Introduction to Than Lwin Times' Media.
Than Lwin Times Media is an online platform Media covering News for Lower Myanmar. And Our core value is protect for "Freedom of Expression" and serving the people "The Right to Know".
We'd like to introduce you to Than Lwin Times news is now available in Burmese, Mon, and English on Website, Facebook, Youtube, Instagram, Telegram and Twitter.
For the most up-to-date information, please Subscribe, like and follow the following Page, Channel and Links.
Than Lwin Times
သံလွင်တိုင်းမ်၏ တပတ်အတွင်း အစီအစဉ်များ
++++++++++++++++
သံလွင်တိုင်းမ်သတင်းဌာန၏ ပရိသတ်တွေအတွက် တပတ်အတွင်း သံလွင်တိုင်းမ်၏ လူမှုကွန်ရက် ပလက်ဖောင်းအမျိုးမျိုးတို့မှာ နေ့စဉ်သတင်းများအပြင် အခြားသော စိတ်ဝင်စားစရာ ကဏ္ဍများကိုလည်း တင်ဆက်ပေးလျက်ရှိပါတယ်။
သံလွင်တိုင်းမ်ပရိတ်သတ်များအနေဖြင့် တပတ်အတွင်း နေ့ရက်အလိုက် ကြည့်ရှုနိုင်မည့် အစီအစဉ်စာရင်းကို ဖော်ပြလိုက်ပါတယ်။
သံလွင်တိုင်းမ်သတင်းဌာနမှ ပြည်တွင်းသတင်းနှင့် နိုင်ငံတကာ နေ့စဉ်သတင်းများအပါအဝင် အပတ်စဉ်နိုင်ငံတကာသတင်းစုစည်းမှု၊ Podcast၊ သတင်းတု/သတင်းမှားတိုက်ဖျက်ရေး အမှန်/အမှားအစီအစဉ်၊ ဆက်သွယ်မေးမြန်းခန်း၊ နေ့စဉ်အားကစားသတင်း၊ ကျန်းမာရေး၊ ဂီတနဲ့ ကဗျာအနုပညာကဏ္ဍ၊ မိုးလေဝသ အစီအစဉ်တွေကို ထုတ်လွှင့်ပေးလျှက်ရှိကြောင်း အသိပေး အစီရင်ခံအပ်ပါတယ်။
သံလွင်တိုင်းမ်သတင်းဌာန
သံလွင်တိုင်းမ်တင်ဆက်ပေးနေတဲ့ နေ့စဉ်သတင်းအပါအဝင် သံလွင်ကျန်းမာ၊ ဂီတနဲ့ ကဗျာအစီစဉ်များ၊ အပတ်စဉ်နိုင်ငံတကာသတင်းစုစည်းမှုနဲ့ နေ့စဉ်အားကစားသတင်းတွေကို
အင်တာနက်ဝက်ဘ်ဆိုက် - burmese.thanlwintimes.com,
ဖေ့ဘွတ်စ် - www.facebook.com/thanlwintimes9
ယူကျူ့ချန်နယ် - youtube.com/@ThanLwinTimes9
တယ်လီဂရမ် - t.me/thanlwintimes
တစ်တော့စ် - www.tiktok.com/@thanlwintimes
တွေမှာ ကြည့်ရှုအားပေးလို့ရပါတယ်။
5 months ago | [YT] | 36
View 1 reply
Than Lwin Times
ONE Championship ပွဲဦးထွက်မှာ အကောင်းဆုံးကြိုးစားသွားမယ်လို့ ကယန်းတိုင်းရင်းသူ ဗေရိုနီကာ ပြောကြား
ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးလက်ဝှေ့သမား ဗေရိုနီကာဟာ ယနေ့(ဖေဖော်ဝါရီ ၁၄)ရက်မှာ ONE Championship ပွဲဦးထွက် ထိုးသတ်မှာဖြစ်ပြီး အကောင်းဆုံးကြိုးစားသွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ
ပြောကြားခဲ့ပါတယ်။
ဗေရိုနီကာ(၂၈ နှစ်)အနေနဲ့ ONE Lumpinee-97 Atomweight မွေထိုင်းပွဲစဉ်အဖြစ် ချီလီနိုင်ငံသူ ဖရန်စစ္စကာဗယ်ရာနဲ့ ထိုးသတ်မှာဖြစ်တယ်။
Lumpinee Stadium မှာ ထိုးသတ်တာဖြစ်လို့ ONE Lumpinee လို့ ခေါ်ဆိုတဲ့အပြင် ONE Friday Fights လို့လည်း ခေါ်ဆိုလေ့ရှိပါတယ်။
ONE Lumpinee-97 ကို ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ စတင်ထိုးသတ်မှာဖြစ်ပြီး ဗေရိုနီကာရဲ့ပွဲက ပွဲစဉ်-၆ အဖြစ် ပါဝင်တာဖြစ်ပါတယ်။
ဗေရိုနီကာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်ကမှ ONE Championshipနဲ့ စတင်လက်တွဲခဲ့ပြီး ၁၇ ရက်အကြာမှာ ပထမဆုံးပွဲ ထိုးသတ်ခွင့်ရတာပါ။
''ONEထဲကို ဝင်ရောက်ဖို့ဆိုတာ ကာလရှည်ရှိခဲ့တဲ့ အိပ်မက်တစ်ခုပါပဲ။ လွန်ခဲ့တဲ့နှစ်တွေကတော့ ONE ထဲရောက်ဖို့ ဘာလုပ်ရမလဲဆိုတာ သိရုံမျှပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာပြီးနောက် ONE မှာယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေအကြောင်း ပိုသိလာတယ်။ ဒါက ကျွန်မကို လမ်းပြပေးခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်မစောင့်ခဲ့ရတဲ့နေ့က ဒီသောကြာနေ့မှာ ရောက်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက လူတွေ ဒီပြိုင်ပွဲကို စောင့်ကြည့်ကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်မရဲ့စွမ်းရည်ကို ပြသဖို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီပြိုင်ပွဲနဲ့ ထိုက်တန်ဆိုတာ အားလုံးကိုပြသဖို့ ကျွန်မ အကောင်းဆုံးလုပ်ဆောင်မှာပါ''လို့ ဗေရိုနီကာက ပြောခဲ့ပါတယ်။
