ဓမ္မ ဒေသနာ



ဓမ္မ ဒေသနာ

သားသမီးဝတ်ငါးပါး

(၁) မိဘနှစ်ပါးအားလုပ်ကျွေး မွေးမြူရမည်။
(၂) မိဘတို့၏ အလုပ်အကိုင်အမှုကိစ္စကို ကောင်းစွာ ဆောင်ရွက်စီမံရမည်။
(၃) မိမိ အမျိုးအနွယ်ကို ရှည်မြင့်စွာ တည်အောင် စောင့်ရှောက်ရမည်။
(၄) မိဘတို့ အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာ ပြုဆောင်ကျင့်ရမည်။ (အမွေခံထိုက်သူ ဖြစ်ရမည်။)
(၅) မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အား ရည်ညွန်း၍ လှူဒါန်းပေးကမ်း အမျှပေးဝေရမည်။

လင်္ကာ -
"ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။"

----------------

Credit to original uploaders

10 months ago | [YT] | 27

ဓမ္မ ဒေသနာ

ဝိပဿနာ ချမ်းသာ

ဝိပဿနာ အားထုတ်တဲ့ အလုပ်ဟာ နိဗ္ဗာန် လိုချင်သူ တွေသာ လုပ်ရမယ့်အလုပ် မဟုတ်ပါဘူး။
စိတ်ချမ်းသာ လိုသူတိုင်း လုပ်ရမယ့်အလုပ် ဖြစ်ပါတယ်။
ဘာလို့လဲ ဆိုတော့ ဝိပဿနာ အားထုတ်တဲ့ အလုပ်ဟာ အဆင်မြင့်တဲ့ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်လို့ပါပဲ။ ဝိပဿနာ ချမ်းသာဟာ လောကီချမ်းသာတွေထဲမှာ အဆင့်အမြင့်ဆုံး ချမ်းသာ ဖြစ်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)။

----------------

Credit to original uploaders

10 months ago | [YT] | 43

ဓမ္မ ဒေသနာ

"အနိစ္စသညာ"

အနိစ္စဆိုတာကတော့
လူတိုင်း ရင်းနှီးပါတယ်ဆိုတာ မတည်မြဲတာ။
အဲဒီ မတည်မြဲမှုတွေကို စဉ်းစားဆင်ခြင်ရင်
ကောင်းတာတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်တယ်။
ကောင်းတာတွေကြောင့် လောဘ မဖြစ်နိုင်ဘူး။
သဘာဝတရားရဲ့ သဘောအမှန်ကို
အနှစ်ချုပ်အနေနဲ့ နားလည်ရမှာက
ဘာပဲဖြစ်ဖြစ် တည်မြဲမနေဘူးဆိုတဲ့ အချက်ပဲ။
"ယံ ကိဉ္စ သမုဒယဓမ္မံ သံ တံ နိရောဓ ဓမ္မန္တိ" -
ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေဟာ
အကုန်လုံး ချုပ်ပျောက်သွားတယ်။
အဲဒါကို နားလည်ပြီး နေလို့ရှိရင်
ဒါ အနိစ္စသညာကို သိပြီးတော့ နေသူလို့ ဆိုနိုင်တယ်။

ဒီခန္ဓာမှာ ဖြစ်လာတဲ့ အရာတွေဟာ
ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် မရှိတော့ဘူး။
နောက်ထပ် ထပ်ဖြစ်ပြန်တယ်။
ဖြစ်ပြီးရင် မရှိတော့ပြန်ဘူး။
ကောင်းတာဖြစ်လည်း ပြီးသွားတာပဲ။
ဆိုးတာဖြစ်လည်း ပြီးသွားတာပဲ။
ကောင်းကောင်းဆိုးဆိုး အကုန်လုံး ပျောက်ကွယ်သွားကြတာချည်းပဲ။

အားလုံးဟာ အခိုက်အတန့်မျှပဲလို့ အနိစ္စတရားကို
စဉ်းစားလို့ရှိရင် ကောင်းတဲ့ လောကဓံတရားတွေ
ကောင်းတဲ့ အခြေအနေတွေလို့ လူသာမန်တွေ
ထင်ထားတဲ့ အရာတွေကို
မက်မောမူ လောဘနဲ့ တုန့်ပြန်စရာ အကြောင်း မရှိဘူး။

