You can felling art of MLBB at "Glory"


GLORY

The Odyssey Highlights အပိုင်း ၇

ဗျိုး ညီလေး။ ရှဥ့်သားစားမလား”

ကျနော့အတွေးစ ပြတ်သွားတယ်။ စခန်းထဲက ရဲဘော်ဦးလေးကြီးတယောက်က ကျနော့ကို လှမ်းခေါ်နေလေရဲ့။ သူနေတာ တပ်ထဲက သီးသန့်ခြံလေးထဲမှာ။ စားပင်သီးပင်တွေနဲ့ စိမ်းစိုလို့။ နောက်ကိစ္စ နောက်မှ ဆိုပြီး ကျနော် သူခေါ်ရာကို ထ လိုက်သွားလိုက်တယ်။ “ဧည့်သည်တွေ ရောက်တယ်ဆိုလို့ မနက်က ထပစ်ထားတာ” တဲ့။ အသားခုတ်ဓားကို ကိုင်ရင်း သူက ရှင်းပြတယ်။ သူ့ရှေ့က စင်းတီတုံးပေါ်မှာ သူပြောတဲ့ ရှဥ့်ဆိုတာ ပေါင်ကားပြီး ရှောနေပြီ။ သေချာကြည့်တော့ ရှဥ့်မဟုတ်ဘူး ထင်တယ်။ Sugar Glider လိုမျိုးကောင် အကြီးစားကြီး။

အိပ်ရာစောစောထတဲ့ကောင် အခုတော့ ကားနေရော။

ဦးလေးကြီးက ကြက်သွန်လှီး၊ ရှဥ့်အမွှေး နှုတ်နေရင်း သူ့အကြောင်း သူပြောပြလေရဲ့။ အသက် ၁၆၊ ၁၇ လောက်တည်းက ABSDF ကို ဝင်ခဲ့ကြောင်း၊ သူ ငယ်စဥ်က ဘယ်လိုဖြတ်လတ်တက်ကြွကြောင်းပြောရင်း “အခုတော့ ဘာမှ သိပ်မလုပ်နိုင်ဘူး။ နောက်ဆုံးတိုက်ပွဲမှာ မိုင်းနင်းမိတာ မိုင်းက ကျုပ်ပေါင်ကြားမှာ ထကွဲတော့ ကျုပ် ပေါင်တခြမ်းလုံးစုတ်ပြတ်သွားပြီး ဂွေးဥတလုံးပါသွားတယ်၊ အဟဲဟဲ”

သူက ဂွေးဥတလုံးပါသွားတယ်ပြောရင်း စင်းတီတုံးပေါ်က ရှဥ့်ကို ဓားနဲ့ဗိုက်ခွဲချပစ်တော့ ရှဥ့်လည်း ဂွေးဥတွေ ထွက်လာရော။ သူက ကလီစာတွေထုတ်ပြီး ရှဥ့်ကို ဒယ်အိုးထဲထည့်၊ နဖူးက ချွေးကို သုတ်ရင်း “ဒီလိုပဲဗျ၊ တိုင်းပြည်အတွက် သွေးတွေ ချွေးတွေတင်မကဘူး၊ တခါတလေ ဂွေးပါ ပေးချင်ပေးရတာ” လို့ပြောတယ်။ အဲ့စကားတော့ ကြိုက်တယ်။

ဟင်းကျက်လို့ စားသောက်အပြီးမှာ သူကပဲ “ခင်ဗျား ကိုငှက်နေသွားတဲ့တန်းလျား ကြည့်ချင်လား” လို့ မေးလာတယ်။

စခန်းထဲက ကွင်းပြင်ကြီးတခုကို ဖြတ်လျှောက်ပြီး စစ်တန်းလျားလေးတခုကို ရောက်တယ်။ အုတ်နံရံ နှစ်ဖက်ကြား အမိုးထိုးထားတဲ့ ဟောင်းလောင်းပွင့်အဆောင်တခုသာသာပါပဲ။ ကွပ်ပျစ်လို ကြမ်းခင်းနှစ်ခုကလည်း တဖက်စီမှာရှိတယ်။ ဒီကွပ်ပျစ်ပေါ်မှာ ကိုငှက် အိပ်ခဲ့မှာပေါ့။ အမေ့အိမ်တို့၊ သွေးသစ္စာတို့ သီချင်းတွေလည်း ဒီကွပ်ပျစ်လေးပေါ်မှာ ရေးခဲ့မယ်ထင်တယ်။ သူ ဘာတွေများ စဥ်းစားနေခဲ့မလဲ ကျနော် လိုက်တွေးကြည့်တယ်။

အထီးကျန်နေမလား၊ အိမ်ကိုလွမ်းပြီး လူးလှိမ့်နေမလား၊ ဒါမှမဟုတ် မခံချင်စိတ်တွေ ဒေါသတွေနဲ့ တိုက်ပွဲဝင်ဖို့ စိတ်စောနေခဲ့မလား။ ကိုငှက်နေသွားတယ်ဆိုတဲ့ တချက်တည်းနဲ့တင် ဒီအဆောင်လေးဟာ ဆွေးစရာတခုအဖြစ် ချက်ချင်း အသွင်ပြောင်းသွားတယ်။ အလိုလိုနေရင်း ကျနော်လည်း သမီးနှစ်ယောက်ကို လွမ်းသွားတယ်။ အရင်အဆိုတော်ဘဝမှာ ဘယ်နေရာရောက်ရောက် သမီးတွေနဲ့ ဖုန်းမပြောတဲ့ရက် မရှိခဲ့တဲ့ ကျနော်ဟာ အခုသူတို့နဲ့ အဆက်အသွယ်မရတာ (၁၀)ရက်ကျော်နေပြီ။

နေ့လယ်ရောက်တော့ တပ်ထဲက မီးစက်ပျက်လို့ ဝိုင်းပြင်ကြတာ ကျနော် ဝင်ကူပေးဖြစ်တယ်။ မီးစက်နှိုးလို့ ရသွားတော့ ရေတွင်းနားမှာ ဆီချေးတွေ ချွတ်နေတဲ့ ကျနော့ဆီ လူတယောက် လမ်းလျှောက်လာတယ်။ စွပ်ကျယ်လက်ပြတ်ပေါ်က ဂျာကင်ကိုခြုံပြီး ဝတ်ထားတယ်။