ဗေရိုနီကာဟာ အစောပိုင်းက မြန်မာ့လက်ဝှေ့လောကမှာ ကျင်လည်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့ကာ ၂၀၂၂ ခုနှစ်မှာ မွေထိုင်း ပွဲဦးထွက်ခဲ့ပါတယ်။
ကမ္ဘာ့မွေထိုင်းအဖွဲ့အစည်းရဲ့ ၅၃ ကီလိုတန်း ကမ္ဘာ့အဆင့်တစ်နေရာကို ရောက်ရှိခဲ့ပြီး Thai Fight Kard Chuek ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။
နာမည်ကျော်MMAအားကစားသမား အောင်လအန်ဆန်က ''လွန်ခဲ့တဲ့နှစ်နှစ်လောက်က သူ ONE Championship မှာ ထိုးသတ်တော့မယ်ဆိုတာကို သိခဲ့ပါတယ်။ ကံကောင်းပါစေ၊ ကျွန်တော့်ရဲ့ညီမ ဗေရိုနီကာ''လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
ဗေရိုနီကာရဲ့ပြိုင်ဘက် ဗယ်ရာဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက ONE Championship ပွဲဦးထွက်ခဲ့ပြီး ငါးပွဲထိုးသတ်ရာမှာ သုံးပွဲနိုင်၊ နှစ်ပွဲရှုံးခဲ့ပါတယ်။
Photo Credit: Vero Nika, Aung La Nsang
6 months ago | [YT] | 54
View 1 reply
Than Lwin Times
အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ကိုးဦး သေဆုံး
ကြာအင်းဆိပ်ကြီး၊ ဩဂုတ် ၃၀
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် ခုနှစ်ဝါကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီးနောက် အလောင်းပင် ပြန်မကောက်ဘဲ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ကောက်ယူသွားခြင်းမရှိတဲ့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၅၈၇ နဲ့ ၅၈၃ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနဲ့ လွတ်ရှမ်းကျေးရွာအတွင်းမှာ ဩဂုတ်လ ဒုတိယအပတ်လောက်ကနေစပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း အနန်းကွင်းစစ်ဗျူဟာစခန်းနဲ့ လွတ်ရှမ်းဂိတ်စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတို့ကို အပြင်းအထန်အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းကျေးရွာ ရွာလုံးကျွတ်နီးပါး ပျက်စီးထားသလို လွတ်ရှမ်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။
အနန်းကွင်းဒေသတိုက်ပွဲကြောင့် အနန်းကွင်း၊ လွတ်ရှမ်းစတဲ့ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး တိုက်ပွဲကြောင့် နယ်မြေဒေသအတွင်းရှိ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - PDF
11 months ago | [YT] | 287
View 3 replies
Than Lwin Times
"သစ္စာ"
(Short Film)
Produced by PVTV
PDF နယ်မြေထဲတွင် လမ်းပျောက် ပိတ်မိနေခဲ့သော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးစည်သူသည် မမျှော်လင့်သည့် အဖြစ်အပျက်တခုကြောင့် လွတ်မြောက်ရန်လမ်းစတခုအား ရှာတွေ့ခဲ့သည်။ သို့သော် ထိုလမ်းစသည် သူ၏ သစ္စာစောင့်သိခြင်း သိမြင်မှုအပေါ် မည်သို့ အကြီးအကျယ် ရိုက်ခတ်လာမည်ဆိုသည်ကိုမူ သူ ကြိုမသိခဲ့ချေ...။
fb.watch/pmo8xpTC6-/
1 year ago | [YT] | 136
View 5 replies
Than Lwin Times
စစ်ကောင်စီ အရေးမလှရှုံးနိမ့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့် သမင်လည်ပြန်
လောက်ကိုင်၊ ဒီဇင်ဘာ ၂၈
အာဏာသိမ်းမှု သုံးနှစ်နီးပါးအကြာမှာ စစ်ကောင်စီကို မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေနဲ့ အရေးမလှအောင် ထိုးနှက်ခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးအရွေ့တစ်ခုအထိ ရောက်ရှိ လာခဲ့ပါတယ်။
မိမိတို့ ဒေသကို ထိန်းချုပ်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက် ဖျက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာနှောင်းပိုင်းမှာ စတင်ခဲ့တာ အခုဆိုရင် ၂ လတာ ပြည့်ခဲ့ပါပြီ။
စစ်ဆင်ရေး ၂ လတာအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်နဲ့ ရခိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၄၄၀ အထက် သိမ်းပိုက်ရရှိထားသလို ရှမ်းမြောက်က မြို့ ၁၀ မြို့ကိုလည်းMNDAA နဲ့ TNLA တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