သစ္စာရွှေစည်ဆရာတော်
ခန္တီပါရမီ တရားတော်မှ

-----------------------------

Credit to original uploaders

10 months ago | [YT] | 26

ဓမ္မ ဒေသနာ

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း
=======================
(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင်
မေတ္တာပို့ရတာ အဆင်မပြေပါဘူး။
ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။
၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာ၀နာပွါးလိုက်ပါ။ ဒါဆို အသုဘဘာ၀နာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာ၀နာပွါးရတာ
အိပ်ယာထဆိုတော့
အသုဘရဲ့လက္ခဏာတွေ
ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။
အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။
မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရားလို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။
ဒါဆို မျက်နှာသစ်ရင်း ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ စာဖတ်သူအပေါင်းတို့ရေ
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။
( ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)၏ "ရင်ထဲက အရဟံ" စာအုပ်မှ )

Credit to original uploaders

10 months ago | [YT] | 39

ဓမ္မ ဒေသနာ

သူတော်ကောင်း လက္ခဏာ(၅)ပါး

(၁) မိမိအပေါ်ပြုဖူးသော သူတစ်ပါး၏ ကျေးဇူးကိုသိခြင်း။
(၂) ထိုကျေးဇူးကိုလည်း တစ်ဖန်ပြန်လည် ပေးဆပ်ခြင်း။
(၃) မိတ်ကောင်းဆွေကောင်း ဆရာကောင်း ရှိခြင်း။
(၄) ထို မိတ်ကောင်းဆွေကောင်း ဆရာကောင်း ကို စွဲမြဲစွာ မှီဝဲဆည်းကပ်နည်းယူခြင်း။
(၅) ဆင်းရဲဒုက္ခရောက်နေကြရသော ပုဂ္ဂိုလ်တို့အား ကြင်ကြင်နာနာ ပြုစုစောင့်‌ရှောက်ခြင်း။
ဤအချက်များနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို သူတော်ကောင်းဟူ၍ ဘုရားအစရှိသော သူတော်သူမြတ်တို့သည် ချီးမွမ်းမြွက်ဆိုတော်မူကြလေကုန်၏။

လင်္ကာ -
"ကျေးဇူးသိတတ် ကျေးဇူးဆပ်
မိတ်မြတ်မိတ်ကောင်း ရှိပါစေ။
မိတ်ကောင်းကိုပဲ အသဲစွဲ
မှီဝဲဆည်းကပ် နည်းယူစေ။
ဒုက္ခရောက်သူ ကြုံတွေ့မူ
ယုယုယုယ ပြုစုလေ
သူတော်ကောင်းလက္ခဏာ ဤငါးဖြာ
ကိုယ့်မှာပြည့်ဝ ဖြည့်ကြလေ။"

ပါဠိတော် -
"ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ၊
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ"

--------------------

Credit to original uploaders

10 months ago | [YT] | 17

ဓမ္မ ဒေသနာ

ဝန္ဒနာပဏာမ အာသီသ ဘုရားရှိခိုး ဂါထာတော်

"ယော ကပ္ပကောဋီဟိ ပိ အပ္ပမေယျံ
ကာလံ ကရောန္တော အတိဒုက္ကရာနိ၊
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာ ကာရုဏိကဿ တဿ။"

ယော နာထော - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွါး လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထ မည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်
ကပ္ပကောဋိဟိပိ - ကုဋေကမ္ဘာအရေအတွက် သင်္ချာတို့ဖြင့်သော်လည်း
အပ္ပမေယျာ - ရေတွက်တိုင်းတာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါသော
ကာလံ - လေးအသင်္ချေ သိန်းနေ ကမ္ဘာ ရှည်ကြာသောကာလပတ်လုံး
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ
အတိဒုက္ကရာနိ - ဥစ္စာ အသက် ခြေလက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ် အစု အလွန်ခဲယဉ်းသော အမှုတို့ကို
ကရောန္တော - ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍
ခေဒံ - လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ပင်ပန်းခြင်းသို့
ဂတော - ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ။
မဟာကာရုဏီကဿ - သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင်ဖြစ်တော်မူသော
တဿနာထဿ - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား
နမော - ရိုသေပြောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်
အတ္ထုဘဝတု - စင်စစ်မသွေဖြစ်ပါစေသတည်း။

