Lu Htu Khit (လူထုခေတ်)



Lu Htu Khit (လူထုခေတ်)

မတ္တရာတွင် ဗိုလ်မှူးကျော်ဇေယျဦးဆောင်လာသည့် စစ်ကြောင်းတိုက်ခိုက်ခံရ၊စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

နိုဝင်ဘာ ၊ ၂၁၊၂၀၂၄။
လူထုခေတ်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဆောက်ခြုံပေါက်ရွာ၌ ဗိုလ်မှူးကျော်ဇေယျ ဦးဆောင်သည့် စစ်ကောင်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ သိမ်းဆည်းရမိကြောင်း အမှတ် ၁ စစ်ဒေသမှ ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင်ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့နယ်၊ဆောက်ခြုံပေါက်ရွာ၌ ဗိုလ်မှူးကျော်ဇေယျ(ခမရ-၇၀၁) ဦးဆောင်သည့် ခမရ(၇၀၁၊၇၀၂၊၇၀၃)မှစုပေါင်းအင်အား ၇၀ ကျော်ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းစစ်ကြောင်းသည် မန္တလေးခရိုင်၊အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀(အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)တွင် အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာမှတဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ Mi-35ဖြင့်ပစ်ခတ်ပြီး ဂျက်တိုက်လေယာဥ်ဖြင့် ၅ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲအတွင်းမှ MA-15 (ငါးကြင်းမြီး) နှင့်MA-10 (RPG) အပါ လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခုနှင့်ယူနီဖောင်း ၂ စုံတို့ကိုသိမ်းဆည်းရမိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် အမှတ်-၅၀၅တပ်ရင်း၊မန္တလေးခရိုင်(ပကဖ)၊မဟာအောင်မြေမြို့နယ်(ပကဖ)၊ချမ်းမြသာစည်မြို့နယ်(ပကဖ)နှင့်မတ္တရာ(ပကဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

#မန္တလေး #မတ္တရာ #တိုက်ပွဲ #စစ်ကောင်စီ #ပကဖ #PDF

10 months ago | [YT] | 14

Lu Htu Khit (လူထုခေတ်)

ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်း ရဲဘော်မင်းမင်းဇော် တော်လှန်ရေးနယ်မြေတစ်နေရာတွင် ကွယ်လွန်

နိုဝင်ဘာ၊ ၂၁ ၊ ၂၀၂၄။
လူထုခေတ်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်၊မအူပင်ခရိုင်ကျောင်းသားသမဂ္ဂ( အဖွဲ့ဝင်ဟောင်း) ရဲဘော်မင်းမင်းဇော် ယနေ့ (နိုဝင်ဘာ၊၂၁) နံနက်၁၀နာရီဝန်းကျင်တွင် ရှမ်းမြောက်တစ်နေရာ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးရွာတစ်ရွာတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေရင်း အသည်းအဆီဖုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ကိုမင်းမင်းဇော်က ကဗျာရေးသူတယောက်လဲဖြစ်လို့ ဝါသနာတူချင်း ကျနော်တို့ ငယ်ပေါင်းကြီးဖော်တွေလို ခဏလေးခင်မင်သွားခဲ့တယ်။ နောက်တော့ သူ ရန်ကုန်ကို တက်လာပြီး ဗကသရဲ့လုပ်ငန်းတွေကို ကျွန်တော်တို့နဲ့အတူ ဝိုင်းကူမယ်လို့ ဖုန်းဆက်ပြောလာတဲ့အခါ လာသာလာခဲ့ပါ၊ မရှိအတူ ရှိအတူ ရုန်းကန်ကြတာပေါ့လို့ ပြန်ပြောခဲ့တယ်။ သိပ်မကြာပါဘူး။ သန်လျင်မှာ ကျွန်တော်ဖွင့်ထားတဲ့ အိုးဝေပညာဒါနကျောင်းကို မနက်အစောကြီး ကျောပိုးအိတ်လေးတလုံးနဲ့ ရောက်လာခဲ့တယ်။ အဲဒီတုန်းက သန်လျင် မြို့မလမ်းမှာ အိမ်ငှားပြီးဖွင့်ထားတဲ့ အိုးဝေကျောင်းမှာ ကျွန်တော်တို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့အတူ ဗကသရဲ့အလုပ်တာဝန်တွေကို ငတ်တလှည့်ပြတ်တလှည့်နဲ့ ထမ်းဆောင်ရင်း အတူရုန်းကန်ခဲ့ကြတာတွေက အမှတ်ရစရာတွေပါ”ဟု ဗကသများအဖွဲ့ချုပ်(အတွင်းရေးမှူးဟောင်း)ကိုမင်းသွေးသစ်က ပြောသည်။