MNDAA အနေနဲ့ သိမ်းပိုက်ဖို့ လောက်ကိုင်မြို့သာ ကျန်ရှိပြီး TNLA အနေနဲ့ကလည်း နမ္မတူ၊ ကွတ်ခိုင်စတဲ့ မြို့တချို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတချို့ ထိန်းချုပ်နိုင်ဖို့ ကျန်ရှိနေသေးပေမယ့် AA ကတော့ ရခိုင်က မြို့တွေကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။
CDM လေတပ် တပ်ကြပ်ကြီး ဇေယျက ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စစ်ဆင်ရေး စတင်တဲ့ကာလလိုမျိုး အလျင်အမြန် စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းနိုင်တဲ့ ပုံစံမျိုး မရှိတော့ပေမယ့် တိုက်ပွဲတွေတော့ ဆက်တိုက်နေ ဦးမယ်လို့ သုံးသပ်ပါတယ်။
“တိုက်ပွဲတော့ ဆက်တော့ တိုက်နေဦးမှာပဲ။ ဒါပေမယ့် ပထမဦးဆုံး အစလောက်တော့ လျင်လျင်မြန်မြန်ကြီး စခန်းတွေတစ်ခုပြီးတစ်ခု အလျင်အမြန်သိမ်းနိုင်တဲ့ ပုံစံမျိုးမရှိတော့ဘူး။ နည်းနည်းတော့ အီသွားမယ်။ နောက် တစ်ခုက စစ်တပ်ဘက်ကလည်း မြောက်ပိုင်းအဖွဲ့တိုက်ခိုက်တဲ့ပုံစံကို သူတို့နည်းနည်း နားလည်သွားတဲ့ချိန်မှာ ဘယ်လိုပုံစံမျိုး တန်ပြန်ကာကွယ်ရမယ်ဆိုတဲ့ စီမံချက်တွေ လုပ်တော့လုပ်ဆောင်နေတယ်။ ဒါပေမယ့် အင်အား တော့ သူတို့ ဖြည့်ဖို့မတတ်နိုင်ဘူး။ အခုက တိုက်ပွဲက နေရာတိုင်းမှာ ဖြစ်တယ်ဆိုတော့”လို့ သူက ဆိုပါတယ်။
လက်ရှိ ခံစစ်အနေအထားကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ လုံးဝမရှိနိုင်တဲ့ အခြေအနေမှာ အခြားတော်လှန်ရေးအဖွဲ့တွေ နယ်မြေကျယ်ပြန့်စွာ တိုက်ခိုက်လာနိုင်ရင် ပိုတိုးတက်လာနိုင် တယ်လို့ သူက ထောက်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်း နှစ်ရင်းရှိတပ်ဖွဲ့တွေ၊ ပြည်သူ့ စစ်အဖွဲ့တွေနဲ့ သူတို့မိသားစုတွေအပါအဝင် စုစုပေါင်း ၄၀၆ ဦးအထိ ကိုးကန့်အဖွဲ့ MNDAA ထံ လက်နက်ချအ လင်းဝင်ခဲ့တာပါ။
တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးပြင်းထန်တဲ့ ဒေသတွေအပါအဝင် တိုက်ပွဲမဖြစ်တဲ့ ဒေသ တွေကိုပါ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုကာ အကြိမ်ရေ ရာနဲ့ချီပြီး ဒေသ ခံအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ မြို့ သိမ်း စခန်းသိမ်းတိုက်ပွဲတွေအတွင်း ဟောင်ဝစ်ဇာအမြောက်တွေ အတွဲလိုက်ဒုံးပစ်ယာဉ်တွေအပါအဝင် ထောင်ချီတဲ့ စစ်ရေးလက်နက်တွေနဲ့ သောင်းချီတဲ့ ခဲယမ်းတွေကို စစ်ကောင်စီ ဆုံးရှုံးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကိုင်း၊ ကရင်နီ၊ ချင်း၊ မွန်၊ ပဲခူးနဲ့ ကရင်မှာ လည်း ကူးစက်ပျံ့နှံ့လာခဲ့ပြီး မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က တပ်စခန်း ဆယ်ချီနဲ့ မြို့ ၈ မြို့ထက်မနည်း လက်လွှတ်ခဲ့ရတာပါ။
စစ်ရေးအရ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီယူပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒီဇင်ဘာ ဒုတိယအပတ်မှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သလို ဒီဇင်ဘာနောက် ဆုံးအပတ်မှာလည်း ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့် ဆွေးနွေးမှုကိစ္စအပေါ် စစ်ကောင်စီရော ညီနောင်မဟာမိတ်သုံးဖွဲ့ကပါ တရားဝင် အသိပေးထုတ် ပြန်တာမရှိပေမယ့် နှစ်ဘက်ပြေလည်နိုင်တဲ့ သဘောတူညီချက် မရရှိခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
နိုင်ငံရေး ၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ရှေ့ဆက်နိုင်မှာ မဟုတ်ဘဲ ရှေ့ဆက်ပြီး တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ဒုတိယအကြိမ်တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ ဘာဆုံးဖြတ်ချက်မှမချနိုင်ပဲ ဆွေးနွေးပွဲပျက်သွားတဲ့ အခြေအနေ ပါ။ အဲဒီတော့ တရုတ်အားကိုးနဲ့ ဒီလိုစစ်ရပ်စဲရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဟာ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆို ညီနောင်သုံးဖွဲ့လုံးက တိုက်ပွဲအရှိန်အဟုန်တွေ မလျှော့ဘဲနဲ့ ဆက်ပြီးတိုက်ပွဲဝင်မယ့် အခြေ အနေဖြစ်တဲ့အတွက် ဒီအလားလာဟာ ဒီစစ်ပွဲကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကတဆင့် ရပ်ဆိုင်းပစ်ဖို့ဆိုတဲ့ မင်း အောင်လှိုင်ရဲ့ စိတ်ကူးအိပ်မက်ဟာ လုံးဝမဖြစ်နိုင်ပါဘူး။ တိုက်ပွဲတွေ ရှေ့ဆက်ပြီး ဖြစ်ပါလိမ့်မယ်။ ရှေ့ဆက် ပြင်းထန်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာ ဒုတိယအကြိမ် ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေထံ တယ်လီဂရမ်ကနေ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