“ကိုကျားပေါက်လား” တဲ့။ “အရက်သောက်မလား” တဲ့။

ဘယ့်နှယ် တည့်တိုးကျလှချည်လား။ တောထဲတောင်ထဲ အနေကြာလာတော့ Small Talk တွေ စကားဦးသန်းတာတွေ အလာပသလာပတွေ ပြောနေမကျဘူးနဲ့တူပါတယ်။ “ချဗျာ” ကျနော် ရေမြန်မြန် ကောက်ချိုးလိုက်ပြီး ဂျာကင် ခြုံထားတဲ့ အစ်ကိုနောက် လိုက်သွားပါရော။ မနက်က ဂွေးစိတလုံး မရှိတဲ့ ဦးလေးကြီးရဲ့ တဲရှိတဲ့ ဘက်ကို ပြန်လျှောက်သွားရတယ်။ သူတို့စခန်းမှာ နောက်ထပ် တပ်သား သုံးလေးယောက်လည်း ရှိလေရဲ့။ အေးဆေးပဲ၊ ရေနွေးကြမ်း ပန်းကန်လုံးလေးတွေထဲ အရက်ငှဲ့သောက်နေကြတယ်။ ဘာမှ ဆူညံတာမရှိ။ အငြိမ်ပဲ။ တိုင်မှာ အရက်ကြွပ်ကြွပ်အိတ်ကို ချိတ်ထားတယ်။ အလယ်က ထင်းရှူးပုံးလေးပေါ်မှာ ဘာအသားမှန်းမသိတဲ့ ဟင်းတပွဲရှိတယ်။ ဆေးပေါ့လိပ် အစည်းလိုက် ချထားတယ်။
“ဒီရာသီဥတုနဲ့က ခင်ဗျားသောက်ထားမှရမယ်” တဲ့။ ထိုင်နေတဲ့ ရဲဘော်က ပန်းကန်လုံးလေးထဲ ကြွပ်ကြွပ်အိတ်ထဲကအရက်ကို ကျနော့အတွက် ငှဲ့ပေးရင်း ပြောတယ်။ ကရင်မီးတောက်အရက်တဲ့။ ဒီနားကရွာမှာ အရက်ချက်တဲ့ ကရင်အဘိုးကြီးတဦးရှိသတဲ့။ အဲ့ဒီကနေ အသွားအပြန် သုံးလေးမိုင်လောက်လျှောက်ပြီး သွားဝယ်ထားတာဆိုပဲ။ သောက်ကြည့်လိုက်တော့ ပြင်းချက်ဆိုတာ။ ငရဲမီးကို ရှာလကာရည် ရောထားသလား မှတ်ရတယ်။ “ခင်ဗျားအဖေကိုတော့ သိတယ်။ ခင်ဗျားကို မသိဘူး” တဲ့။ လာပြန်ပြီတယောက်။ ကျနော် စချင်လာတာနဲ့ “အေးဗျ ကျနော်က ခင်ဗျားကိုပဲသိတယ်။ ခင်ဗျားအဖေကို မသိဘူး” လို့ အရွှန်းဖောက်တော့ တဝိုင်းလုံး ရုတ်တရက် ငြိမ်သွားရော။ “ကွိုင်ပဲ၊ ငါ စတာ များသွားလားမသိ” ကျနော်ကြောင်ပြီး သူတို့ကို ကြည့်နေတုန်းမှာ ဝါးခနဲ ထရယ်ကြတယ်။ ဟာသကို သူတို့ ချက်ချင်းမပေါက်ဘူး။ အချိန်ခဏ ယူရပုံရတယ်။ ကျနော်တို့ ခဏချင်းမှာပဲ ရင်းနှီးသွားကြတယ်။ စကားပြောကြည့်တော့ သူတို့အားလုံးဟာ ဘဝသက်တမ်း တဝက်လောက် ABSDF တပ်ထဲမှာ ပေးထားသူတွေမှန်း သိရတယ်။ ဂျာကင်အင်္ကျီနဲ့ အစ်ကိုက “ညက အိပ်မရပါဘူးဗျာ။ ဒီဘက်လက်က ကိုက်နေလို့” ကျနော်က “လိမ်းဆေးလေး ဘာလေး မရှိဘူးလား” မေးတော့ “လိမ်းဆေးရှိတယ်၊ လက်မရှိတာ” လို့ပြောပြီး သူ့ခြုံထားတဲ့ ဂျာကင်ကို ဟပြတယ်။ ဂျာကင်ရဲ့အင်္ကျီလက်အောက်မှာ သူ့လက် ရှိမနေဘူး။

တိုက်ပွဲတခုမှာ မိုင်းစင်လို့ အရင်းက ဖြတ်လိုက်ရသတဲ့။ အဲဒီ့မရှိတဲ့လက်က ညညဆို ကိုက်ပါသတဲ့။ ခံစားချက်ဆိုတာ လူတွေကို သတ်ဖို့ ထားထားပေးလေရော့သလား။ ကျနော် သူ့ကို Phantom Pain အကြောင်း နားလည်သလောက် ပြောပြဖြစ်တယ်။ ဦးနှောက်က ခန္ဓာကိုယ်မှာ လက်တဖက် မရှိတော့တာကို Register မလုပ်တာ။ လက်က Signal တွေ ပို့နေတယ်ပဲ ထင်ပြီး မရှိတဲ့ ဝေဒနာကို Display လုပ်ပြနေတာဖြစ်ကြောင်း။ သူကတော့ အင်္ကျီအောက်က မရှိတဲ့လက်ကိုပဲ
အကြာကြီး စိုက်ကြည့်နေတယ်။

-The Odyssey စာအုပ်မှ-
#KyarPauk #92pointomama #TheOdyssey

2 weeks ago | [YT] | 0

GLORY

The Odyssey Highlights အပိုင်း ၆

စခန်းရောက်ပြီး ခုနစ်ရက်မြောက်တဲ့နေ့မှာ အဘက “ကိုကျားပေါက်၊ ခင်ဗျား မနက်ဖြန် စခန်း နောက်တခု ရွှေ့ရမယ်။ ဦးစိုးထွဋ်လည်း ဘားအံကို ရောက်နေပြီ။ ဒါပေမဲ့ ဒီကနေ ဘားအံကို တိုက်ရိုက် ရွှေ့မရဘူး။ ကြားက KNU စခန်းတခုမှာ ခင်ဗျား တရက်နှစ်ရက် ဝင်ခိုရမယ်။ ပြီးမှ လမ်းကြောသာရင် အဲ့ကနေ ဘားအံကို ထွက်ရမယ်” လို့ ပြောလာတယ်။

“မနက်ဖြန်မနက် ဒီက ထွက်ရမှာ၊ ငါကိုယ်တိုင် လိုက်ပို့မယ်၊ မသွားခင် ခင်ဗျား အမှတ်တရအနေနဲ့ ခြံထဲမှာ ကျွဲကောပင်တပင် စိုက်သွား”

ပြောပြောဆိုဆိုနဲ့ ကျနော့ကို ပေါက်တူးတလက်ပေးပြီး သူ့နောက် လိုက်ခဲ့ခိုင်းတယ်။ တောင်စောင်းတနေရာမှာ တွင်းတူးပြီး ကျွဲကောပင်ပေါက်စလေး ကျနော် ကိုယ်တိုင် စိုက်ခဲ့ရတယ်။

“မင်းက ဘယ်တော့ ဒီပြန်ရောက်မယ်မသိဘူး။ ငါကတော့ တချိန်ချိန် ဒါ ကျားပေါက် စိုက်သွားတဲ့ အပင်လို့ ပြောရမှာပေါ့”

အမှန်တိုင်းပြောရရင် ကျနော် ဒီကနေ နောက်တနေရာတော့ ရွှေ့ချင်ပြီ။ အားလုံးနဲ့ အဆက်အသွယ်ပြတ်နေရတာ တကယ်တော့ တော်တော်မလွယ်လှဘူး။ အပြင်မှာ ဘာတွေ ဘယ်လို ဖြစ်နေမှန်းလည်း မသိရဘူး မဟုတ်လား။ KNU စခန်းထဲမှာတော့ GSM ဖုန်း သုံးလို့ရမယ်လို့ အဘက ပြောတယ်။

နောက်နေ့မနက် ကျနော့ကို လိုက်ပို့မယ့်ကား ရောက်လာတယ်။ ဒိုင်နာကား အပြာရောင်။ ဝက်တင်တဲ့ကား ထင်တယ်။ ရှေ့ခန်းမှာ ကျနော်ရယ်၊ အဘရယ်၊ ဒရိုင်ဘာရယ် ကျပ်ညပ်ပြီး ထိုင်လာကြတယ်။ တောလမ်းဆိုတော့ ဆန်ကောထဲ ဆီးသီးထည့်လှိမ့်နေသလို။

နေ့တဝက်လောက် ခရီးနှင်ပြီးတော့ အဘပြောတဲ့ KNU စခန်းကို ရောက်တယ်။​ အဘမောင်ဦးက ကျနော့ကို လူငယ်တဦးနဲ့ မိတ်ဆက်ပေးတယ်။ “ကဲ ဗိုလ်ကြီးရေ၊ အဆိုတော်ကို ဗိုလ်ကြီးလက် အပ်ခဲ့ပြီ။ အဆင်ပြေသလို ဆက်စီစဥ်ပေးပါ” လို့ မှာသွားပေးတယ်။