ရဲဘော်မင်းမင်းဇော်သည် ၂၀၁၂ ခုနှစ်မှစ၍ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဒီမိုကရေစီပညာရေး၊အလုပ်သမားရေး၊လယ်သမားရေးနှင့်ငြိမ်းချမ်းရေးတိုက်ပွဲများတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

“မင်းဇော်နဲ့ကျနော်တို့က ဗကသမှာ သဲကုန်းမြို့နယ်၊အောင်ကုန်း လယ်သမားတိုက်ပွဲကနေစပြီး ၂၀၁၅ ကျောင်းသပိတ်အလယ် ၂၀၂၁ နွေဦးတော်လှန်ရေးထိ အတူလက်တွဲလာခဲ့ကြတာ။သူက ပန်းချီလည်းဖြစ်တယ်။ကဗျာလည်းရေးတယ်။ဘယ်အရာဖြစ်ဖြစ် တက်တက်ကြွကြွလုပ်လေ့ရှိတယ်။မခိုမကပ်ဘူး။အနစ်နာခံတယ်။သူ့ရဲ့နောက်ဆုံးထွက်သက်ထိ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ဗကသကို ချစ်တဲ့စိတ်က တော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ကျနော်ယုံတယ်”ဟု ပဲခူးတိုင်းအနောက်ခြမ်း(ဗကသ)အဖွဲ့ဝင်ဟောင်းတစ်ဦးက ဆိုသည်။

၂၀၁၅ ခုနှစ် ဒီမိုကရေစီပညာရေးသပိတ်ခရီးရှည်ချီတက်တိုက်ပွဲတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မတ်လ ၁၀ ရက်နေ့ ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်တွင် သပိတ်မှောက်ကျောင်းသားများအား စစ်တပိုင်း သိန်းစိန်အစိုးရမှ ရိုက်နှက်ဖြိုခွင်းရာတွင် ရက်ရက်စက်စက်ရိုက်နှက်ခံရပြီး သာယာဝတီအကျဥ်းထောင်တွင် ၁ နှစ်ကျော် အကျဥ်းကျခံရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးလည်းဖြစ်သည်။

“ကိုမင်းဇော်က သူ့မင်္ဂလာဆောင်ဖိတ်စာမှာတောင် အမျိုးသမီး အမည်ကို ရှေ့ကထည့်တာ။ ဒါက အစဥ်လာကို ရိုက်ချိုးပြီး ဖိုဝါဒကြီးစိုးရေးဆိုတာကိုပါ ဆန့်ကျင်တဲ့သူ။ နောက်ထပ်ထူးခြားတာက မင်္ဂလာဆောင်က ရတဲ့လက်ဖွဲ့ငွေတွေကို မိဘမဲ့ကျောင်းကို အကုန်လှူပစ်ခဲ့တာ။ အဲ့လို လူမျိုးဗျာ။ခုလို ဆုံးပါးသွားတာသိရတော့ ပြောပြမတတ်အောင်ပါပဲ”ဟု ရဲဘော်မင်းမင်းဇော်၏ အမှုတွဲဖြစ်သူတစ်ဦးက ပြောသည်။

ရဲဘော်မင်းမင်းဇော် ကွယ်လွန်ချိန်တွင် ဇနီးနှင့် ၆နှစ်ဝန်းကျင် သားလေးတစ်ဦးကျန်ရှိခဲ့ကြောင်း သိရသည်။