လတ်တလောမှာတော့ ရှမ်းမြောက်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့အတွင်း နမ္မတူ၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့သလို ရခိုင်က မြောက်ဦးခရိုင် ရဲစခန်းကို AA က ည ၉ နာရီလောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးကြောင့် အရေးမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ တစ်ဖက် မှာတော့ စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ဆေးခွင့်ကျထားတဲ့သူတွေကိုပါ စစ်မှုထမ်းကြဖို့ ပြန်လည်လက်ခံ နေရတဲ့အထိ အင်အားချိနဲ့လာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်ရဲ့ “ငါမသေ ငါ့စခန်းမကျစေရ”ဆိုတဲ့ ဆောင်ပုဒ်ဟာ သမိုင်းတွင်ကျန်ရစ်ခဲ့ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ နိုင်ငံအနှံ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဟန်ချက်ညီ ထိုးစစ်ဆင်မှုတွေကြောင့် မြန်မာစစ်တပ် ပြိုလဲလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-ကိုးကန့်သတင်းဌာန
1 year ago | [YT] | 512
View 8 replies
Than Lwin Times
မြောက်ကိုရီးယားနဲ့ရုရှားဆက်ဆံရေးကြောင့် ကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယား သွားမယ်
ဝါရှင်တန်၊နိုဝင်ဘာ ၉
မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ပိုမိုနီးကပ်လာတဲ့ စစ်ရေးဆက်ဆံမှုတွေ တိုးပွားလာတာကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တောင်ကိုရီးယားသမ္မတနဲ့ ဆွေးနွေးဖို့ ဆိုးလ်မြို့ကို သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းတွေ ရုရှားကို ထောက်ပံ့ပေးနေတယ်လို့ ရှုတ်ချပြီးနောက် ဒီခရီးစဉ်ထွက်ပေါ်လာတာပါ။
ယူကရိန်းနဲ့ စစ်ပွဲအတွင်း လက်နက်ခဲယမ်းတွေ ပြတ်တောက်သွားတယ်လို့သတင်းတွေ ထွက်ပေါ်နေတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံမှုတွေ မြင်တွေ့ရတယ်လို့ မဟာမိတ်တွေက ဆိုထားသလို မြောက်ကိုရီးယားဟာ ဗျူဟာမြောက် စစ်ရေးစွမ်းရည်တွေ ပြန်လည် ရရှိဖို့ ကြိုးပမ်းမှုတွေရှိတယ်လို့ စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်း နှစ်ကြိမ်တိုင် မအောင်မြင်ခဲ့တဲ့ ဂြိုလ်တုတစ်စင်းကို လွှတ်တင်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက အသိပေးထားပါတယ်။
ရုရှားဆီက နည်းပညာအကူအညီ ရရှိပြီးနောက် မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်ဖို့ ပြင်ဆင်မှုတွေဟာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ ထောက်လှမ်းရေးအေဂျင်စီက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောထားတာပါ။
ပြီးခဲ့တဲ့စက်တင်ဘာလက ရုရှားနဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့တွေ့ဆုံမှုမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားပေမယ့် လက်နက်သဘောတူညီချက်တွေကိုတော့ နှစ်ဘက်လုံးက ငြင်းဆိုထားပါတယ်။
မြောက်ကိုရီးယားရဲ့ ICBM တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုအထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၈ ရက်နေ့ကို ဒုံးကျည်လုပ်ငန်းနေ့အဖြစ် သတ်မှတ်ပြီးနောက် ရန်စမှုဖြစ်နိုင်ချေတွေကို သတိထားနေတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း အမေရိကန်ပြည်ထောင်စုက ဘယ်နေရာမဆို ပစ်လွှတ်နိုင်တဲ့ နျူထိပ်ဖူးတပ် ဟွာဆောင်း-၁၇ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ထားပါသေးတယ်။