အဘမောင်ဦးကို ကျနော် ဖက်ပြီးနှုတ်ဆက်တယ်။ အဘက တောင့်တောင့်ကြီးဖြစ်နေပြီး ပြန်မဖက်ဘူး။ ကျနော့ပုခုံးကို ပုတ်ပြီး ချာခနဲ လှည့်ထွက်သွားတယ်။

ရောက်ပြန်လေပေါ့ နောက်ထပ်စခန်းတခု။ ဗိုလ်ကြီးဆိုသူက ပြုံးပြပြီး “လာဗျာ၊ နေ့လယ်စာ သွားစားရအောင်” လို့ ပြောပြီး သူ့ကားနဲ့ ခပ်လှမ်းလှမ်းက ရွာထမင်းဆိုင်လေးတခုကို မောင်းသွားတယ်။

ဆိုင်ထဲမှာ ရွာသားလေးငါးယောက် တွေ့တော့ “ဒီမှာ ကျနော့ကို မြင်သွားလို့ ကွိုင်မရှိဘူးမလား” လို့ ဗိုလ်ကြီးကို မေးတော့ “ဟား အဲဒါစိတ်မပူနဲ့၊ ဒီမှာကြည့် ကျနော် မေးပြမယ်”

“အဒေါ်ကြီး လာကြည့်ဦး၊ ဒါဘယ်သူလဲသိလား”

ဆိုင်ရှင်အဒေါ်ကြီးက ကျနော့ရှေ့မှာ ထိုင်လိုက်ပြီး ကျနော့ကို သေချာကြည့်လေတယ်။ အတန်ကြာကြည့်ပြီး အားရမှ “မသိဘူး” လို့ပြောတယ်။ ဗိုလ်ကြီးက “ကဲ ဒီလောက်ဆို စိတ်ချ၊ ခင်ဗျားကို ဘယ်သူမှမသိဘူး” လို့ ပြောပြောနဲ့ ထမင်းပွဲတွေ ချပေးတယ်။
စားသောက်ပြီး ပြန်ဖို့ လုပ်တော့ ကျနော်ထိုင်နေတာ ကျနော့ပိုစတာကြီးရှေ့မှာမှန်း သိလိုက်ရ။ ကာရာဘောင်း အချိုရည် ကြော်ငြာဗီနိုင်းကြီးက ပြူးလို့။ အချိုရည်ဘူးကိုင်ထားတဲ့ ကျနော့ပုံကြီးကလည်း နံရံအပြည့်နီးပါးကြီး။

ကားထဲပြန်ရောက်တော့မှ နောက်ကြည့်မှန်မှာ ကျနော့ကိုယ်ကျနော် ပြန်ကြည့်မိတယ်။ တပတ်လောက် အတောအတွင်း ကျနော့မျက်နှာ တော်တော် ချောင်ကျသွားတာပဲ။ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေထူပြီး ကိုယ့်ရုပ်ကိုယ်တောင် မမှတ်မိ။ အိပ်ရေးပျက်တာလည်း ပါမယ်ထင်တယ်။ တပ်ထဲက တန်းလျားလေးတခုမှာ ကျနော်အိပ်ဖို့ နေရာလုပ်ပေးထားတယ်။ ကရင်စစ်သားလေး တယောက်နှစ်ယောက်လောက် ကျနော့ကို လာနှုတ်ဆက်တာကလွဲရင် ကျန်တဲ့သူတွေက ဒီလိုပဲ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပါပဲ။ တချို့စစ်သားလေးတွေ ဖုန်းပွတ်နေတာတွေ့တော့မှ Phone Data ပြန်သုံးလို့ရတာ သိလိုက်တယ်။ ကျနော့ဖုန်းကို ဖွင့်ပြီး အင်တာနက်ချိတ်လိုက်တော့ Facebook ဖွင့်မရဘူး။ ကရင် စစ်သားလေးက VPN ခံသုံးမှ ရတယ်လို့ ပြောတယ်။ ဒါနဲ့ပဲ VPN ဆိုတဲ့ App တခု ရှာရပြန်ရော။ ခေတ်က ချက်ချင်းကြီး နှစ်နှစ်ဆယ်လောက် နောက်ပြန်လိမ့်သွားတာပဲ။ ဟိုးအရင် ၂၀၀၁ လောက်က Myanmar Net စတဲ့ Intranet ခေတ်တုန်းက Feeling ကို တထပ်တည်း ပြန်ခံစားရတယ်။
သူတို့ ပေးကြည့်ထားတဲ့ Website ဆယ်ခုလောက်ကလွဲရင် ကျန်တာတွေအားလုံး Firewall ကျော်တဲ့ Site က သွားရင် သွား၊ မသွားရင် ဘာ Software မှန်းမသိတဲ့ဟာတွေ စက်ထဲ သွင်းထား။ အခုလည်း VPN တဲ့။ သွင်းရပြန်ပေ့ါ။

Facebook စဖွင့်တာနဲ့ ကျနော်ဟာ ကျနော် မပါဝင်ရသေးတဲ့ အရေးအခင်းဆိုတာကြီးထဲ ကိုယ်တိုင်ကိုယ်ကျ ရောက်သွားတော့တာပါပဲ။ အော်လံနဲ့ အော်ဟစ်နေတဲ့ လူငယ်တွေ၊ လေပေါ်ဝဲနေတဲ့ အလံတွေ၊ Slogan တွေ။ ငါက ဘာလို့ ဒီလိုလူအုပ်ကြီးထဲ ရှိမနေရတာလဲလို့ မချင့်မရဲတွေးမိပြီး ရန်ကုန်ကို ချက်ချင်း ပြန်ပြေးလာချင်စိတ်တွေ တဖွားဖွား ပေါ်လာသည်။ ဒါပေမဲ့ လတ်တလော အခြေအနေက ဘယ်ရောက်လို့ ဘယ်ပေါက်ဦးမယ် မသိ။ ဘယ်သူက ဘယ်အချိန်မှာ ဘယ်ကို လိုက်ပို့မယ် မသိ။

အခုလည်း တပ်ထဲမှာ ယောင်လည်လည်နဲ့ ဘာလုပ်နေရမှန်းမသိ။ တန်းလျားအနောက်က ရေတွင်းလေးမှာ ရေချိုး အဝတ်လျှော်လုပ်ပြီး အနီးနားက ကင်းတဲလေးထဲမှာ တာဝန်ကျတဲ့ ကရင်စစ်သားလေးနဲ့ စကားပြောဖို့ ပြင်လိုက်တယ်။ ကော်ဖီနှစ်ခွက်ဖျော်သွားပြီး ကင်းတဲရှေ့ ကော်ဖီတခွက် မြှောက်ပြလိုက်တော့ ဖော်ဖော်ရွေရွေပဲ ကင်းတဲထဲ လာထိုင်ဖို့ လက်ယပ်ပြလေရဲ့။

ကျနော် ရန်ကုန်မှာ ဗမာကျောင်း လာတက်ဖူးတယ်။ သမိုင်းအလိမ်အညာတွေ လာသင်နေလို့ ဆက်မတက်ဘဲ ဒီကိုပြန်တာ။ စစ်သားပဲ လုပ်ချင်တော့တယ်” တဲ့။

အခုအချိန်ထိ ကျနော် သတိထားမိတာ ABSDF ပထမစခန်းမှာရော၊ အခု ဒီ KNU စခန်းမှာရော (အဘအပါအဝင်) ဘယ်သူမှ အာဏာသိမ်းတာကို အရေးတယူလုပ် ပြောမနေတာပဲ။ ဘာမှ မပြောချင်သေးတာလား၊ ပြောဖို့ စောနေသေးတာလား ဒါမှမဟုတ် ပြောစရာကိစ္စကို မဟုတ်နေဘူးထင်ပါရဲ့။ စစ်သားလေးကို တီးခေါက်ကြည့်တော့ “အကိုတို့က တခါတလေ ဖိနှိပ်ခံရတာပါ။ ကျနော်တို့ဆို တောက်လျှောက် အဖိခံထားရတာ” လို့ ရယ်ပြီး ပြောတယ်။ “သူတို့” နဲ့ “ကျနော်တို့” ဆိုတာ “တိုင်းရင်းသား” တွေနဲ့ “ဗမာ” ကို ပြောလိုတာ ထင်ပါတယ်။