ပုံစာ - ရဲဘော်မင်းမင်းဇော်(ပုံဟောင်း)

#ရဲဘော်မင်းမင်းဇော် #ဗကသ

10 months ago | [YT] | 5

Lu Htu Khit (လူထုခေတ်)

ဘုတလင်မြို့နယ်၊ကူတော်နယ်မြေရဲစခန်းမှ ပြန်လာသည့် ဘီလူးစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု စစ်သား ၃၁ ဦးသေဆုံးပြီး စစ်ဗိုလ်တစ်ဦးအပါ ၄၂ ဦးလက်နက်နှင့်အတူ အရှင်ဖမ်းမိ

နိုဝင်ဘာ၊ ၁၊ ၂၀၂၄။
လူထုခေတ်

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှ ပြန်လာသည့် ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၁ ဦးသေဆုံးကာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၄၂ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၇၀ ကျော်သိမ်းဆည်းရမိကြောင်း ဘုတလင် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ဘုတလင်မြို့နယ်၊ကူတော်ရဲစခန်းမှ မုံရွာမြို့ဘက်သို့ပြန်လာသည့် အင်အား ၈၇ ဦးပါစစ်ကောင်စီစစ်ကြောင်းကို စီပါးကျေးရွာနှင့်အုတ်ကျင်းကျေးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က စီပါကျေးရွာ အုတ်ကျင်းနားမှာ တိုက်ပွဲဖြစ်တာ။ကူတော်ကနေ ဘုတလင်ကိုပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို ဝိုင်းတိုက်တာ ။စစ်ဗိုလ်တစ်ဦးအပါအဝင်ကို အရှင်ဖမ်းမိတာ အတော်များတယ်။လေယာဥ်နဲ့လည်း ၉ ကြိမ်လောက်ပစ်ခတ်ခံရတယ်”ဟုဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဘုတလင်မြို့နယ်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းတိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းရှိကြောင်းသိရသည်။

“ဘီလူစစ်ကြောင်းဆိုတာ ဒါလားကွ။တစ်ကြောင်းလုံးကို သုတ်တာ”ဟု Special Regional Attacks Forces-Monywa မှ နာရွမ့်ဆန်ကဆိုသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၂၀ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဘုတလင်မြို့နယ်၊ကူတော်ရွာရဲစခန်းသို့ စစ်ကူသွားကာ ဘုတလင်မြို့သို့ ပြန်လာသည့် စစ်ကြောင်းဖြစ်ကြောင်းသိရသည်။

ပုံစာ - ဘုတလင်တိုက်ပွဲတွင် ဖမ်းစီးရမိသည့် စစ်ကောင်စီ တပ်သားများ

#စစ်ကိုင်း #ဘုတလင် #ဘီလူးစစ်ကြောင်း #တိုက်ပွဲ #PDF

1 year ago | [YT] | 18

Lu Htu Khit (လူထုခေတ်)

စစ်ကောင်စီ၏ ဖိတ်ခေါ်မှုသည် နိုင်ငံရေးအမြတ်ထုတ်မှုဟု IEC ဆို၊ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်

စက်တင်ဘာ ၊၂၈ ၊ ၂၀၂၄။
လူထုခေတ်

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ မတရားလုပ်ဆောင်မှုများအား တားမြစ်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ဆိုသည်။