အဲဒီအခြေအနေတွေကြောင့် တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ အကူအညီနဲ့ သူတို့ရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုလ်တုကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဗန်ဒန်ဘက်အခြေစိုက်စခန်းမှ SpaceX Falcon-9 ဒုံးပျံနဲ့ လွှတ်တင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်းကလည်း ဒီသီတင်းပတ်အတွင်း တောင်ကိုရီးယားကို သွားရောက်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ ခရီးစဉ်ဟာ အာရှ-ပစိဖိတ်ဒေသတွင်း စစ်ပွဲဖြစ်စေနိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က နိုင်ငံတကာရေးရာ မှတ်ချက်ပေးသူတစ်ဦးကို ကိုးကားပြီးဖော်ပြထားပါတယ်။
Ref: Reuters
1 year ago | [YT] | 146
View 2 replies
Than Lwin Times
ရှမ်းမြောက်တိုက်ပွဲကြောင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်နေရတဲ့ စစ်ကောင်စီ
လားရှိုး၊ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့တွေ၊ စခန်းတွေ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ စိတ်ဓာတ်မြှင့်တင်ရေး နည်းဗျူဟာတွေ အသုံးပြုလာရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြေညာတဲ့ ရက်မှာတင် ရှမ်းမြောက်ရှိ နမ့်ခမ်းနဲ့ လားရှိုးမြို့က တပ်စခန်းတွေ တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့ကျမှသာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာပါ။
အဲဒီနောက်ပိုင်း ရှမ်းမြောက်မှာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေပေးဖို့နဲ့ ခရီုနီတွေက ဂုဏ်ပြုငွေလှူဒါန်းနေရသလို ဆုတောင်းစာနဲ့အတူ အစားအသောက်တွေကိုလည်း ရှေ့တန်းအထိ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ သ တင်းတွေ ဖော်ပြလာပါတယ်။
စစ်ကောင်စီတပ်ကို စစ်ရေးအရ အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေဟာ အသေမခံဖို့ ရုန်းကန်နေတဲ့ အခြေအနေမှာ မိနစ်ပိုင်းနာရီပိုင်းအတွင်း မဆုတ်တမ်း ခံစစ်စခန်းတွေ အသိမ်းခံနေရသလို လက်နက်ချတာနဲ့ စခန်းစွန့်ခွာထွက်ပြေးတာတွေ ဖြစ်ပေါ်နေတာပါ။
စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို စစ်ကောင်စီဘက်က အရေးနိမ့်လာနေချိန်မှာ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့ လုပ်ဆောင်နေတာဖြစ်ပေမယ့် စစ်ပွဲရဲ့အခြေ အနေကို ဘာမှမပြောင်းလဲနိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ဒါကြောင့် ဒီနေရာမှာ စိတ်ဓာတ်ရေးရာမြှင့်တင်ပေးဖို့ မလွဲမသွေ လိုအပ်တဲ့အတွက် စစ်ကောင်စီက အနုပညာရှင်တွေ စေလွှတ်တာ၊ ဆုတွေချတာစတာတွေ ရက်ရက်ရောရောနဲ့ လုပ်ကိုင်ပါလိမ့်မယ်။ ဒါပေမယ့်အဲဒါဟာ အခုဖြစ်နေတဲ့ မြန်မာပြည်တွင်းစစ် ကင်ဆာရောဂါကြီးကို ပရုတ်ဆီလိမ်းပေးတဲ့ သဘောလောက်ပဲရှိမှာပါ။ အဲဒီထက်ပိုပြီး ထိရောက်တဲ့ ကုသနိုင်တဲ့ မြှင့်တင်နိုင်တဲ့ လမ်း ကြောင်းနဲ့ စွမ်းအားလုံးဝမရှိနိုင်ပါဘူး။ ဒါကြောင့် အဲဒါတွေဟာ လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး ဘာမှအကျိုးသက်ရောက်မှု မထူးခြားတဲ့ကိစ္စတွေဖြစ်တဲ့အတွက် စစ်ပွဲရဲ့အခြေအနေကို ဘာမှမပြောင်းလဲနိုင်ပါဘူး”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်အနေနဲ့ စစ်ရေးအကျပ်အတည်းကြုံလာတဲ့အခါ စိတ်ဓာတ်ရေးရာအရ အားပေးဖို့ ဘက်ပေါင်းစုံကနေ လုပ်လေ့ရှိပြီး ၁၉၇၀ ခုနှစ်ဝန်းကျင်မှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ရင်ဆိုင်ခဲ့ချိန်တုန်းက အနုပညာရှင်တွေကိုစေလွှတ်ကာ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဖျော်ဖြေရေးတွေ လုပ်ခဲ့တယ်လို့ ပြောပြပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ကတော့ ရှပ်ရှင်လောက သားတွေအနေနဲ့ ရှမ်းမြောက်ကတိုက်ခိုက်မှုကို လက်မခံကြောင်း စစ်သည်တွေထံ စာလွှာတွေရေး သားပေးပို့ပြီး ကူညီထောက်ပံ့မှုတွေပေးဖို့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားတာပါ။
ဒါပေမယ့် စစ်ရေးတိုက်ပွဲတွေ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရတဲ့ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ် ဖွဲ့တွေဆီ အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ကိုတော့ နေရာနဲ့ ရက်အတိအကျ မဖော်ပြထားပါဘူး။