သာဓု သာဓု သာဓု 🙏🙏🙏

ပါချုပ်ဆရာတော်ဘုရားကြီး

---------------------

Credit to original writers and uploaders

10 months ago | [YT] | 22

ဓမ္မ ဒေသနာ

"ပဇာသဗ္ဗာ သုဿယန္တု ဝုဌဟန္တု သုမင်္ဂလာ
ဒူသေန္တု ဒုဂ္ဂတိံဂါမိံ၊ ပူရေန္တု သဗ္ဗပါရမီ။"

ပဇာသဗ္ဗာ - ကိုယ်စီကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည်၊
သုသယန္တု - အိမ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။
သုမင်္ဂလာ - မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊
ဝုဌဟန္တု - ကောင်းစွာမိုးသောက် အလင်းရောက်လျှက် ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။
ဒုဂ္ဂတိဂါမိံ - အပါယ်ယ် ဒုဂ္ဂတိရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးတွေကို
ဒူသေန္တု - သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။
သဗ္ဗပါရမိံ - အလောင်းအအလျာတို့ ဖြည့်ကောင်းရသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်းအကျင့်ကောင်းကို
ပူရေန္တု - တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု 🙏🙏🙏

---------------------

Credit to original writers and uploaders

10 months ago | [YT] | 15

ဓမ္မ ဒေသနာ

မေတ္တာအကျိုး (၁၁) မျိုး

မေတ္တာဘာဝနာကို ကြိမ်ဖန်များစွာ ပွားများအားထုတ်သော ပုဂ္ဂိုလ်အား ရရှိနိုင်သော အကျိုးတရား (၁၁)ပါး

(၁) သုခံ သုပတိ - ချမ်းသာစွာ အိပ်စက်ရခြင်း။
(၂) သုခံ ပဋိဗုဇ္ဈတိ - ချမ်းသာစွာ နိုးထရခြင်း။
(၃) န ပါပကံ သုပိနံ ပဿတိ - အိပ်မက်ဆိုးများ မမြင်မက်ခြင်း။
(၄) မနုဿာနံ ပိယော ဟောတိ - လူတို့ ချစ်ခင်ကြခြင်း။
(၅) အမနုဿာနံ ပိယောဟောတိ - နတ်တို့ ချစ်ခင်ကြခြင်း။
(၆) ဒေဝတာ ရက္ခန္တိ - နတ်တို့၏စောင့်ရှောက်မှုကို ခံရခြင်း။
(၇) နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္တံ ဝါ ကမတိ - မီး၊ အဆိပ်၊ ဓား လက်နက် စသော အန္တရာယ်များ မကျရောက်နိုင်ခြင်း။
(၈) တုဝဋံ စိတ္တံ သမာဓိယတိ- လျင်မြန်စွာ စိတ်၏ တည်ကြည်မှုကို ရရှိခြင်း။
(၉) မုခဝဏ္ဏော ဝိပ္ပသီဒတိ- ကြည်လင်ရွှင်ပြသော မျက်နှာရှိခြင်း။
(၁၀) အသမ္မုဠှော - မတွေဝေပဲ သေရခြင်း။
(၁၁) ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလောကူပဂေါ ဟောတိ - အရဟတ္တမဂ်ဖိုလ် မရသေး၍ မေတ္တာစျာန်ဖြင့် သေလျှင် ဗြဟ္မာ့ပြည်သို့ လားရောက်ရခြင်း။
လင်္ကာ -
အိပ်, နိုး ချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက်လူနတ်၊ စောင့်လတ်နတ်များ၊
မမီး-ဆိပ်-ဓားတို့ ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။
(မဟာစည်ဆရာတော်ဘုရားကြီး)
------------

Credit to original uploaders

10 months ago | [YT] | 18

ဓမ္မ ဒေသနာ

၃၈ ဖြာ မင်္ဂလာ
---------------
မင်္ဂလာ ဆိုသည်မှာ - အောင်မြင်ခြင်း၏ အကြောင်း၊ တိုးတက်ခြင်း၏ အကြောင်း၊ ချမ်းသာခြင်း၏ အကြောင်းတို့ကို မင်္ဂလာဟု ခေါ်သည်။