နိုင်ငံရေး ပြသနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို IECက ယင်းသို့တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကမ်းလှမ်းလာတဲ့အပေါ် ကျနော့် သဘောထားကတော့ IECက ထုတ်ပြန်တဲ့အတိုင်းပါပဲ”ဟု ကရင်နီပြည်ကြားကာလချုပ်ရေးကောင်စီ(IEC)မှ ဒုတိယဥက္ကဌ ခွန်းဘီထူးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ လူထုထံမှ အာဏာသိမ်းယူကာ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း စစ်ဘေးရှောင်စခန်း၊စာသင်ကျောင်း၊ပြည်သူ့ဆေးရုံ၊ဘာသာရေးအဆောက်အအုံနှင့်ပြည်သူလူထု အိုး အိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့ ကျူးလွန်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူအမြောက်အမြား သေဆုံးခဲ့ ကြောင်းလည်း IEC က ယနေ့(စက်တင်ဘာ၂၈ရက်)ထုတ်ပြန်လိုက်သော “တရားမဝင်အာဏာသိမ်း စစ်တပ်၏ ဖိတ်ခေါ်ချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်” တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်သည် လက်ရှိနိုင်ငံရေးအကျပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုသာ ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ဆိုသည်။

ပုံစာ - ၂၀၂၃၊ ဇွန် ၆ ရက်နေ့က ဖွဲ့စည်းးခဲ့သည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (ပုံဟောင်း)

#ကရင်နီ #IEC #စစ်ကောင်စီ #နိုင်ငံရေး #အမြတ်ထုတ်မှု

1 year ago | [YT] | 23

Lu Htu Khit (လူထုခေတ်)

စစ်ကောင်စီ၏ ဖိတ်ခေါ်မှုသည် MDY-PDF၏ တော်လှန်ရေးလမ်းကြောင်းပြောင်းလဲမည် မဟုတ်ဟုဆို

စက်တင်ဘာ၊ ၂၇၊ ၂၀၂၄။
လူထုခေတ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တော်လှန်ရေးလမ်းကြောင်းအပေါ် ဆုံးခန်းတိုင်အောင်ဆက်လျှောက်သွားမည်ဖြစ်ကြောင်း MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ထံမှ သိရသည်။

နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက် ရွာစဥ်လှည့်မီးရှို့နေသည့် စစ်ကောင်စီတပ်မှ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြရန် စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်သံမှ စက်တင်ဘာ ၂၆ ရက်န့ညပိုင်းတွင်ထုတ်ပြန်သည်။

“စစ်ကောင်စီဘက်က ခုလိုဖိတ်ခေါ်မှုတွေဟာ ကျနော်တို့လျှောက်နေတဲ့လမ်းကို တစ်စုံတစ်ရာ ထိခိုက်မှု၊ပြောင်းလဲမှု ရှိမှာမဟုတ်ပါဘူးခင်မျာ။ကျနော်တို့ဘက်ကတော့ လျှောက်နေတဲ့လမ်းကို တစိုက်မတ်မတ်ပဲ ဆုံးခန်းတိုင်ထိတဲ့အထိ ဆက်လျှောက်သွားဖို့ရှိပါတယ်ခင်မျ”ဟု MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က လူထုခေတ်ကို ပြောသည်။

နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းလမ်းနှင့်မဖြေရှင်းရှင်းပဲ လက်နက်ကိုင်လမ်စဥ်ကို ရွေးချယ်ခဲ့သည့် လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများကြောင့် နိုင်ငံတော်အတွင်း အခြေခံအဆောက်အဦများ၊ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေကြောင်းလည်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၆ ရက်နေ့တွင် PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖိတ်ခေါ်ခဲ့သော်လည်း ယနေ့(စက်တင်ဘာ၊၂၇)နံနက် ၃ နာရီ ၃၄ မိနစ်မှ ၃ နာရီ ၄၅ မိနစ်အတွင်း လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၆ ဦးထက်မနည်းဒဏ်ရာရရှိပြီး နေအိမ်၊အဆောက်အဦများစွာပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးမှ ရဲဘော်များ(ပုံဟောင်း)

1 year ago | [YT] | 41

Lu Htu Khit (လူထုခေတ်)

MNDAA အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်သာ လုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံမှ ခွဲထွက်ခြင်းပြုမည်မဟုတ်ဟု ဆို

စက်တင်ဘာ၊ ၁၉ ၊၂၀၂၄။
လူထုခေတ်

MNDAA အနေဖြင့် NUG နှင့်စစ်ရေး၊နိုင်ငံရေးအရ ပူးပေါင်းခြင်း၊စစ်မြေပြင်များချဲ့ထွင်ခြင်း၊မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၊၁၈ရက်နေ့က ထုတ်ပြန်သည်။