အမှန်အတိုင်းပြောရရင် ကျနော့နိုင်ငံရေးအသိဟာ တကယ် ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ဒီနှစ်ပေါင်း(၅၀)နဲ့အထက် ဗမာအစိုးရဟာ တိုင်းရင်းသားတွေကို ကောင်းကောင်း မဆက်ဆံခဲ့ဘူးဆိုတာရယ်၊ ကျနော်တို့ မမြင်ကွယ်ရာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာရယ်က လွဲလို့ ဘယ်နေရာမှာ ဘာတွေဖြစ်ပြီး ဘာကြောင့်ဖြစ်နေရတာ မသိခဲ့ပါဘူး။ ဒါ အရိုးသားဆုံး ဝန်ခံခြင်းပါ။ အခု စစ်သားလေးပြောတဲ့ ကိုယ့်ထိမှ ပျာနေတတ်တဲ့ မြေပြန့်သား၊ ဗမာ Ignorant နလပိန်းတုံးဟာ ကျနော်ပဲလေ။

“ဒီဘက်မှာ ဖြစ်နေတာတွေ အကိုတို့ဘက်မှာ မမြင်မကြားရဘူးလေ။ ဘယ်သူမှ မသိတာလည်း သိပ်မဆန်းဘူး။ ဘယ်သူမှမသိလေ ဒီဘက်မှာက လုပ်ချင်တိုင်းလုပ်လေပဲ”

တော်သေးတယ်။ ဘာမှမသိရကောင်းလားဆိုပြီး ကျနော့ကို အပြစ်မမြင်ဘူး။ ဆက်ပြီး သူက “ဗမာစစ်တပ်က ဒီနားက ရွာတရွာကို စစ်ကြောင်းထိုးတယ်။ ဒါပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်တာ။ လေးငါး ဆယ်နှစ် မဟုတ်ဘူး။ ရွာအထွက်မှာ လမ်းကို ဖြတ်ပြီး မိုင်းထောင်ထားတယ်လို့ သံသယရှိတော့ ရွာထဲက အမယ်အိုကြီးကို ဖမ်းပြီး သူတို့စစ်ကားတန်းရှေ့က ဖြတ်လျှောက်ခိုင်းရော။ အဖွားကြီးလည်း တုန်ချိတုန်နဲ့ နဲ့ ဖြတ်လျှောက်ရတာပေါ့။ အဲ့မှာ မိုင်းထကွဲပြီး အဖွားကြီး ခြေနှစ်ဖက်လုံး ပေါင်လယ်လောက်ကနေ ပြတ်ထွက်ကုန်တယ်”

ကျနော် အသံတိတ် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဒီလောက် ကြမ်းတမ်းတဲ့ ဇာတ်လမ်းကို ကြားလိုက်ရမယ် မထင်ထားဘူးလေ။

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာ မပြီးနေဘူး။

“အဲဒီ့ခြေနှစ်ဖက်ပြတ်ပြီး လမ်းပေါ်မှာ သေလုမြောပါးလဲနေတဲ့ အမေအိုကြီးကို စစ်ကားပေါ်က ဗမာစစ်သားတွေ တပြုံကြီး ဆင်းလာပြီး —-ဝိုင်းကျင့်ကြတယ် အစ်ကိုရေ”

ပြောပြနေတဲ့ ကရင်စစ်သားလေးကို ကျနော် နောင်(၁၀)နှစ်စာလောက် ဘာပြောရမှန်း မသိတော့ပါဘူး။ အဲဒီ့ —ဒိမ်းကောင်ဗမာစစ်သားတွေကို “ဘာ” လို့ ခေါ်ဝေါ်သုံးစွဲရမလဲ။ တော်ရုံ ရက်စက်မှုမျိုးဆိုရင်တောင် ကျနော်တို့ဟာ “ဒီကောင်တွေ လူမှ ဟုတ်ရဲ့လား” လို့ ပြောကြတယ် မဟုတ်လား။ အခုဟာက လူမဟုတ်တာရဲ့ ဟိုဘက်ကမ်းကို ကျော်လို့မှ တိရိစ္ဆာန်အလွှာရဲ့အောက် ရောက်တဲ့အထိ ယုတ်ကန်းတာ ဖြစ်သွားပြီ။ “ဒါကြောင့်လည်း ကျနော်တို့ဘက်မှာ “ဗမာ” ဆိုတဲ့ အသံကြားတာနဲ့ ရွံကြောက်ကြီး ဖြစ်နေတာ အစ်ကို”

-the Odyssey စာအုပ်မှ -
Photo- coup တနှစ်ပြည့်ပွဲ Bangkok BACC မှာလုပ်တဲ့ exposition အတွက် ချင်းမိုင်အိမ် နောက်ဖေးမှာ ဆွဲတဲ့ပန်းချီတစ်ကားနှင့်
#KyarPauk #TheOdyssey #92pointomama

2 weeks ago | [YT] | 0

GLORY

The Odyssey Highlights အပိုင်း ၅

"မင်္ဂလာပါ သူပုန်နယ်မြေမှ ကြိုဆိုပါတယ်!"

ကျနော် ကားပေါ်က ဆင်းဆင်းချင်း ကြားလိုက်ရတဲ့အသံ​။ အသံလာရာကို လှည့်ကြည့်တော့ အရပ်ရှည်ရှည်၊ ခပ်ဝဝကိုယ်လုံးနဲ့ “အဘ” နောက်တယောက်ကို တွေ့တော့တာပဲ။ ဆံပင် အဖြူတွေကို နောက်လှန်ဖြီးထားပြီး မုတ်ဆိတ်မွှေးငုတ်စိနဲ့ အဘ။
လက်နှစ်ဖက်ကို ဆန့်ထားပြီး ကျနော့ကို ကြိုဆိုနေလေရဲ့။ ပေနှစ်ဆယ် ပတ်လည်လောက်ရှိတဲ့ မြေစိုက်တဲလေးထဲမှာ မီးရောင်မှိန်မှိန်လေး လင်းနေတယ်။ ခပ်လှမ်းလှမ်းက မီးစက်သံလိုမျိုး မော်တာခုတ်သံ။
မြေကြီးပေါ်မှာ အပုံလိုက်တွေ့ရတဲ့ PVC ပိုက် အတိုအစများစွာ။ မြေစိုက်တဲထဲက ကွပ်ပျစ်ပေါ်မှာ TV ကြည့်နေတဲ့ ကလေး သုံးလေးယောက်။ မရောက်ဖူးတဲ့နေရာ ရောက်သွား၊ မမြင်ဖူးတဲ့လူတွေ မြင်ရတွေ့ရတော့ ကျနော့ဦးနှောက်ဟာ Terminator ရုပ်ရှင်ထဲက အာနိုး ကမ္ဘာမြေပေါ် စရောက်လာသလို အချိန်တိုလေးအတွင်းမှာ တွေ့သမျှ မြင်သမျှကို Scan ဖတ်နေမိတယ်။
“အဘ နေကောင်းလား” လို့ မေးပြီး အဖော်ရွေဆုံး ပြုံးပြလိုက်တယ်။​ အဘနဲ့ လက်ဆွဲနှုတ်ဆက်တော့ သူ့လက်တွေဟာ အင်မတန်ကြမ်းတမ်းတာပဲ။ ဒါပေမဲ့ လုံခြုံတဲ့၊ အန္တရာယ်မရှိတဲ့ Vibe ကို ချက်ချင်း ကူးစက်စေတယ်။ TV ကြည့်နေတဲ့ ကလေးလေးတွေကို သားသားတို့ ထမင်းစားပြီးပြီလား၊ နေကောင်းလား ကျနော်က မေးနေတော့ “ဒါ ငါတို့ စစ်သားတွေရဲ့ ကလေးတွေ၊ ဗမာလို ပြောမတတ်ဘူး” လို့ အဘက ပြောတယ်။