စစ်ရေးအကဲခတ်တွေကတော့ ရှမ်းမြောက်ရှိတချို့သော ကားလမ်းတွေဟာ စစ်ရေးအရ ညီနောင် ၃ ဖွဲ့က ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ လားရှိုးလေယာဉ်ကွင်းကို အသုံးချပြီး အဲဒီမြို့အတွင်းဖျော်ဖြေမှုတွေ လုပ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။
တစ်ဖက်မှာတော့ ရှမ်းမြောက်ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးနဲ့ ကာ ကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ၆ ရက်တာအတွင်း အလှူရှင် ၇၃၀ ကျော်က ကျပ်သိန်း ၈၂,၇၀၀ ကျော် ဂုဏ်ပြုငွေချီးမြှင့်ခဲ့တာပါ။
အဲဒီထဲမှာ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ မကွေး၊ ပဲခူး၊ ရှမ်းအ ရှေ့နဲ့ ရှမ်းတောင်တို့မှာရှိတဲ့ စစ်ကောင်စီနဲ့ စီးပွားရေးအရ ပလဲနံသင့်တဲ့ခရိုနီတွေက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးတွေထံ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ငွေလှူဒါန်းသူတွေရဲ့ တစ်ဦးချင်းအမည်စာရင်းနဲ့ စီးပွားရေးလုပ်ငန်းအမည်တွေကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။
CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်ကောင်စီကို ခရိုနီတွေ ပိုက်ဆံလှူပေးနေတာဟာ ရှေ့ တန်းမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ စစ်သည်တွေကို စိတ်ဓာတ်မြှင့်တင်ရေးတစ်မျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကောင်စီကို ပိုက်ဆံတွေ လှူနေတဲ့ ဒီလိုမျိုးဟာတွေကလည်း အခုမှမဟုတ်ပါဘူး။ အာဏာစသိမ်းခါစကတည်းက စစ်ကောင်စီကိုထောက်ခံတဲ့ ခရိုနီတွေက ပေါ်ပေါ်တင်တင် ဒီလိုမျိုး လှူနေတာလည်း ရှိပြီးသားပဲပေါ့။ တချို့တွေကျတော့လည်း ပေါ်တင်မဟုတ်ဘဲ စစ်ကောင်စီရဲ့ အတင်းအကျပ် တောင်းဆိုမှုကြောင့်ဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုကြောင့်ဖြစ်ဖြစ် လှူသွားတဲ့သူကလည်း ရှိမှာပဲပေါ့။ အဲဒီတော့ ဒီဟာတွေက တကယ်မြေပြင်မှာတော့ လုပ်နေတယ်။ ဒါကလည်း သူတို့ဆီက စစ်တပ်ကလူတွေကို ရှေ့တန်းမှာ စိတ်ဓာတ်ကျဆင်းနေတဲ့ စစ်သည်တွေကို စိတ်ဓာတ်မြှင့်တင်ရေးတစ်မျိုးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ ရှမ်းမြောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့တွေကို အလှူရှင်တွေ လှူဒါန်းတဲ့ ဒံပေါက်ဘူးနဲ့အတူ ဆုတောင်းစာကိုလည်း ရန်ကုန်ကတဆင့် လားရှိုးမြို့ကို စစ်တပ်လေယာဉ်နဲ့ ပို့ဆောင်ပေးပြီး တပ်ဖွဲ့ ဝင်တွေ လက်ထဲအရောက် လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ကြီးကောင်းသူဝင်းကတော့ ရှေ့တန်းရှိတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့သဘောနဲ့ စစ်တပ်လေယာဉ်နဲ့ အစားအသောက်ပို့ဆောင်ပေးခဲ့တာ တစ်ကြိမ်ကြုံဖူးတယ်လို့ ၂၀၁၉ ခုနှစ်အ တွင်း ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်အထိ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ အခုလိုမျိုး ရှေ့တန်းအထိ အစားအသောက်ပို့တာနဲ့ ဖျော်ဖြေရေးတွေလုပ်ဖို့အထိ သတင်းစာတွေမှာဖော်ပြတာ မတွေ့ခဲ့ရပါဘူး။
စစ်ကောင်စီအနေနဲ့ ရှေ့တန်းအထိ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ရေးလုပ်ဆောင်နေရတဲ့အ ပေါ် ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျာဝင်းကတော့ “သူတို့ စစ်ကောင်စီကိုယ်တိုင်က ဖရိုဖရဲဖြစ်နေလို့ပေါ့”လို့ သံလွင်တိုင်းမ်ကို မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်တာအတွင်း ရှမ်းမြောက်မှာရှိတဲ့ မြို့ ၆ မြို့နဲ့ တပ်စခန်းပေါင်း ၁၄၀ ထက်မနည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
အလားတူ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းရှိ မြို့ ၂ မြို့ကိုလည်း ကချင် လွတ်လပ်ရေးအဖွဲ့ KIA အပါအဝင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ မဟာမိတ်အဖွဲ့တို့ သိမ်းပိုက်ရရှိထားပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI
1 year ago | [YT] | 205
View 30 replies
Than Lwin Times