MNDAA၏ ထုတ်ပြန်ချက်ကို တရုတ်ဘာသာဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့က ခေတ္တဖော်ပြခဲ့ပြီးနောက် ပြန်လည်ဖြုတ်ချသွားကာ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းမှ ပြန်လည်ဖော်ပြလာခြင်းဖြစ်ကြောင်းသိရသည်။

“MNDAAရဲ့ထုတ်ပြန်ကြေညာဟာ ကျနော်အနေနဲ့တော့ ရိုးရိုးရှင်းရှင်းဘဲမြင်ပါတယ်။ MNDAကသူရဲ့နိုင်ငံရေးရည်မှန်းချက်ကို သတ္တိရှိရှိထုတ်ပြောတာပါ။ ခုလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ သူတို့ရည်မှန်းချက်ကတော့ ဘယ်တူနိုင်ပါ့မလဲ။ဘာကြောင့်လဲဆိုတော့ ကိုးကန့်အဖွဲ့MNDAAဟာ နွေဦးတော်လှန်ရေးမပေါ်ခင်ကတည်းကစပြီး သူတို့အမျိုးသားရေးရပ်တည်ချက်နဲ့ နိုင်ငံရေးရည်မှန်းချက်ကို စွဲကိုင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်လာတာကြောင့်ပါ။ဒါကြောင့် ခုလက်ရှိမြန်မာနိုင်ငံနေရာအနှံ့မှာလည်း လက်နက်တပ်ဖွဲ့တွေများစွာဟာ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတာတွေ့မြင်ရပါတယ်။ နွေဦးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အများစုမှာ အစုအဖွဲ့အချင်းတစ်ခုချင်းဆီမှာလည်း နိုင်ငံရေးရပ်တည်ချက် မူဝါဒတွေရှိတာတွေ့ရပါတယ်။ဒီချိန်မှာ MNDAAအဖွဲ့အနေနဲ့ NUGနဲ့ပူးပေါင်းသည်ဖြစ်စေ မပူးပေါင်းသည်ဖြစ်စေ နွေဦးတော်လှန်ရေးရဲ့တပ်ဦးလိုဖြစ်နေတဲ့ NUGအစိုးရဟာ လူထုကို မျက်နှာ မူပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ပြီး နွေဦးတော်လှန်ရေးအရွေ့တစ်ခုကိုရောက်အောင် သွားနိုင်ဖ်ို့ကြိုးစားအားထုတ်ချိန်တန်နေပြီဆိုတာကို ခေါင်းဆောင်ပိုင်းတွေအနေနဲ့သဘောပေါက်ဖို့လိုပါတယ်”ဟု ရှမ်းမြောက်အခြေစိုက် PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းနိုင်ကပြောသည်။

စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရေး ဟူသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝ ပြောင်းလဲမည်မဟုတ်သလို နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊လွတ်လပ်ရေးရယူပြီး နိုင်ငံတော် အသစ်ထူထောင်ခြင်းတို့ကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ဆိုသည်။