ဦးဝင်းဦးက “ဒါက ငါတို့ရဲ့ ဗိုလ်မှူးမောင်ဦး၊ ကိုမောင်ဦး ဒါက ကျားပေါက်တဲ့။ သီချင်းဆိုတယ်။ ရင်ဂိုရဲ့သား” လို့ပြောပြီး ကျွနတော်နဲ့ အဘမောင်ဦးကို မိတ်ဆက်ပေးတယ်။ အဘမောင်ဦးက “အေးဗျ ခင်ဗျားအဖေကို သိတယ်၊ ခင်ဗျားကို မသိဘူး” လို့ ပြောပြီး ရယ်လေတယ်။
“တယောက်လောက်သိ တော်ပြီပေါ့ အဘရယ်” လို့ ကျနော်က ပြန်ပြောတယ်။ စိတ်ထဲမှာ “ဟော၊ ဒါက အဘနံပါတ်(၂)။​ အဘဝင်းဦးက အဘ(၁)” လို့ နံပါတ် တပ်လိုက်တယ်။
ခဏနေတော့ အဘ(၁)နဲ့(၂) တဲအပြင်ဘက်ထွက်သွားပြီး စကားတိုးတိုး ပြောနေကြတယ်။ ကျနော်လည်း လိုက်မသွားတော့ဘဲ TV ကြည့်နေတဲ့ ကလေးလေးတွေနား ဝင်ထိုင်နေလိုက်တယ်။ တဲကို အခုမှ သေချာကြည့်မိတယ်။ တဲရဲ့ အတွင်းထောင့်လေးထောင့်ကို ကွပ်ပျစ်ထိုးထားတယ်။ TV ရှိတဲ့ ကွပ်ပျစ်ရဲ့ဘေးမှာ ဘုရားစင်တခု။ “All Burma Student’s Democratic Front” လို့ ရေးထားတဲ့ အလံနီတခု။ တဲရဲ့အလယ် မြေကြီးပေါ်မှာ မီးဖိုအကြီးကြီး ဖိုထားတယ်။ မီးဖိုရဲ့ဘေးမှာ ခပ်မြင့်မြင့် ဝါးစားပွဲတခု။ ဒါပဲ။ တဲထဲမှာ မီးဖိုထားပုံအရတော့ ညဘက်တွေ တော်တော်အေးမှာပဲလို့ တွက်မိတယ်။

အဘမောင်ဦး တဲထဲ ပြန်ဝင်လာတယ်။ အမျိုးအမည်မသိတဲ့ ဟန်းဆက်အလေးကြီးတခု ကျနော့ကို လှမ်းပေးတယ်။ “ခင်ဗျားကို ဦးစိုးထွဋ်က စကားပြောချင်လို့” တဲ့။ ကျနော် ဖုန်းကိုင်တော့ “ခင်ဗျား အဆင်ပြေရဲ့လား။​ အဘမောင်ဦးက စကားပြော တော်တော်ကောင်းတယ်။ ခင်ဗျား ပျင်းရမှာကို မဟုတ်ဘူး” လို့ ဦးစိုးထွဋ်က ပြောတယ်။ “ကျနော်က ကိစ္စလေးတခု ရှိနေလို့ ခင်ဗျားကို အဲဒီ့အထိ လာမခေါ်နိုင်ဘူး။ ကိုမောင်ဦးတို့ အဆင်ပြေတဲ့အချိန် ဘားအံကို ပို့ပေးလိမ့်မယ်။ ကျုပ်က ခင်ဗျားကို ဘားအံကနေ နယ်စပ်စခန်းကို လိုက်ပို့မယ်။
အဲ့ကနေမှ ဟိုဘက်ကမ်းကို တယောက်က ခေါ်သွားပေးမယ်။ ဒီရက်ပိုင်းတော့ အခုရောက်တဲ့စခန်းမှာ ခင်ဗျား နေနေလိုက်ဦး၊ ကျနော် ပြန်ဆက်သွ​ယ်မယ်” လို့လည်း တဆက်တည်း မှာလေရဲ့။ အဘမောင်ဦးက “ဒီဘက်မှာတော့ ကျနော့ဖုန်းပဲ လိုင်းကောင်းကောင်းမိတယ်၊ ခင်ဗျားတို့ဖုန်းတွေ သုံးလို့ရမယ် မထင်ဘူး။ ပြောချင်ရင် ဟိုးတောင်ပေါ် တက်ပြောမှရမယ်” အိမ်ကို ဖုန်းဆက်မလို့ လုပ်နေတဲ့ ကျနော့ကို ရိပ်မိတယ်ထင်ပါတယ်။

ဖုန်းကို ဖွင့်ကြည့်တော့ ထင်တဲ့အတိုင်း “No Service” မှောင်နေပြီဆိုတော့ တောင်ပေါ်တက်တဲ့ကိစ္စကိုလည်း လက်လျှော့လိုက်တော့တယ်။ ကဲ…စတွေ့ပြီ။ ဘဝမှာ ဖုန်းရော အင်တာနက်ရော မရှိဘဲ ဘယ်လောက်ကြာကြာနေနိုင်လဲ ကြည့်ကြရတော့မှာပေါ့။ တနိုင်ငံလုံး အင်တာနက်တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရကတည်းက Internet မရှိရင် ဘယ်လိုနေမလဲ ဆိုတာ ကျနော် မစဥ်းစားခဲ့ဖူးဘူးလေ။ အခုမှ စဥ်းစားနေလည်း ဘာမှမထူးပါဘူး။ နဖူးတွေ့ ဒူးတွေ့ ကြုံပြီပဲဟာ။​ ပေးလာတဲ့ အခြေအနေပေါ်မှာ ဘယ်လို ဆက်ပါသွားမလဲပဲ ကြည့်ရမှာ။

-The Odyssey စာအုပ်မှ-
#KyarPauk #TheOdyssey #92pointomama

2 weeks ago | [YT] | 0

GLORY

The Odyssey Highlights အပိုင်း ၄

အန်ကယ်က ကားမောင်းရင်း နောက်ကြည့်မှန်ကို သေချာ ကြည့်နေတယ်။
စိတ်ချရပြီ ထင်တော့မှ “မင်း အဆင်ပြေရဲ့လား၊​ ဘာမှ မစိုးရိမ်နဲ့” လို့ပြောတယ်။​ ကျနော်လည်း အခုမှ စိတ်သက်သာရာ ရသွားတယ်။ မြို့ပြင်အစပ်မှာရှိတဲ့ သူ့ခြံထဲ ကားကို သွင်းလိုက်တယ်။ “ခဏနားရမယ်” “ဒီမှာ ညအိပ်ပြီးမှ နောက်နေ့ တောင်ပေါ်တက်မယ်” တဲ့။

အဲ့ဒီအချိန်မှာပဲ အန်ကယ့်ဖုန်းကို တယောက်ယောက် ဆက်လာတယ်။ သူက ကျနော် ခြံထဲ ရောက်နေကြောင်း ပြောတယ်။ ခဏ စကားပြောပြီး ဖုန်းချတော့ “နောက်နေ့ မဟုတ်တော့ဘူး၊ အခုပဲ သွားရအောင်” လို့ ပြောတယ်။ သွားဆိုလည်း သွားရုံပေ့ါ။ ဒါပေမဲ့ အခုမှ မေးဖို့သတိရတာက ကျနော် ဘယ်သွားနေသလဲ ဆိုတာပါပဲ။ ကျနော်ဟာ လမ်းခရီး တဝက်ကျိုးနေပြီ ကိုယ် ဘယ်သွားနေမှန်း မသိ၊ ဘယ်ကိုရောက်မယ်မှန်း မသိ၊ ရောက်ပြီး ဘာလုပ်ရမှန်းလည်း မသိ၊ ဘာလို့ သွားနေရမှန်းပါ မသိတော့သလိုလိုဖြစ်လာ။