၁။ အသေ၀နာ စ ဗာလာနံ = လူမိုက်တို့နှင့်မပေါင်းသင်း မဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၂။ ပဏ္ဍိတာနဉ္စ သေ၀နံ ပညာရှိသူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းသင်းဆက်ဆံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၃။ ပူဇာ စ ပူဇနေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၄။ ပတိရူပဒေသဝါသော စ= သင့်လျှော်လျှောက်ပတ်သောအရပ်ဒေသမှာ နေထိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၅။ ပုဗ္ဗေ စ ကတပုညတာ =ရှေ့အခါက ကြိုတင်ကောင်းမှုပြုလုပ်ထားပြီးခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါး ဖြစ်သည်။

၆။ အတ္တသမ္မာပဏိဓိ စ = မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်နိုင်ခြင်းသည် မြင့်မြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၇။ ဗာဟုသစ္စဉ္စ = များပြားကျယ်ပြန့်နှံ့စပ်သောလောကီ လောကုတ္တရာ အထွေထွေဗဟုသုတရှိ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၈။ သိပ္ပဉ္စ = နည်းပညာနှင့် လက်မှုပညာတတ်ကျွမ်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၉။ ဝိနယော စ သုသိက္ခိတော = လူ၀တ်ကြောင်နှင့် ရဟန်းသံဃာများအတွက် မြတ်ဗုဒ္ဓက ချမှတ်ပညတ်ထားသော ကျင့်၀တ်သိက္ခာများကို သင်ယူခြင်း လိုက်နာကျင့်ကြံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။

၁၀။ သုဘာသိတာ စ ယာ ဝါစာ = မှန်ကန်သော သာယာနာပျော်ဖွယ်ကောင်းသော အများအကျိုးရှိသော စကားကို ပြောဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၁။ မာတာပိတုဥပဋ္ဌာနံ = မိဘနှစ်ပါးကို နီးနီးကပ်ကပ် ပြုစုလုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၂။ ပုတ္တဒါရဿ သင်္ဂဟော = ဇနီးမယား သမီးသားတို့ကို ကျွေးမွေးပြုစု ယုယခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၃။ အနကုလာ စ ကမ္မန္တာ = သင့်လျှော်လျှောက်ပတ်သောအချိန် သင့်လျှော်လျှောက်ပတ်သော အခြေအနေမှာ အပြစ်ကင်းသောအလုပ်ကို ပြုလုပ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၄။ ဒါနဉ္စ = ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၅။ ဓမ္မစရိယာ စ = ကုသိုလ်ကောင်းမှု ဆယ်မျိုးကို ပြုလုပ်လျက် ရိုးသားဖြောင့်မှန်စွာ နေထိုင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၆။ ဥာတကာနဉ္စ သင်္ဂဟော = ဆွေမျိုးတွေကို ချီးမြှောက်ထောက်ပံ့ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ = မိမိအကျိုး သူများအကျိုး ရွယ်သယ်ပိုးခြင်းနဲ့စပ်၍ အပြစ်တင် ကဲ့ရိဖွယ်မရှိသော အလုပ်ကို လုပ်ဆောင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၈။ အာရတီ ပါပါ = မကောင်းမှု ဒုစရိုက်၏မကောင်းသောအကျိုးဆက်များကို ကောင်းစွာသိလျက် မကောင်းမှုအားလုံးမှ ရှောင်ကြဉ်ရန် စိတ်ပိုင်းဖြတ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၁၉။ ဝိရတီ ပါပါ = ကာယဒုစ္စရိုက် သုံးပါး ၀စီဒုစရိုက် လေးပါးတို့မှ လက်တွေ့ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၀။ မဇ္ဇပါနာ စ သံယမော = မည်သည့်အရက်သေစာ မူးယစ်ဆေးမျိုးကိုမဆို ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၁။ အပ္ပမာဒေါ စ ဓမ္မေသု = ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ မမေ့လျော့ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၂။ ဂါရဝေါ စ = ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၃။ နိဝါတော စ = မာန်မာန မထားဘဲ မိမိကိုယ်ကို နှိမ်ချပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်းသည် မင်္ဂလာ ဖြစ်ပါသည်။

၂၄။ သန္တုဋ္ဌိ စ = ရိုးရိုးသားသားနဲ့ မှန်မှန် ဆက်လက်အစွမ်းကုန်ကြိုးစားရမည်ဖြစ်သော် မိမိလက်ရှိပိုင်ဆိုင်ထားတာနဲ့ တင်းတိမ်ရောင့်ရဲနိုင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

၂၅။ ကတညုတ = သူများပြုဖူးတဲ့ကျေးဇူးတရားကို အသိအမှတ်ပြုပြီး ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၆။ ကာလေန ဓမ္မဿ ၀နံ = ပစ္စုပ္ပန်ဘ၀မှာရော နောင်ဘ၀မှာပါ ကောင်းကျိုးချမ်းသာကို ပေးစွမ်းနိုင်သောတရားဓမ္မကို နာကြားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၇။ ခန္တိ စ = ရန်ငြိုးအာဃာတမထားဘဲ သူတပါးတို့ ရန်စစော်ကားမှုကို ခွင့်လွတ်ပြီး သည်းခံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၂၈။ သော၀စဿတာ = လူကြီး သူမနဲ့ပညာရှိပုဂ္ဂိုလ်များ ပေးသော အကြံဉာဏ်သြဝါဒတွေကို နာခံလွယ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

၂၉။ သမဏာနဉ္စ ဒဿနံ = စင်ကြယ်သောစိတ်၊ စင်ကြယ်ကြောင်းအကျင့်ကို ကျင်သုံးနေသော ရဟန်း သူတော်စင်ပုဂ္ဂိုလ်များကို ဖူးမြင်ရခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၀။ ကာလေန ဓမ္မသာကစ္ဆာ = သင့်လျှော်လျှောက်ပတ်သောအချိန်မှာ ပညာရှိပုဂ္ဂိုလ်တိုနှင့် တရားအကြောင်းဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

၃၁။ တပေါ စ = ကိလေသာအားလုံး ခန်းခြောက်စေရန် ဣနြေ္ဒကို ထိန်းချုပ်လျက် ခြိုးခြံသောအကျင့်ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၂။ ဗြဟ္မစရိယာ စ = သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိမြင်ခြင်းအကျိုးငှာ မြတ်မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၃။ အရိယသစ္စာန ဒဿနံ = တဆင့်ချင်း မဂ်စိတ်လေးပါးဖြင့် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ စ = နိဗ္ဗာန်ကို မျက်မှောက်ပြု၍ သန္တိသုခဖြစ်သော အမြင့်ဆုံးချမ်းသာကို ခံစားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၅။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ= လောကဓံ ရှစ်ပါးနဲ့ ကြုံတွေ့ရသော်လည်း မတုန်လှုပ်သောစိတ်နဲ့ ခိုင်မြဲတည်တံ့စွာရပ်တည်နိုင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

ဒီလောကဓံ တရား ရှစ်ပါး
(၁) လာဘ - ပစ္စည်းဥစ္စာရခြင်း
(၂) အလာဘ - ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ - အခြွေအရံပေါများခြင်း
(၄)အယသ - အခြွေအရံမရှိခြင်း
(၅)နိန္ဒာ - အကဲ့အရဲ့ခံခြင်း
(၆) ပသံသ - အချီးမွမ်းခံရခြင်း
(၇) သုခံ - ချမ်းသာခြင်း
(၈) ဒုက္ခံ - ဆင်းရဲခြင်း ။

၃၆။ အသောကံ = စိုးရိမ်သောက မှန်သမျှ ကင်းပခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၇။ ဝိရဇံ = ကိလေသာမြူ မှန်သမျှ မှ လွတ်ကင်းသောစိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။

၃၈။ ခေမံ = ကိလေသာရန်မှန်သမျှ လွတ်မြောက်သော စိတ်ရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။

(မင်္ဂလသုတ်)