“NUGဟာ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကို ပေါင်းစည်းပေးန်ိုင်တဲ့ မိသားစုအိမ်ကြီးသဖွယ် ဖြစ်လာပြီး နွေဦးတော်လှန်ရေးလက်နက်တပ်ဖွဲ့တွေအားလုံးကလည်း တစ်စုတစ်စည်းထဲ တစ်ညီတညွတ်ထဲ စုပေါင်းပြီး စစ်အာဏာရှင်စနစ်ကို လူထုအင်အားနဲ့ ချေမှုန်းပြသရမည့်အချိန်ပါဘဲ။တော်လှန်ရေးခရီးကကြာလေလေ ပြည်သူလူထုဘဲဝန်ထုပ်ဝန်ပိုးပိုပိလေပါဘဲ...ပြည်သူလူထုရဲ့ရပ်တည်ချက် ပြည်သူလူထုရဲ့ ခိုင်မာစွာအားပေးမှုတွေကြောင့်လည်း စစ်အာဏာရှင်စနစ်က မြန်မာ့မြေပေါ်ကနေချုပ်ငြ်ိမ်းဖို့အတွက် ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပါဘဲ..ဒီအချိန်အခါကို အကောင်းဆုံးအသုံးချတတ်ပြီး ပြည်သူလူထုမျော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်အဖြစ်ထူထောင်နိုင်ဖို့ အားလုံးကြိုးစားကြပါလို့ပဲ ပြောပါရစေခင်ဗျာ “ဟု ကိုစစ်ငြိမ်းနိုင်က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံကြောင်း၊ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဥ်ဖြင့် အဖြေရှာသွားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊သိန္နီ၊ချင်းရွှေဟော၊ကွမ်းလုံ အပါအဝင်မြို့ကြီးအချို့ကို သိမ်းယူထားပြီးဖြစ်သည်။

#ရှမ်းမြောက် #MNDAA #NUG

1 year ago | [YT] | 8

Lu Htu Khit (လူထုခေတ်)

NUGနှင့်ABSDF ကဏ္ဍ ၄ ရပ်သဘောတူကြောင်း နားလည်မှုစာချွန်လွှာ ချုပ်ဆို

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၄။
လူထုခေတ်

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး၊စစ်ရေး၊လူထုစည်းရုံးရေးနှင့် ဘဏ္ဏာရေးကဏ္ဍများမှာ ပူးပေါင်းလုပ်ဆောင်ကြရန် ကတိကဝတ်ပြုခဲ့ကြောင်းသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား အပြန်အလှန်နားလည်မှုစာချွန်လွှာ ချုပ်ဆိုမှုကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

“ခုလို ပူးပေါင်းတာက ပိုပြီး စနစ်ကျဖြစ်လာမယ်။လက်ရှိ နိုင်ငံရေး၊စစ်ရေးလုပ်ငန်းတွေလည်း အရှိန်အဟုန်မြင့် ပိုဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ရဲဘော်ကျော်ကျော်လင်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေး ဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင် မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်း ရေးလုပ်ငန်းများတွင် အတူတကွ လက်တွဲ တိုက် ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ နားလည်မှု စာချွန်လွှာ ချုပ်ဆိုသည့်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်းသိရသည်။

ထို့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဘက်ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ရဲဘော် ရဲထွတ်(ခ)လှဌေး ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ နယ်မြေ အသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

#NUG #ABSDF #နားလည်မှုစာချွန်လွှာ

1 year ago | [YT] | 12

Lu Htu Khit (လူထုခေတ်)

ချင်းကာကွယ်ရေးတပ် -အရှို၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၅) သင်တန်းဆင်းပွဲ ကျင်းပ

စက်တင်ဘာ၊ ၈၊ ၂၀၂၄။
လူထုခေတ်

မကွေးတိုင်းအခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှိုနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု ( PRA - Magway )တို့မှ ပူပေါင်း၍ ဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနားကို CDF - Asho နောက်တန်းဌာနချုပ်၌ စက်တင်ဘာလ၊ ၃ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း Chin Defense Force-Asho မှထုတ်ပြန်သည်။

အဆိုပါ သင်တန်းသည် အချိန် ၃ လကျော် ကြာမြင့်ခဲ့ပြီး အခက်အခဲများကြားမှ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော သင်တန်းသူ၊သင်တန်းသားများနှင့် သင်တန်းဆင်းပွဲကာလအထိ ကြိုးစားအားစိုက်ခဲ့ကြသော သင်တန်းဆရာ၊ဆရာမများ၊ လုံခြုံရေးရဲဘော်နှင့်လုံခြုံရေးစစ်မေများအားလုံးအား လေးစားဂုဏ်ပြုကြောင်း ဆိုသည်။

#အခြေခံစစ်ပညာသင်တန်း #ချင်း #အရှို

1 year ago | [YT] | 10

Lu Htu Khit (လူထုခေတ်)