ထိုင်းနိုင်ငံရဲ့ အခြေခံလုပ်ခလစာနှုန်းထားအသစ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်မယ်
ဘန်ကောက်၊ နိုဝင်ဘာ ၉
ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းထားကို လာမယ့် ဒီဇင်ဘာလအတွင်း ကြေညာသွားဖို့ရှိနေပြီး အဲဒီနှုန်း ထားအသစ်ဟာ တစ်ရက်လျှင် ဘတ် ၄၀၀ ထက်လျော့တဲ့ ပမာဏသာ ဖြစ်နိုင်မယ်လို့ ထိုင်းလုပ်သားဝန်ကြီးက ပြောပါတယ်။
စီးပွားရေးအခြေအနေနဲ့ နေထိုင်စရိတ်တွေအပေါ်မူတည်ပြီး ခရိုင်ဒေသန္တရတစ်ခုနဲ့တစ်ခုရဲ့ လုပ်ခလစာ သတ်မှတ်ချက်အသစ်တွေဟာ ပြောင်းလဲနိုင်တယ်လို့ သူကပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံရဲ့ ခရိုင်ဒေသန္တရ ၇၇ ခုမှာ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် ၉ မျိုးအထိရှိနေတယ်လို့ သိရပါတယ်။
တစ်ရက် အမြင့်ဆုံးလုပ်ခလစာနှုန်းထားအရ ဖူးခက်၊ ရယောင်နဲ့ ချွန်ဘူရီတို့မှာ ၃၅၄ ဘတ်၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ နခွန်ပထုံ၊ ဆမ်မွတ်ပါရာကန်နဲ့ ဆမ်မွတ်ဆာခေါင်တို့မှာ တစ်ရက် ၃၅၃ ဘတ်ဖြစ်ပြီး ကျန်ရှိတဲ့ ထိုင်းနိုင်ငံရဲ့ ခရိုင်ဒေသန္တရတွေမှာတော့ တစ်ရက်ကို ၃၃၈ ဘတ်မှ ၃၄၅ ဘတ်အထိ ရှိခဲ့တာပါ။
ဒီလိုအနိမ့်ဆုံးလုပ်ခလစာ အခကြေးငွေသတ်မှတ်ခြင်းနဲ့ စပ်လျဉ်းပြီး အလုပ်သမားတွေရဲ့ ထင်မြင်ယူဆချက်ကို စစ်တမ်းကောက်ယူခဲ့ရမှာတော့ အလုပ်သမားအများစုဟာ အနိမ့်ဆုံးအခကြေးငွေကို တိုးမြှင့်ဖို့မလိုလား ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း လမ်းခရီးစားရိတ်တွေနဲ့ ငှားရမ်းနေထိုင်ခတွေမြင့်မားနေတာကြောင့် အလုပ်လက်မဲ့ဖြစ်မှာကိုသာစိုးရိမ်ပြီး အခြား ပြည်နယ်တွေကိုလည်း ပြောင်းရွှေ့လိုခြင်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်။
အခုဒီဇင်ဘာလအတွင်း ထုတ်ပြန်မယ့် လခနှုန်းထားအသစ်ကို တော်ဝင်ဂေဇက်မှာလည်း ဖော်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအလုပ်သမား ပြန်လည်သင့်မြတ်ရေး ကော်မတီရဲ့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ချာလီလွိုင် ဆွန်က တစ်နိုင်ငံလုံးအတွက် တစ်ပြေးညီလုပ်အားခအဖြစ် တစ်ရက်လျှင် ၄၉၂ ဘတ် သတ်မှတ်ပေးဖို့ အဆိုပြုခဲ့ပါတယ်။
Pheu Thai ပါတီကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလတွေမှာ သူတို့အစိုးရဖြစ်ရင် ၄ နှစ်အတွင်း တစ်ရက်လုပ်ခအနည်းဆုံး ဘတ် ၆၀၀ အထိ သတ်မှတ်မယ်လို့ ပြောခဲ့ဖူးပါတယ်။
Ref :Thai PBS
1 year ago | [YT] | 123
View 0 replies
Than Lwin Times
ကော်သူးလေဖက်ဒရယ်ယူနစ် ထူထောင်ဖို့ စစ်ရေးအရှိန်မြှင့်မယ်လို့ KNU ပြော
ကော်သူးလေ၊ နိုဝင်ဘာ ၉
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ကော်သူးလေဖက်ဒရယ်ယူနစ်ကို ထူထောင်တည်ဆောက်သွားဖို့အတွက် စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်အမျိူးသားအစည်းအရုံး KNU ဟာ ၁၇ ကြိမ်မြောက်ကွန်ကရက်အပြီး ဗဟိုအလုပ်အမှု ဆောင်ကော်မတီ တတိယအစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကနေ ၅ ရက်အထိ အောင်မြင်စွာကျင်းပခဲ့တယ်လို့ KNU က နိုဝင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးမှာ ကော်သူးလေဖက်ဒရယ်ယူနစ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ၊ မူဝါဒတွေကို သက်ဆိုင်ရာကော်မတီနဲ့ ဌာနအသီးသီးက စတင်အကောင်အထည်ဖော်နိုင်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပဒိုစောကလယ်စေးကတော့ ကော်သူးလေဖက်ဒရယ်ယူနစ်အတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံ ရေးအပြင် စစ်ရေးပိုင်းကို အဓိကတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ နိုင်ငံရေးတောင်းဆိုမှု နိုင်ငံရေးရည်ရွယ်ချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ အခြားသောအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ တောင်းဆိုမှုတွေ လုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဌကြီး စောဘဦးကြီး ပြောခဲ့တဲ့ စကားအတိုင်းပေါ့နော်။ ကျွန်တော်တို့ကရင့်ကြမ္မာ ကရင်ဖန်တီးရမယ်ဆိုတဲ့အပေါ်မှာ ယနေ့အချိန်ကာလမှာ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးနိုင်ဖို့အတွက်ကတော့ ဘယ်သူ့ဆီကမှ ကျွန်တော်တို့တောင်းဆိုမှုတွေ လုပ်မနေတော့ပဲနဲ့ မိမိရဲ့ကံကြမ္မာ မိမိဖန်တီးပြီးတော့ မိမိဘာသာမိမိ ဖက်ဒရယ်နိုင်ငံဖက်ဒရယ်ယူနစ်ကို ကျွန်တော်တို့ထူထောင်တည်ဆောက်သွားဖို့ ကျွန်တော်တို့ဆိုလိုချင်တာဖြစ်သလို ဒီလိုလုပ်ဆောင်တဲ့နေရာမှာလည်းပဲ အဓိကအားဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးပိုင်းဖြစ်တဲ့ စစ်ရေးပိုင်းဆိုင်ရာတွေကို အဓိကကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်သွားဖို့ ပြောချင်တာဖြစ်ပါတယ်" လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
KNU အနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင်ပေါ်ထွန်းဖို့ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ကော်သူလေဖက်ဒရယ်ယူနစ်ကို ဖွဲ့စည်းသွားမယ့်အကြောင်း ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ကျင်းပပြုလုပ်သွားခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ပြောကြားထားတာပါ။
လတ်တလောမှာ KNU အုပ်ချုပ်နယ်မြေအတွင်းရှိ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ အစရှိတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ KNU တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နဲ့ ထိုင်း-မြန်မာနယ်စပ်နားက စစ်ကောင်စီတပ်စွဲထားရာနေရာနဲ့ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေ ရှိခဲ့ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၃၅၀၀ ကျော်အထိ ဖြစ်ပွားထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက KNU ရဲ့ ထုတ်ပြန်ထားတဲ့ တိုက်ပွဲစာရင်းချုပ်အရ သိရပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU
1 year ago | [YT] | 653
View 23 replies
Than Lwin Times
ဂါဇာဒေသ ပဋိပက္ခအလွန်အခြေအနေကို G-7 ထိပ်တန်းသံတမန်တွေဆွေးနွေး
တိုကျို၊ နိုဝင်ဘာ ၉
ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခတွေ လျော့ပါးပြီးနောက် စစ်ပွဲအလွန်ကာလအခြေအနေနဲ့ ပတ်သက် ပြီး G-7 နိုင်ငံခြားရေးဝန်ကြီးတွေ တိုကျိုမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ဆွေးနွေးမှုတွေမှာတော့ ပဋိပက္ခအလွန် ဂါဇာမှာ နိုင်ငံစုံတပ်ဖြန့်ချထားဖို့၊ ဟားမတ်စ် စစ်သွေးကြွတွေကို ဖယ်ရှားပြီး ယာယီပါလက်စတိုင်းဦးဆောင်တဲ့ အုပ်ချုပ်ရေးထူထောင်ဖို့နဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေက လုံခြုံရေးနဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍအပါအဝင် ကုလသမဂ္ဂနယ်မြေဆိုင်ရာ ယာယီကြီးကြပ်မှုတို့ ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေရဲ့ အစ္စရေးကို တိုက်ခိုက်မှုပြီးနောက် G-7 သံတမန်တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် ပူးတွဲကြေညာချက်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အဲဒီကြေညာချက်မှာ လူသားချင်းစာနာထောက်ထားမှုအတွက် ခေတ္တအပစ်ရပ်ဖို့၊ဝိုင်းရံထားတဲ့ နယ်မြေအတွင်းကို အကူအညီတွေ ဝင်ရောက်နိုင်ဖို့ တိုက်ပွဲတွေ ယာယီရပ်တန့်မယ်ကိစ္စတွေ ပါဝင်လာနိုင်တယ်လို့ ဂျပန်မီဒီယာတွေက သုံးသပ်ထားပါတယ်။
ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ် စစ်သွေးကြွေအဖွဲ့ကို ဖယ်ရှားမယ့်အခြေအနေနဲ့ ပတ်သက်ပြီး G-7 ရဲ့ ဆွေးနွေးချက် အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။
G-7 အဖွဲ့ဟာ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန်၊ အမေရိကန်တို့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး တိုကျိုဆွေးနွေးပွဲမှာတော့ ဥရောပသမဂ္ဂလည်းပါဝင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ G-7 အနေနဲ့ အစ္စရေး-ဂါဇာအကျပ်အတည်း၊ ယူကရိန်းစစ်ပွဲအပါအဝင် တရုတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့စီစဉ်ထားတယ်လို့ ဂျပန်နိုင်ငံက ထုတ်ပြန်ထားပါတယ်။
Ref: Reuters
1 year ago | [YT] | 111
View 1 reply
Load more