ဘေးက ဦးလေးကိုလည်း နာမည်ကလွဲလို့ ဘယ်သူမှန်းမသိ၊ ဘာလုပ်သလဲ ဆိုတာလည်း မသိ၊ ဦးဝင်းဦးဆိုတာ သူ့နာမည်အစစ်တောင် ဟုတ်ရဲ့လားမသိ။
မသိတာတွေ များလာတော့လည်း နည်းနည်းတော့ သိချင်လာတာပေါ့။ “အဘ အခု ကျနော်တို့ ဘယ်ကိုသွားရတာလဲ” အန်ကယ်တွေ ဘာတွေ ခေါ်မနေချင်တာနဲ့ (ကိုယ့်ဘကြီးအရွယ်လည်း ရှိတာမို့) အဘပဲ လွယ်လွယ်ခေါ်လိုက်တယ်။
“စခန်းကို၊ ABSDF တပ်မ (......)” လို့ ဖြေတယ်။

OMG … This is Fucking Cool!

ကျနော်တို့ကို တသက်လုံး “သူပုန်” လို့ သင်ထားခဲ့တဲ့၊ ရေဒီယိုတွေမှာပဲ ကြားဖူးခဲ့တဲ့ စခန်းကို ကျနော် သွားနေတာဆိုပဲ။ “ကိုငှက် နေသွားတဲ့စခန်းလား” လို့ ကျနော် ထပ်မေးလိုက်တယ်။ ကိုငှက် (ထူးအိမ်သင်) ဟာ အမေ့အိမ် သီချင်းကို ABSDF စခန်းတခုမှာ ရေးခဲ့တယ်လို့ ကြားဖူးခဲ့တာကိုး။ ဦးဝင်းဦးက မဟုတ်ဘူး အဲ့ဒါ နောက်စခန်းတခု၊ တပ်မ နံပါတ်မတူဘူးလို့ ပြောပြတယ်။

-The Odyssey စာအုပ်မှ -

Photo: my painting in a safe house
#KyarPauk #92pointomama #TheOdyssey

2 weeks ago | [YT] | 0

GLORY

The Odyssey Highlights အပိုင်း ၃

နာရီဝက်လောက်အကြာမှာ အန်တီငြိမ်း အသံ Message တခု ပို့လာတယ်။ “သား ဒီနေ့ နေ့ခင်း နှစ်နာရီလောက် …….. မြို့ရဲ့ ကားကြီးဂိတ်ကို အရောက်သွားလိုက်။ အဲ့မှာ အန်ကယ်ဝင်းဦးဆိုတဲ့ ဦးလေးကြီး သားကို ကြိုစောင့်နေလိမ့်မယ်။ သူနဲ့ လိုက်သွားလိုက်။ သားကို ……. စခန်းတခုမှာ ဝှက်ထားပေးလိမ့်မယ်။ အဲ့ဒီကမှ တဆင့်ချင်း သား ယိုးဒယားနယ်စပ်ကို သွားရလိမ့်မယ်။ တနေရာ ရောက်ရင် သား ဘာဆက်လုပ်ရမယ်၊​ ဘယ်ဆက်သွားရမယ်ဆိုတာ အန်တီ လှမ်းစီစဥ်ပေးမယ်။​ လောလောဆယ် သွားဖို့ ပြင်တော့”

အန်တီငြိမ်းပြောတဲ့အထဲမှာ …….. စခန်းတခုဆိုတာ ဘာစခန်းကိုပြောမှန်း ကျနော် သေချာ မကြားလိုက်ဘူး။ ဒါပေမဲ့ အဲ့ဒါကိုလည်း သေချာပြန်နားထောင်ဖို့ အချိန်မရှိလိုက်ဘူး။ နေ့လယ် နှစ်နာရီ အရောက်သွားရမယ်ဆိုတော့ အခုတင် မနက် (၁၀)နာရီခွဲလောက် ရှိပြီ။ ကျနော် ရေမိုးချိုး၊ ခုနက အခန်းထောင့်မှာ ချထားတဲ့ ကျောပိုးအိတ် ကောက်လွယ်လိုက်တယ်။

အဖေတို့ကို သူငယ်ချင်းအိမ် ခဏသွားမယ်ပြောပြီး ဘော်ဒါတယောက်ကို လာကြိုခိုင်းလိုက်တယ်။ လာကြိုတဲ့ ကောင်ကိုလည်း ရောက်လာမှ သူ့ကားပေါ်တက်ထိုင်ရင်း အကျိုးအကြောင်း ပြောပြလိုက်တယ်။ ငါ မွန်ပြည်နယ်ထဲက မြို့တမြို့ကို သွားရမယ်။ လိုက်ပို့ပေးမလားဆိုတော့ ကိုယ့်ကောင်က နှစ်ခါ မစဥ်းစား။ “အေးလေ သွားတာပေါ့” ဆိုပြီး ချက်ချင်းတန်းမောင်းသွားပါလေရော။

ဖတ်ဖူးတဲ့ ကာတွန်းတကွက်ထဲကလို ခရုနှစ်ကောင်ရန်ဖြစ်တာ မြင်လိုက်တဲ့လိပ်ကို တရားရုံးမှာ သက်သေ ထွက်ခိုင်းတော့ “အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှပါတယ်ဗျာ” လို့ ပြောလိုက်သလိုပေါ့။ အဲ့ဒီအချိန် ဖြစ်ပျက်နေတာတွေက ကျနော့အတွက် သိပ်နှေးမနေဘူး။ ဘာတွေဆက်ဖြစ်ကြမယ် ထင်လဲလို့ ကားမောင်းနေတဲ့ သူငယ်ချင်းကို မေးမိတော့ “ဟ ၊​ လီးတွေ ဆက်ဖြစ်ပြီပေါ့ သားကြီးရာ” တဲ့။ ကြေကွဲစရာပါပဲ။

ကားပေါ်မှာ ပါသွားရင်း အန်တီငြိမ်းပြောတာတွေ နားထဲမှာ ပြန်ကြားနေမိတယ်။ အဖမ်းခံစရာ မလိုဘူးဆိုတဲ့ ကိစ္စ။​ ဟုတ်တယ် ဘာလို့ ဒီကောင်တွေဖမ်းတိုင်း ခံရမှာလဲ။ ကျနော့တကိုယ်စာ အယူအဆကတော့ ကိုယ့်ထက်ဉာဏ်ရည်မြင့်တဲ့ Species တခုခုက လာပြီး အနိုင်ကျင့်တာ ခံလိုက်မယ်။​

ကိုယ့်ထက် ဉာဏ်ရည်ရော၊ ​အသိစိတ်ဓာတ်ရော၊​ Moral Value ပါ နှစ်ပြားပြည့်အောင် မရှိတဲ့ ကောင်တွေ သေနတ်အားကိုးနဲ့ လာစော်ကားတာတော့ ခံစရာ စောက်ကြောင်းမရှိ။ Computer တလုံး Screen Saver Mode On ထားသလို အဝေးပြေးလမ်းမကြီးကို ကားပြတင်းပေါက် မှန်ထဲကနေ ကျနော် ငေးကြည့်နေတယ်။ စစ်သားအပြည့်တင်ထားတဲ့ ဧရာမစစ်ကားကြီးတွေ တစီးပြီးတစီး ရန်ကုန်ဘက်ကို တက်သွားတာ တွေ့လိုက်ရတယ်။

