက အော်ဟစ်သံကြား၍ သွားရောက်ကြည့်ရှုချိန်တွင် မိဘနှစ်ပါးမှာ သေဆုံးနေပြီးဖြစ်ကြောင်းနှင့် သားဖြစ်သူသည် မူးယစ်ဆေးကြောင်ကာ မိဘနှစ်ပါးအား ဝက်အဖြစ် အထင်မှား၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်သို့ ပြန်လည်ပြောဆိုခဲ့သည်ဟု ဒေသခံ လူမှုကွန်ရက်အသုံးပြုသူများ၏ ပြောကြားချက်များအရ သိရသည်။



သေဆုံးသူ မိဘနှစ်ပါး၏ ရုပ်အလောင်းများကို ဇူလိုင်လ (၃၁) ရက် ညနေ (၃) နာရီအချိန်တွင် မိုးကောင်းဆေးရုံ ရင်ခွဲရုံမှတစ်ဆင့် ပေါက်ခေါင်ကွင်းသုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်လိုက်ပြီ ဖြစ်သည်။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

20 hours ago | [YT] | 45

Democratic Press

မသန်စွမ်းကလေးကို စစ်မှုထမ်းစာရင်းသွင်းသည့် ပုသိမ် ရှမ်းကွင်းကျေးရွာ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးမှူး



Democratic Press
ဩဂုတ် ၃၊ ၂၀၂၆



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဌေးဦးနှင့် ကျန်းမာရေးမှူး ဒေါ်သန္တာညိုတို့ ပူးပေါင်းကာ ပြည်သူများထံမှ မတရား ငွေကြေးကောက်ခံခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။



အုပ်ချုပ်ရေးမှူး ကျော်ဌေးဦးသည် စစ်မှုထမ်းရန် အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံမှ လူဦးရေအပေါ် မူတည်၍ တစ်လလျှင် ကျပ် ၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ အထိ မတရား ကောက်ခံနေခြင်း ဖြစ်သည်။ ထိုသို့ ငွေကြေးကောက်ခံသည့် သတင်းများ လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့သွားခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူးက ရွာသူရွာသားများကို ခြိမ်းခြောက်ကာ ဒဏ်ကြေးအဖြစ် တစ်အိမ်လျှင် ကျပ် ၂၀,၀၀၀ ထပ်မံ၍ မတရား အနိုင်ကျင့် ကောက်ခံခဲ့သည်။



ထို့အပြင် NLD အစိုးရလက်ထက်ကတည်းက တာဝန်ကျနေသည့် ကျေးရွာကျန်းမာရေးမှူး ဒေါ်သန္တာညိုသည် အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ NLD အစိုးရလက်ထက်ကတည်းက မသန်စွမ်းလက်မှတ် ရရှိထားသည့် ကလေးတစ်ဦးကိုပင် စစ်မှုထမ်းခေါ်ယူသည့် စာရင်းအတွင်း ထည့်သွင်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



ကျေးရွာ၏ တစ်ဦးတည်းသော ကျန်းမာရေးဝန်ထမ်းဖြစ်သည့် ဒေါ်သန္တာညိုသည် ရွာသားများ ကျန်းမာရေးမကောင်း၍ သွားရောက်ခေါ်ယူပါကလည်း ချက်ချင်း လိုက်လံကုသပေးခြင်းမရှိဘဲ ၂ ရက်၊ ၃ ရက်ကြာမှသာ လာရောက်လေ့ရှိသည်။ ရွာသားများက ဘေးကျေးရွာများမှ ကျန်းမာရေးဆရာမများကို ပံ့ပိုးကူညီပေးရန် ခေါ်ယူမှုကိုလည်း ခွင့်မပြုဘဲ ပိတ်ပင်ထားသည်။



ထို့ပြင် ကလေးငယ်များအတွက် ပေးအပ်သည့် ကာကွယ်ဆေးများကိုလည်း ဒေသခံရွာသားများအား အသိပေးခြင်းမရှိဘဲ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့် ဗိုလ်ကြီးများ၏ ဆွေမျိုးအသိုင်းအဝိုင်းများကိုသာ သီးသန့် ခွဲခြားထိုးနှံပေးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

20 hours ago | [YT] | 24

Democratic Press

ဒီးမောဆိုတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ၂ဦးအပါအဝင်အများအပြားသေဆုံးပြီး ထောက်လှမ်းရေး ၄ ဦး အရှင်မိ



Democratic Press
ဩဂုတ် ၂၊ ၂၀၂၆



ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ် ဒေါငံခါးကျေးရွာနှင့် ငွေတောင်မြို့ကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ရက်ဆက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦး အပါအဝင် စစ်သား အများအပြား သေဆုံးခဲ့သည့်အပြင် စစ်ထောက်လှမ်းရေး ၄ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။



ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်မှစတင်၍ ဒေါငံခါးကျေးရွာနှင့် ငွေတောင်မြို့ကြားသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ ဇူလိုင်လ ၃၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။



တိုက်ပွဲအတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်သည် နောက်ပြန်ဆုတ်ခွာသွားခဲ့ပြီး သေဆုံးသွားသည့် အရာရှိ ၂ ဦး၏ ရုပ်အလောင်းများကို ပြန်လည်သယ်ယူနိုင်ရန်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဂျက်ဖိုက်တာ ၃ စီး၊ ၁၂၂ မမ ဒုံးကျည်များဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ဩဂုတ်လ ၁ ရက်နေ့တွင်လည်း နမ့်စန်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ထို့ပြင် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဒီးမောဆိုမြို့အနီး "၅ မြောင်း" ခေါ် နေရာ၌ အရပ်သားအသွင်ယူ၍ ကင်းထောက်လာသည့် စစ်ကောင်စီ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို ဇူလိုင်လလယ်ပိုင်းကလည်း လွိုင်ကော်မြို့နယ် မှုပြာကျေးရွာအနီးတွင် ထောက်လှမ်းရေး ၃ ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ထောက်လှမ်းရေး ၄ ဦးကို အရှင်ဖမ်းဆီးထားနိုင်ခဲ့သည်။



စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့များသည် ဒီးမောဆို-လွိုင်ကော် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မြေပြင်တိုက်ပွဲများတွင် အထိနာနေသဖြင့် အရပ်သားကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်း၊ ဒရုန်းတို့ဖြင့် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။



ဩဂုတ်လ ၁ ရက်နေ့က နမ့်စန်လေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်သည် ဒီးမောဆိုမြို့နယ် အနောက်ခြမ်းရှိ နေရာတစ်ခုသို့ ပေါင် ၅၀၀ ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း အရပ်သား ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။



အလားတူ ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် အရှေ့ဘက် ဆင်စခန်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



#democraticprocess #WhathappeningMyanmar #RejectMilitaryCoupInMyanmar

1 day ago | [YT] | 171