--------------------------

ဆရာကြီး ဒဂုန်ဦးထွန်းမြင့် ၏ (၃၈)ဖြာ မင်္ဂလာ ကဗျာများ

(အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တံမံ။)
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(ပဋိရူပ ဒေသဝါသော စ၊ ပုဗ္ဗေစ ကတ ပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ ဧတံမင်္ဂလမုတ္တံမံ။)
ကုသိုလ် ပညာ ဥစ္စာ ရဖို့ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့၊ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ၊ ဝိနယောစ သုသိက္ခိတော၊ သုဘာသိတာ စ ယာ ဝါစာ ဧတံမင်္ဂလမုတ္တံမံ။)
တတ်ကောင်းတတ်ရာ ဟူသမျှကို ကြားမြင်သုတရှိပါစေ။
အိုးအိမ်တည်ထောင်ဝမ်းစာရေးနဲ့ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော၊ အနာကုလာ စ ကမ္မန္တာ ဧတံမင်္ဂလမုတ္တံမံ။)
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ကောင်းစွာဆပ်ပေးဝတ်ကြေကြေ။
ကြွေးသစ်ချကာ သားနှင့်မယားကို မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန်မလစ်ဟင်းနဲ့ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(ဒါနဉ္စ၊ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော၊ အနဝဇ္ဇာနိ ကမ္မာနိ ဧတံမင်္ဂလမုတ္တံမံ။)
သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပစ်မထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်လေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော၊ အပ္ပမာဒေါ စ ဓမ္မေသု ဧတံမင်္ဂလမုတ္တံမံ။)
မကောင်းမှုတွေဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနှင့်၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(ဂါရဝေါစ၊ နိဝါတော စ၊ သန္တုဋ္ဌိ စ၊ ကတညုတာ၊ ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တံမံ။)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(ခန္တီစ၊ သောဝစဿတာ၊ သမဏာနဉ္စ ဒဿန၊ ကာလေန ဓမ္မသာကစ်ဆာ ဧတံမင်္ဂလမုတ္တံမံ။)
ဝတ်စားနေထိုင် ရန်ခပ်သိမ်း စိတ်ကို ချုပ်ထိန်းသည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှကို မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(တပေါစ၊ ဗြဟ္မစရိယဉ္စ၊ အရိယာသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ်ဆိကိရိယာ စ ဧတံမင်္ဂလမုတ္တံမံ။)
လောကီအာရုံ ဇိမ်ယစ်မူးလို့ ပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာဉာဏ်မြင်ကြည့်လို့ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

(ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ ဧတံမင်္ဂလမုတ္တံမံ။)
ဆင်းရဲချမ်းသာ သဘာဝကို တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ တစ်လှည့်စီလဲ အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောက ကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ။ ။

သာဓု သာဓု သာဓု 🙏🙏🙏
-----------------------

Credit to original uploaders

10 months ago | [YT] | 21

ဓမ္မ ဒေသနာ

အကြည်ခြောက်သွယ် မေတ္တာပို့ - ဆရာတော် အရှင်သူရိယ


ငါ၏ စက္ခုအကြည် - အဆင်း - စက္ခုဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းကို အလိုရှိသလို၊ သတ္တဝါအနန္တတို့၏ စက္ခုအကြည် - အဆင်း - စက္ခုဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ငါ၏ သောတအကြည် - အသံ - သောတဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းကို အလိုရှိသလို၊ သတ္တဝါအနန္တတို့၏ သောတအကြည် - အသံ - သောတဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ငါ၏ ဃာနအကြည် - အနံ့ - ဃာနဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းကို အလိုရှိသလို၊ သတ္တဝါအနန္တတို့၏ ဃာနအကြည် - အနံ့ - ဃာနဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ငါ၏ ဇိဝှါအကြည် - အရသာ - ဇိဝှါဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းကို အလိုရှိသလို၊ သတ္တဝါအနန္တတို့၏ ဇိဝှါအကြည် - အရသာ - ဇိဝှါဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ငါ၏ ကာယအကြည် - ဖောဋ္ဌဗ္ဗရုပ် - ကာယဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းကို အလိုရှိသလို၊ သတ္တဝါအနန္တတို့၏ ကာယအကြည် - ဖောဋ္ဌဗ္ဗရုပ် - ကာယဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

ငါ၏ မနောအကြည် - ကြံတွေးစရာ - မနောဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းကို အလိုရှိသလို၊ သတ္တဝါအနန္တတို့၏ မနောအကြည် - ကြံတွေးစရာ - မနောဝိညာဏဓာတ် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

သာဓု သာဓု သာဓု 🙏🙏🙏


https://www.youtube.com/watch?v=IAFV5...

11 months ago | [YT] | 11