တချို့တွေလည်း လမ်းမဘေးမှာ ရပ်လို့ သေနတ်တကားကားနဲ့ လမ်းသလားနေလေရဲ့။​ တနေရာရောက်တော့ စစ်သားတကောင် ကျနော်တို့ကားကို တားပါလေရော။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်။ ဒါပေမဲ့ တခြားလည်း ဘာမှလုပ်မရတော့ ကားကို ရပ်ပေးလိုက်ရတယ်။​ ဘော်ဒါက “မင်း ဘာမှမပြောနဲ့၊​ အသံ မှတ်မိသွားမယ်၊ ငါပဲ ပြောမယ်” ဆိုပြီး ကားမှန်ချပေးလိုက်တယ်။ ကံကောင်းတာက Covid ကာလမို့ ကျနော်ရော၊ ကားမောင်းတဲ့သူငယ်ချင်းရော Mask ကိုယ်စီ တပ်ထားတာပါပဲ။ ကားမှန် ချလိုက်တည်းက အပြင်က စစ်သားဆီက အရက်နံ့ကို ထောင်းခနဲ ရတော့တာပါပဲ။ ကျနော် တန်းပြီး သတိထားမိတာ ဒီစစ်သားရဲ့ နီရဲနေတဲ့မျက်လုံးတွေ။ ရုပ်ရှင်တခုထဲမှာ ပြောသလို “His eyes are redder than the devil’s d**k” လို့ ပြောရမလိုပါ။

သူတင်ပဲလားဆိုတော့ မဟုတ်။ သူ့ဘေးက စစ်သား (၆)ယောက် (၇)ယောက်ဟာ အားလုံး Zombie တွေလို မျက်လုံးအနီ၊ အသေကြီးတွေ ကြောင်စီစီနဲ့။ “ဘယ်သွားကြမလို့လဲ” တဲ့ ဗလုံးဗထွေး မေးတယ်။ သူ့သေနတ်ပြောင်းဝက ကားထဲ ဝင်မတတ် အနားနားကပ်လာပြီးမှ မေးတာ။ သူငယ်ချင်းက “တောင်ငူသွားမလို့” လို့ ခပ်ပြတ်ပြတ်ဖြေတော့ ဒင်းက ကားအတွင်းပိုင်းထဲ ဟိုဒီလှမ်းကြည့်ပြီး “သွားတော့” လို့ ပြောတယ်။ ကားခေါင်မိုးပေါ်လည်း လက်နဲ့ ခပ်ကြမ်းကြမ်းနှစ်ချက် ပုတ်လိုက်သေးတာ။

စိတ်တွေနာလိုက်တာ ဆိုတာ။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ကား ကိုယ်မောင်းတာ ဘယ်သွားမလဲ၊​ ဘာလုပ်မလဲ စစ်ခံနေရတဲ့ဘဝ။ ၈၀၊ ၉၀ ခုနှစ်တွေက ကျနော်တို့ မုန်းခဲ့တဲ့ အရာတွေအားလုံးဟာ တန်းစီပြီး ပြန်ရောက်လာကြမှာ။​ တခေတ်တခါက ဘာမှန်းမသိဘဲ လန့်ခဲ့ရတဲ့ “စောက်မြင်ကတ်ပုဒ်မ” ဆိုတာတွေ၊ “သွားမလုပ်နဲ့ အဲ့ဒါ လူကြီးသား” ဆိုတာရော၊​ “နိုင်ငံရေးတွေ မပြောကြေး” စသည်ဖြင့် တယောက်ယောက်ရဲ့ လက်ခုပ်ထဲက ကျင်ငယ်ရည်ဘဝ အခု ပြန်ရတော့မှာ။​ ဒင်းတို့ သွန်လိုသွန် သောက်လိုသောက်ပေ့ါလေ။

-The Odyssey စာအုပ်မှ-

2 weeks ago | [YT] | 0

GLORY

The Odyssey Highlights အပိုင်း ၂

ဗြိဟာ ကျနော့ထက် ငယ်ပေမဲ့ ကျနော့အသက် နှစ်ပြန်စာလောက် စာဖတ်ထားတဲ့သူ။ သူ့စာတွေ ဖတ်ရင် သူဘယ်လောက် စာဖတ်နာမှန်း သိသာတယ်။ ကိုယ့်ကိုယ်ကိုယ် စာဖတ်လှပြီ ထင်တဲ့ ကျနော်ဟာ ကိုယ့်ထက် စာဖတ်ထားတဲ့ ဗြိနဲ့ စကားပြောချင်လာတာပါပဲ။ ဒီလိုနဲ့ ဆန်းမွန်အောင်အိမ်မှာ ချိန်းလိုက်၊ ကျနော့အိမ်မှာ ချိန်းလိုက် သောက်လိုက်နဲ့ သူနဲ့ ကျနော် အရင်းနှီးဆုံးသူငယ်ချင်းတွေ ချက်ချင်းကြီး ဖြစ်သွားခဲ့တယ် ထင်တာပါပဲ။

သူနဲ့ ကျနော်နဲ့ စာဖတ်တဲ့လိုင်းချင်း မတူတာ ပိုအဆင်ပြေတယ်။ သူ့ဆီမှာ ကျနော် ဖတ်ဖြစ်ဖို့ ခဲယဥ်းခဲ့တဲ့ သမိုင်းကြောင်းကိစ္စဝိစ္စ အကုန်ရှိနေတယ်။ ဘိုးတော်ဘုရား အိမ်သာသုံးတစ်ရှူးပေပါက အစ သူသိတယ်။

နောက်တခု ကျနော် သဘောကျတဲ့တချက်က ဒီဘဲဟာ စာတွေအများကြီးဖတ်ထားပြီး မ “ကြွယ်” ပြတာပဲ။ စာလေး မတောက်တခေါက်ဖတ်ပြီး သွေးနားထင်ရောက်နေတဲ့လူတွေ အများကြီး မြင်ခဲ့ဖူးတယ်။ သူက အဲ့လိုမဟုတ်။ (သူနဲ့ ပတ်သတ်တာတွေက ဒီဇာတ်လမ်းမှာ လာဦးမှာမို့ ဒီမှာ ဒီလောက်ပဲ ခဏမှေးထားမယ်)

ဒီလိုနဲ့ ကျနော်နဲ့ ဗြိဟာ Talk Show တခု အတူတူရိုက်ကူးဖြစ်ဖို့အထိ အချိန်တိုအတွင်း ခြေလှမ်း ကျဲခဲ့ကြတာပေါ့။ အလုပ်တွေပိလာတဲ့ ကျနော်ဟာ မတတ်သာတဲ့အဆုံး Music နဲ့ မဆိုင်တဲ့ ကိစ္စတွေ Manage လုပ်ဖို့ Manager နောက်တယောက် ထပ်ခေါ်ရမယ့်အထိ ဖြစ်လာခဲ့တယ်။ ကျနော့ Manager ဖိုးဉာဏ်ဟာ BIG BAG ကိစ္စ၊ ကျနော့ Solo Album ကိစ္စ၊ BipolarBear ကိစ္စတွေနဲ့ ဘယ်လိုမှ လှုပ်မရတော့ Talk Show ကိစ္စအတွက် ကျနော်ဟာ 360 BEATS က ကဗျာဆရာညံလင်းကို အကူအညီတောင်းရပါတော့တယ်။

2020 December ကစလို့ 2021 January လကုန်ပိုင်းအထိ ကျနော်ဟာ Studio ဆောက်တဲ့ကိစ္စရယ်၊ မန်နေဂျာအသစ် ညံလင်းနဲ့ အလုပ်ကိစ္စ ရှုတင်နေရာကိစ္စ Meeting များစွာနဲ့ လိပ်ပတ်မလည်နိုင်အောင်ပါပဲ။ ကိုယ့်ဆီ ရောက်လာတော့မယ့် အနာဂတ်ဟာ Studio အသစ်၊ လုပ်ငန်းလည်ပတ်မှု အသစ်၊ အသစ်ပေါင်းများစွာနဲ့ ပြည့်နေတယ်။ 2021 January နောက်ဆုံးအပတ်မှာ Studio ဆောက်တဲ့ ကန်ထရိုက်က ကျနော့ကို သော့အပ်တယ်။