KNDFတွင် Funny Salai တာဝန်ထမ်းဆောင်

ဩဂုတ်၊၃၀၊၂၀၂၄။
လူထုခေတ်

Tiktok တွင်ဟာသ Video များ ရိုက်ကူးတင်ဆက်နေသည့် Facebook Celeတစ်ဦးဖြစ်သူ Funny Salaiသည် KNDFတွင် တာဝန်ထမ်းဆောင်နေကြောင်းသိရသည်။

Funny Salaiသည် ၂၀၂၁ခုနှစ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့‌ေသာကြောင့် ဖမ်းဆီးခံခဲ့ရသေးသည်။

#KNDF #cele

1 year ago | [YT] | 12

Lu Htu Khit (လူထုခေတ်)

နွားထိုးကြီး၊ကုက္ကိုလ်သီးရွာ စစ်တပ်စခန်းကို PDF က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်ကြီးဝေဖြိုးသူနှင့်တပ်သား ၁ ဦးအရှင်ဖမ်းမိပြီး စစ်သား ၅ ဦးသေဆုံး

ဩဂုတ်၊ ၃၀၊ ၂၀၂၄။
လူထုခေတ်

မန္တလေးတိုင်း၊နွားထိုးကြီးနယ်ကုက္ကိုသီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော စကစ များကို မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်းနွားထိုးကြီး-PDFမှဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၁ ဦးအရှင်ဖမ်းဆီးမိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း-၄ NPDF မှထုတ်ပြန်သည်။

သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှ ၃ နာရီထိ နွားထိုးကြီးမြို့နယ်၊ကုက္ကိုလ်သီးကျေးရွာရှိ အင်အား ၁၅ ဦးဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က မနေ့က ၄နာရီခွဲဝန်းကျင်လောက်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့အနောက်ဘက် ၁ မိုင်ခန့်အကွာမှာ အမြန်လမ်းစောင့်စစ်ကောင်စီဂိတ်စခန်းကို မိနစ် ၂၀လောက်ဝင်တိုက်တာပါ။စခန်းကိုလည်း သိမ်းဆည်းရမိတယ်။၅ ဦးသေတယ်။တပ်မ ၉၉ က ဗိုလ်ကြီးနဲ့ တပ်သား ၁ ဦးအရှင်မိတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း-၄ NPDF မှ တာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း တပ်မ(၉၉)မှဗိုလ်ကြီးဝေဖြိုးသူနှင့်တပ်သားတစ်ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာသေနတ်(၇)လက်နှင့်လက်နက်ခဲယမ်းအချို့လဲသိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

“လေကြောင်းတိုက်ခံရမှာသိလို့ စခန်းက ကောင်တွေက ဘယ်ပြေးလည်းဆိုတာတော့ မသိရဘူး။အကုန်ရှောင်ပြေးကုန်ကြတယ်လို့တော့ ကျနော်တို့သိရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါတိုက်ပွဲတိုက်ခိုက်အပြီး မွန်းခွဲ ၃ နာရီခန့်အကြာမှ ညနေ ၆နာရီ ခွဲထိ တံတားဦးလေဆိပ်မှ ဆူးရစ်ကုန်းကျေးရွာကို ဝေဟင်မှဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်လက်နက်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ကုက္ကိုသီးကျေးရွာဗုံးကြဲတိုက်ခိုက်ခံရကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် ဆူးရစ်ကုန်းရွာမှနေအိမ်တစ်လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်ခိုက်မှု မြင်းခြံခရိုင်တပ်ရင်း-၄ NPDF နှင့်မြင်းခြံခရိုင်တပ်ရင်း-၁၀ တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

#မန္တလေးတိုင်း #နွားထိုးကြီး #ကုက္ကိုလ်သီး #စစ်ကောင်စီစခန်း #NPDF #တပ်ရင်း-၄ #တပ်ရင်း-၁၁ #စစ်ကောင်စီ #စခန်းသိမ်း

1 year ago | [YT] | 8