ကျနော်တို့ BIG BAG Studio အသစ်လေးဟာ ထိရက်စရာမရှိအောင် တောက်ပြောင်လို့။ ကျနော်တို့ အသံဖမ်းဖို့ ထပ်ဖြည့်ထားတဲ့ စက်ကြီးတွေလည်း ထိုးထိုးထောင်ထောင်နဲ့၊ မြင်လိုက်ရင် ချက်ချင်း တခွေ ထသွင်းချင်လောက်အောင် ဆွဲဆောင်မှုရှိတယ်။

အခန်းထဲမှာ ကျနော့စိတ်ကြိုက် ပန်းချီကားတွေ ချိတ်မယ် စိတ်ကူးတယ်။ Remote နဲ့ ပိတ်လို့ ဖွင့်လို့ရတဲ့ မီးခလုတ်လေးတွေက အစ ကျနော်ဟာ Fall in Love နေတော့တာပါပဲ။ 

ဘဝမှာ ဒါမျိုး Decent Studio တခု ရချင်ခဲ့တာ ဟိုးငယ်ငယ်တည်းကလေ။ ဒီ Studio အသစ်ထဲမှာ စိတ်သစ်လူသစ်နဲ့ သီချင်းအသစ်တွေ သွင်းမယ်။ မိတ်ဆွေသစ် ဗြိ၊ မန်နေဂျာ အသစ် ညံလင်းတို့နဲ့ အလုပ်အသစ်တွေ ထပ်လုပ်ကြမယ်။ ဘဝက ဒီထက် ဘယ်လိုပျော်ဖို့ ကောင်းရဦးမှာလဲ မဟုတ်ဘူးလား။

ဒါပေမဲ့ တင့်ကားကြီးတွေ မြို့ထဲရောက်လာတယ်။

-The Odyssey စာအုပ်မှ-

#kyarpauk #TheOdyssey #92pointOmama

Photo: the last painting I made in Chiangmai 2023

2 weeks ago | [YT] | 0

GLORY

The Odyssey Highlights အပိုင်း ၁

နောက်ရက်တွေမှာ ကျနော် စခန်းနားက တောကြိုတောကြားကို ကရင်လေးတွေနဲ့ လိုက်သွားတယ်။​ သူတို့ ရှဥ့်ထောင်တဲ့ ဝါးလုံးဗူးလေးတွေ လိုက်သိမ်းပေးတယ်။​ တောကောင်ပစ်ရင် လိုက်စပ်စုတယ်။​ ဒီမှာ အသားဟင်းစားချင်ရင် စစ်သားလေးတွေဟာ ဒီလိုပဲ ကိုယ့်နည်းကိုယ့်ဟန် ဖန်တီးကြရတယ်။ စခန်းရဲ့တောင်ဘက် စမ်းချောင်းလေးမှာ ရေချိုး အဝတ်လျှော် လုပ်ရတယ်။ ကျနော့အတွက်တော့ အားလုံး အထူးအဆန်းချည်းပါပဲ။ ဒီချောင်းက ရွှေကျင်လို့ရတယ်တဲ့။
ဟိုး ချောင်းအပေါ်ပိုင်းမှာ ရွှေကျင်တဲ့စခန်း ရှိတယ်လည်း ပြောတယ်။​ စခန်းကလူတွေအတွက် သောက်ရေကလည်း ဒီချောင်းကပဲ ယူသတဲ့။ ဒီတော့မှ သတိထားမိတာ ချောင်းရေဟာ ကြည်မလိုလိုနဲ့ ခွက်ထဲရောက်ရင် အနည်တွေ ပစ်နှစ်နေအောင် ထနေတာပါပဲ။ ရေနွေး ဘယ်လောက် ကျိုကျို အနည်တွေဟာ ပျောက်မသွားဘူး။​ ရေဘူးထဲမှာ ထည့်ထားရင် ရေဘူးကို ဖောက်ပြီး မြင်မနေရဘူး။ အဲ့လောက်ထိ အနည်ထတယ်။ သောက်စရာမရှိတော့ ဒီရေကိုပဲ ကျနော်လည်း သောက်ရတာပေါ့။ နဂိုကမှ ကျောက်ကပ်ရောဂါအခံရှိတဲ့ ကျနော်ဟာ ဒီထုံးဓာတ်လွန်ကဲနေတဲ့ (ဒါမှမကဘဲ တခြားမလိုလားအပ်တဲ့ Minerals တွေ ပါနေနိုင်တဲ့) ရေကို သောက်နေတာ Ideal Situation မဟုတ်မှန်း သိတော့သိတယ်။ ဒါပေမဲ့ သောက်ရတာပဲလေ။

နောက်တခုက တောကြီးမျက်မည်းထဲ တဲထိုးအိပ်နေရပါတယ်ဆိုမှ ညသန်းခေါင်ကျော်ပြီဆို တဲထရံကို လက်သည်းနဲ့ခြစ်တဲ့အသံ တောက်လျှောက်ကြားရတာကိုပါ။ အဲဒီ့ကိစ္စကို ဘယ်သူ့ကိုမှ မမေးဖြစ်ဘူး။​ ဒါပေမဲ့ တရက်မှာ အဘက မေးလာပါရော။ “ညဘက် ထူးထူးခြားခြား ဘာသတိထားမိလဲ” တဲ့။ ဒါနဲ့ပဲ ထရံကို လာလာခြစ်နေကြောင်း ပြောတော့

“ဒီတောင်က နာမည်ကြီးတယ်။ ငါတို့ ဒီနားမှာ ရေတွင်းတူးတော့ ရှေးခေတ်က အိုးခြမ်းပဲ့တွေ ပေါ်လာတာ အများကြီးပဲ။ တဲထိုးဖို့လာတဲ့ ကရင်လေးတွေထဲက တကောင် နောက်နေ့ချက်ချင်း ရွာပြန်ပြေးသွားတယ်။ အဲ့နေ့ညက သူ့ကို အကောင်တကောင် တက်ခွတယ်ပြောပြီး နောက်နေ့ ပြေးတာ တန်းနေရော”

ကဲ ခွတော့ကျပြီ။ အဘက ဆက်ပြီး “မင့်ထရံကို ခြစ်တာလည်း အဲ့အကောင်ပဲ ဖြစ်လိမ့်မယ်” တဲ့။
သရဲမဟုတ်လောက်ပါဘူး ပြောမလားလို့။ သရဲပဲတဲ့။ သေချာတယ်တဲ့။ ရိုးသားလွန်းသူ အဘ(၂) ပေတကား။

အဲ့ဒီညက (၁၂)နာရီကျော်တဲ့အထိ ဘာအသံမှမကြား။ ကျနော် အိပ်လို့မရ။ ဘယ်အချိန် ထရံလာခြစ်မလဲ စောင့်နေတယ်။ မနက်(၂)နာရီလောက်ရှိတော့ မစောင့်နိုင်တော့ဘူး။ ပါးစပ်က အသံထွက်ပြီး ပြောမိတယ်။ “ကဲ မင်းရှိတာသေချာရင် ရှိမှန်းသေချာအောင် ငါမအိပ်ခင် ထရံကို ခြစ်စမ်းကွာ”

“ဂျစ်၊ ဂျစ်၊ ဂျစ်”

ချက်ချင်းကြီး ခြစ်ပြတော့တာဗျို့။ တော်ပြီ။ ရပြီ။ ဒီက ချစ်လို့ အစမ်းသဘော စိန်ခေါ်ကြည့်တာကို တကယ်ကြီး ကြမ်းပြတော့တာကိုး။

တညလုံး ငုတ်တုတ်ထိုင်ရပြန်ပေါ့။ မီးဖိုနားမှာ။

God bless Aba.

-The Odyssey စာအုပ်မှ-

2 weeks ago | [YT] | 0